Sunday , May 28 2017
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၆)

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၆)

မာင့်ရဲ့ မျက်ဝန်းတွေမှာ ကြင်နာယုယခြင်းတွေ ရှိနေတယ်။ ကျွန်မကို နားလည်ဟန်ရှိတဲ့ အားပေးမဲ့ မျက်လုံးတွေပဲလို့ ငေးကြည့်ရင်း ရင်ထဲမှာ မြက်လာတယ်။ မောင်က အဲလို စဉ်းစားနေချိန်မှာ ကျွန်မက ဘာလုပ်နေခဲ့သလဲ ကိုယ့်ဖို့ကျတော့ သိလိုက်တာလို့ ကိုယ့်ကိုယ်ကို တွေးမိပြန်တယ်။ ကျွန်မက မောင့်အတွက် သိပ်ကောင်းတဲ့ မိန်းမတော့ မဟုတ်ဘူး မောင်ရဲ့။ ကျွန်မက အတ္တသိပ်ကြီးတယ်နော်။

မောင့်ကို ငဲ့ညှာလိုစိတ်ဖြင့် မင်္ဂလာဆောင်ရက်ရွေ့ဖို့ မပြောဖြစ်ခဲ့တာ တော်သေးတာပေါ့လို့ စိတ်ဒုံးဒုံးချယုံကြည်လိုက်မိတာကတော့ မင်္ဂလာဦးကာလတွေမှာပါပဲ။

မောင်နဲ့ကျွန်မ လက်မထပ်မီကာလတွေမှာ မျက်နှာညိုးငယ်နေတဲ့ ကျွန်မကို ဂရုတစိုက်နဲ့ မေးခဲ့သားပဲ။ ကျွန်မစိတ်ထဲ အဆင်သင့်မဖြစ်သေးဘူး ဆိုတော့ မောင်က နားလည်ဖို့ခက်ခဲလာတယ်ထင်ပါရဲ့… ကျွန်မကို စူးစမ်းသလို စိုက်ကြည့်ရင်း` ဘာကို အဆင်သင့်မဖြစ်တာလဲ မေ` လို့ မေးတော့ ရုတ်တရက် ဆွံ့အသွားခဲ့သေးတယ်။
မောင်က `မေ` လို့ တိုးတိတ်စွာ ခေါ်တယ်။

`သေချာတော့ မပြောတတ်သေးဘူး ဒါပေမဲ့ တစ်ခုခုတော့ ခံစားနေရတယ်၊ မောင့်ကို မကျေနပ်တာလည်း မဟုတ်ပါဘူး`လို့ ပြောရင်း နည်းနည်း ငိုချင်လာတယ်။
ဒါပေမဲ့ မောင်ကတော့ မင်္ဂလာပွဲအတွက် အရာရာပြင်ဆင်ပြီးနေချိန်မှာ ကျွန်မ မျက်နှာညှိုးတော့အတွက် သူ့ အတွေးထဲမှာ တစ်စုံတစ်ခုကို သတိရပြီး မျက်နှာပျက်သွားတယ်။ ပြီးတော့ မောင်က သိချင်သူတစ်ဦးရဲ့ မျက်ဝန်းတွေနဲ့ ကျွန်မ မျက်လုံးထဲကို စူးစိုက်ကြည့်နေတုန်းပဲ။

`ဒါဆို မောင်မေးမယ်…၊ ရည်းစားဦးကြောင့် လား၊ ဆုံးဖြတ်ရ ခက်နေတာလား`
မျက်လုံးလှန်ကြည့်ပြီးတော့ `မဟုတ်ပါဘူး `လို့ တုံးတိတိဖြေလိုက်တယ်။
ပြီးမှ သူ ဆက်မမေးပါစေနဲ့လို့လည်း ဆုတောင်းမိပါရဲ့။ ကျွန်မ သက်ပြင်းချတော့ အဲလို မလုပ်ပါနဲ့လို့ မောင်က ဆိုပြန်တယ်။ ကျွန်မက မောင့်ကို နားလည်အောင် ပြောရမယ်လို့ စဉ်းစားရင်း အမေတို့နဲ့ ခွဲမနေချင်တဲ့အကြောင်းနဲ့ အလုပ်ကိုလည်း မပြတ်စေချင်တဲ့ အကြောင်း သူ့ကို ပြောပြတော့မှ သူ့မျက်နှာ က စိတ်သက်သာဟန် ရှိလာတာတွေ့ရပါတယ်။

မောင်က `စိတ်ချ။ မောင်က မေ့ကိုပိုပြီး ပင်ပန်းခက်ခဲအောင် လုပ်မဲ့ သူမျိုး မဟုတ်ဘူး ဆိုတာ မသိသေးဘူးလား`…တဲ့။ သူ့ကို ဘာမှ မပြောဘဲ ငေးစိုက်ပြီး ကြည့်နေလေတော့ သူက စကားဆက်ပြောတယ်။

`မေ့ကို မြင်မြင်ချင်း စိတ်ဝင်စားပြီး ချစ်မိပေမဲ့ မေ့မှာ ဒီလို စိတ်ပူပင်စရာတွေ သောကတွေ မရှိခဲ့ဘူးလို့ ထင်မှတ်ခဲ့တယ်။ မောင်က မေ့မျက်နှာကို မြင်တိုင်း စိတ်ထဲ ကြည်နှူးရတယ်။ နောက်တော့ မေ ၀မ်းနည်းတာ လောကကြီးအပေါ် မကျေမနပ်နဲ့ တစ်ယောက်တည်း ဖြစ်ဖြစ်နေတတ်တာတွေ တွေ့လာရတော့ စိတ်ထဲ မကောင်းဖြစ်လာရတယ်။ မေ့ကို ပျော်ရွှင်စေချင်တယ်။ အေးချမ်းစေချင်တယ်…။မေ စိတ်ချမ်းသာအောင် ကျေနပ်ပျော်ရွှင်အောင် ဘာမဆို လုပ်ပေးချင်တဲ့ စိတ်တွေ ဖြစ်လာတယ်။ မောင့်ရဲ့ ရည်မှန်းချက်က မေ့ကို စိတ်ချမ်းသာအောင် လုပ်ပေးချင်တာ ဖြစ်လာတယ်။ မောင်နဲ့ စကားပြောနေတဲ့ အချိန်မှာ မေ့မျက်နှာက ရွှင်ရွှင်လန်းလန်းရှိနေသားပဲ ဆိုတာမြင်ရရင် ဘ၀ကို ကျေနပ်လာတယ်။ ဒါပေမဲ့ ခု မေ့မျက်နှာမှာ ညိုမှိုင်းနေတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်၊ ဘာဖြစ်လို့လဲ ….ဘာမကျေမနပ်ဖြစ်စရာ ရှိနေလို့လဲ…`

မောင့်ရဲ့ မျက်ဝန်းတွေမှာ ကြင်နာယုယခြင်းတွေ ရှိနေတယ်။ ကျွန်မကို နားလည်ဟန်ရှိတဲ့ အားပေးမဲ့ မျက်လုံးတွေပဲလို့ ငေးကြည့်ရင်း ရင်ထဲမှာ မြက်လာတယ်။ မောင်က အဲလို စဉ်းစားနေချိန်မှာ ကျွန်မက ဘာလုပ်နေခဲ့သလဲ ကိုယ့်ဖို့ကျတော့ သိလိုက်တာလို့ ကိုယ့်ကိုယ်ကို တွေးမိပြန်တယ်။ ကျွန်မက မောင့်အတွက် သိပ်ကောင်းတဲ့ မိန်းမတော့ မဟုတ်ဘူး မောင်ရဲ့။ ကျွန်မက အတ္တသိပ်ကြီးတယ်နော်။

`မောင့်ကို အားနာပါတယ်၊ ခု ကိုယ့်စိတ်ထဲမှာ စဉ်းစားပြီး ကြောက်နေတာက ကိုယ်က ကိုယ့် မိသားစုတာဝန်ကို ဆက်မယူနိုင်တော့မှာလည်း စိုးတယ်။ပြီးတော့ အမေနဲ့ မောင်လေးညီမလေးတွေနဲ့ ခွဲမနေနိုင်သေးဘူး လေ။ နောက် ကိုယ့်ဘ၀ ပျောက်သွားမှာလည်း စိုးတယ်`လို့ မောင့်ကို ကြည့်ရင်း ပြောမိတယ်။

`အဲဒီအတွက် စိတ်မပူနဲ့နော် မောင်က မေ့ကို မေ့မိသားစုထဲကနေ ဆွဲထုတ်သွားမှာ မဟုတ်ဘူး၊ တစ်နေ့ကတင် အမေ့ကို ပြောခဲ့ပြီးပြီ ကျွန်တော်က အမေတို့မိသားစုထဲကို သားတစ်ယောက်လို ၀င်လာမဲ့သူပါ လို့လေ၊ ပြီးတော့ မေ အိမ်ထောင်မှုကိစ္စတွေအတွက်လည်း စိတ်ရှုပ်စရာမလိုပါဘူး အားလုံးကို မောင်စဉ်းစားထားပြီးသားပဲ … မေ့အလုပ်ကိုပဲ ခေါင်းထဲ ထည့်ပါ။ မေ လုပ်ပေးရမှာက တစ်ခုပဲ မောင့်ကို အမြဲချစ်နေရင် ရပြီ၊နော်`
အဲဒီနောက်မှာတော့ မောင်က ကျွန်မတို့မိသားစုနဲ့အတူတူနေဖို့ စဉ်းစားခဲ့တယ်။

ကျွန်မ နေခဲ့တဲ့ အခန်းလေးကိုပဲ ကာရံပြီးတော့ အိမ်ထောင်ဦးအခန်းလေးကို ဖန်တီးခဲ့ရင်း မောင်နဲ့ကျွန်မရဲ့ လက်ထပ်ခြင်းကို စီစဉ်ထားတဲ့အတိုင်းပဲ အေးဆေးစွာနဲ့ ပြီးစီးခဲ့တယ်။

ကျွန်မတို့ကို မွေး/ရေက ဒုတိယ၀န်ကြီး အဘဦးအောင်သိန်းနဲ့ဇနီးက လာရောက်ပြီး လက်ထပ်ပေးပါတယ်။ ပြီးတော့ မောင့်ဖေဖေနဲ့ မေမေတို့ရဲ့ မင်္ဂလာဒုံလေတပ်၊ တပ်မှူးနဲ့ ဇနီးကလည်း မင်္ဂလာလက်စွပ်ဆင်မြန်းပေးခဲ့တယ်။

ပြီးတော့ မင်္ဂလာဆွမ်းကပ်လှူတော့လည်း ဆရာတင်မိုးအပါအ၀င် ကျွန်မကို အားပေးကူညီနေကြတဲ့ စာပေအသိုင်းအ၀ိုင်းနဲ့ သတင်းစာ ဆရာတွေလည်း တက်ရောက်ခဲ့ကြသလို၊ ဖေဖေ့ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် အချို့ပဲ တက်ရောက်နိုင်ခဲ့တယ်။ မေမေ့ရဲ့ တက္ကသိုလ်ဆရာ၊ဆရာမ အသိုင်းအ၀ိုင်းနဲ့ မင်္ဂလာဒုံလေတပ်ထဲက မောင့်ဖေဖေရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံက မောင့်မေမေရဲ့ မိတ်ဆွေတွေလုပ်ဖော်ကိုင်ဘက်တွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။

မင်္ဂလာဦး ကာလတွေမှာတော့ကျွန်မရဲ့ စိတ်ကူးထဲမှာတောင် တစ်သက်မှာ တစ်ခါမျှလောက်တောင် ဒီလောက်စိတ်အေးချမ်း ကြည်နှူးခဲ့ရတာမျိုး မရှိခဲ့ဘူးဖူး။ ကိုယ့်ဘေးက လူတစ်ယောက်ကို စိတ်ချယုံကြည်အားကိုးနိုင်စိတ်လည်း မဖြစ်ခဲ့ရဘူး။ မောင်က ကျွန်မကို ဘယ်တော့မှ ပစ်သွားမှာ မဟုတ်ဘူး၊ ကျွန်မ ဘေးကနေ ထွက်ပြေးဖို့လည်း ကြိုးစားမှာ မဟုတ်ဘူး၊ အမြဲ သစ္စာရှိနေမဲ့ သူလို့ စိတ်ချလက်ချ ရှိနေခဲ့တယ်။

မင်္ဂလာဆောင်ပြီးတော့ မောင့်နဲ့အတူတူု ဆရာ့ကို သွားကန်တော့ခဲ့ကြတယ်။ ဆရာက ဆုတောင်းပေးရင်းနဲ့ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်သော နားလည်မှုအပြည့်အ၀နဲ့ ဘ၀ခရီးလမ်းကို ပန်းတိုင်ထိရောက်အောင် လျှောက်လှမ်းနိုင်ပါစေလို့ ဆုပေးတော့ ကျွန်မက ဆရာ့ရဲ့ ဆုတောင်းကို သဘောကျစွာ ပြုံးမိတယ်။

စိတ်ထဲမှာလည်း ဆရာ စိုးရိမ်သလို ဂုဏ်ထူးဆောင်အိမ်ရှင်မလည်း မဖြစ်နိုင်ဘူး ဆရာလို့ ဆိုလိုက်မိသေးရဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ မင်္ဂလာဦးနေ့ကတည်းက ဒီကနေ့ထိ နံနက်စာကို မောင်ကပဲ ပြင်ဆင်ကျွေးမွေးခဲ့သလို၊ နေ့လည်နဲ့ စာညကို စီမံခန့်ခွဲတာလည်း မောင်ကိုယ်တိုင်ပဲ။ မောင်က ကျွန်မအတွက်တင်မဟုတ်ပါဘူး အမေနဲ့ မောင်လေး ညီမလေးတွေ အားလုံးအတွက်ကို တစ်ယောက်ချင်းဆီရဲ့ အကြိုက်ကို မေးပြီး စီစဉ် ပြင်ဆင်ပေးတတ်တယ်။ ကျွန်မမိသားစုကလည်း သူ့မိသားစုပါပဲလို့ လက်ခံနားလည်ပေးခဲ့တယ်ဆိုတာကို သူ့လုပ်ရပ်တွေကနေ သိခွင့်ရခဲ့ပါတယ်။

ကျွန်မ အပျိုတုန်းကတော့ အဖေ့လက်ရာက အကောင်းဆုံးလို့ ပြောပြီး မီးဖိုချောင်ဝင်ပြီး ညစာစီစဉ်ပေးတဲ့ ချက်ပြုတ်ပေးတဲ့ အဖေ့ကို အားပေးခဲ့သလို၊ ခုလည်း မောင့်ကို အဲဒီလိုပဲ မောင့်လက်ရာက အကောင်းဆုံးပဲ ဆိုတဲ့ အားပေးနည်းနဲ့ အားပေးရတာပေါ့။
ဘယ်လိုပဲ ပြောပြောဘ၀ဆိုတာတစ်သတ်မှတ်တည်းမရှိဘူး ဆိုတဲ့ အသိက ပိုပြီး ခိုင်မြဲလာခဲ့တယ်၊တကယ်ပဲ မင်္ဂလာဦးကာလမှာ အေးချမ်းကြည်နှူးစွာ နေခွင့်ရခဲ့တဲ့ ကာလက ၂ လ၀န်းကျင်လောက်ပဲ ကြာလိမ့်မယ်ထင်ပါရဲ့။

မင်္ဂလာဆောင်ပြီးနောက်မှာတော့ ရွှေပုစွန်မဂ္ဂဇင်းဧပြီလထုတ်ကို ဧပြီလဆန်းမှာ ထုတ်လုပ်နိုင်ဖို့ အသဲအသန်ကြိုးပမ်းနေရတဲ့အတွက် မင်္ဂလာဦး ဟန်းနီးမွန်းလည်း မထွက်နိုင်တော့ဘူး။ ဒါ့အပြင် သင်္ကြန်ပိတ်ရက်မတိုင်မီ စာပေစီစစ်ရေးက ဖြန့်ချိခွင့်မကျသေးတဲ့အတွက် စာပေစီစစ်ရေးကို အကြိမ်ကြိမ်သွားပြီး တောင်းဆိုရပါသေးတယ်။

နောက်တော့ သင်္ကြန်ပိတ်ရက်မတိုင်မီ၊ အကြိုနေ့မတိုင်မီ ၂ ရက်အလိုမှ စာအုပ်ဖြန့်ချိခွင့်ရတော့ စာအုပ်ဖြန့်ဖို့ အချိန်မရှိတော့ဘူး။ သင်္ကြန်တွင်းမှာ ဖြန့်ချိလို့လည်း မရဘဲနဲ့ သင်္ကြန်ပြီးမှ ဖြန့်ရတော့တယ်။ သင်္ကြန်ပြီးမှ ဖြန့်ရတဲ့အတွက် မရောင်းရဘဲ ကျန်ုနေတဲ့ မဂ္ဂဇင်းစာအုပ်တွေကို ထိုင်ငေးရင်း ငွေ ၂ သိန်းကျော် ၃ သိန်းလောက်တော့ ထိပြီဆိုပြီး နှမျောတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။

ဧပြီလကုန်ပိုင်းမှာတော့ မဂ္ဂဇင်းရိုက်ကူးတဲ့ နေရာကို ကိုယ်တိုင်လိုက်သွားရင်းနဲ့ လှုပ်ရှားမှု များပြီး သွေးပေါင်တွေ ဆက်တိုက်ကျလာတော့ ဆေးခန်းပြေးရတော့တယ်။ အဲဒီမှာမှ သိလိုက်ရတာက ကျွန်မ ဗိုက်ထဲမှာ ကိုယ်ဝန် ၅-၆ ပတ်ရှိနေတာ သိရပါတယ်။

လက်ထပ်တဲ့ မတ်လ ၁၂ ရက်နေ့မှ သားသမီးယူခြင်းမယူခြင်းကိစ္စကို စဉ်းစားမိပြီး ကမန်းကတည်း ဆေးခန်းပြေးပြီး ဆေးထိုးခဲ့ပေမဲ့ နောက်ကျသွားပြီ ဆိုတာ သိရပါတယ်။ ဒီလို ကြိုတင်တားဆီးတာက တစ်ပတ်ကြိုလုပ်ရတယ်ဆိုတာကိုလည်း မသိခဲ့တဲ့ အတွက် မတ်လမှာပဲ စတင်ပြီး သားရဲ့ကိုယ်ဝန် ရရှိခဲ့ပြီး ဧပြီလကုန်ပိုင်း မေလမှ သိလိုက်ရတယ်။

ပြီးတော့ သားဦးကိုယ်ဝန်ဆောင်ရခြင်းရဲ့ ဝေဒနာတွေကို စတင်ခံစားရတော့တာပါပဲ။ သားဦးကိုယ်ဝန်အတွက် ၀မ်းသာမိပေမဲ့ တစ်ဘက်ကလည်း သွားပြီ အလုပ်ကိုတော့ ထိခိုက်ပြီဆိုတဲ့ စိတ်က ကျွန်မကို လေးလံစေခဲ့ပြန်တယ်။

သားလေး ကိုယ်ဝန် သုံးလကျော်လေးလလောက်မှာတော့ ကျွန်မက ရွှေပုစွန်မဂ္ဂဇင်း မျက်နှာဖုံးဓါတ်ပုံကိစ္စ၊ မဂ္ဂဇင်းပုံမှန်ထွက်ရှိရေးကိစ္စရပ်တွေနဲ့ အသွားအလာများနေတဲ့အတွက် ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာပြန်ရော။

လမ်းမတော်ဆေးခန်းမှာထိုင်တဲ့ အိုဂျီက ကျွန်မကို ၃ ပတ်ကောင်းကောင်းအနာယူဖို့ လှေကားအတက်အဆင်းတောင်မလုပ်ဖို့ ပြောလာတော့မှ အိမ်မှာပဲ ၃ ပတ်နားရပြန်တယ်။

အဲဒီအချိန်မှာ မောင်လေးအေးချမ်းဟိန်က ရွှေပုစွန်မဂ္ဂဇင်းထွက်ရှိရေးကို ဆောင်ရွက်ပေးတယ်။
မောင်နဲ့ အမေနဲ့ကတော့ ကျွန်မရဲ့ ကျန်းမာရေးနဲ့ အိမ်အတွက် စီမံခန့်ခွဲတာတွေကို လုပ်ကြရပြန်တယ်။ကိုယ်ဝန်လို့ သေချာပြီးတဲ့နောက်မှာ မောင်နဲ့ကျွန်မ သွေးစစ်တာတွေ ရောဂါရှာဖွေတာတွေ လုပ်ကြတော့ နှစ်ယောက်စလုံးက သန့်သန့်စင်စင်ပဲလို့ ဆရာဝန်မကြီးက ပြောတော့ ကျေနပ်သွားတဲ့စိတ်နဲ့ မောင့်ကိုပိုပြီး မြတ်နိုးတန်ဖိုးထားမိတယ်။

ပြီးတော့ သားဦးကိုယ်ဝန်ဆောင်ဝေဒနာခံစားရတာတွေကို မြင်ရတွေ့ရပြီးတော့ မောင်က ကျွန်မကို အတားအဆမဲ့ သနားဂရုဏာသက်ပြန်ရော…။ ကျွန်မ ဘယ်လောက်ပဲ မူးပြီးအန်နေပါစေ မောင့်ရဲ့ သနားတဲ့ ကြင်နာဂရုတစိုက်ရှိခြင်းတွေအပေါ်မှာ သာယာပြီး မိန်းမတစ်ယောက်ကိုယ်ဝန်ဆောင်ရခြင်းရဲ့ ပီတိကိုလည်း လက်ခံနားလည်ရပြန်တယ်။

အမေက လည်း ကျွန်မရဲ့ ဗိုက်ရှပ်ရှပ်လေးကို ကြည့်ပြီး နောက်တစ်လနှစ်လလောက်ဆိုရင်တော့ ဗိုက်ဖုံးအင်္ကျီ င်္လေးလိုတော့မှာလို့ ပြောရင်း ပိတ်စတွေဝယ်ပြီး စက်ချုပ်ဆိုင်ကို ပြေးအပ်တယ်။
အမေဆိုတာ သားသမီးတွေရဲ့ စိတ်နဲ့ အနာဂတ်ကို အကောင်းဆုံးခန့်မှန်းနိုင်သူ ဆိုတဲ့ အဆိုကိုတော့ ကျွန်မက ပြည့်ပြည့်၀၀ ထောက်ခံတဲ့ သူဖြစ်လာရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေက ကျွန်မအပေါ်မှာ အေးစက်တယ်လို့ ထင်ရပေမဲ့ ကျွန်မစိတ်ကိုရော ကျွန်မကိုပါ အကဲခတ်နိုင်သူဖြစ်ပါတယ်။

မောင့်ကို အမေ သားမက်အဖြစ် လက်ခံရတဲ့ကိစ္စထဲမှာ မောင့်ရဲ့ ရိုးဂုဏ်နဲ့ သစ္စာရှိ ကတိတည်မှုကို သဘောအကျဆုံးဖြစ်ခဲ့တယ်။ အမေကလည်း ရိုးသားမှုကို နှစ်သက်တဲ့ အမျိုးသမီးပါ။

ပြီးတော့ အမေက သူ့ရဲ့ မျက်နှာထားတင်းမှုကိုတော့ သဘောမကျခဲ့ဘူး။ သူက အမြဲတမ်းမျက်နှာတင်းနေတဲ့အတွက် သူ့ရဲ့ လူမှုဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ အမေခန့်မှန်းခဲ့တာလည်း မှန်နေတာပါပဲ။

ဒါပေမဲ့ အမေက ခုလို စကားဆိုရင်း `တင်လင်းဇော်က ငါ့သမီးကို တစ်သက်လုံး သစ္စာရှိရှိနဲ့ မြတ်မြတ်နိုးနိုး ပေါင်းသင်းမှာ သားနဲ့မယားကို ကျွေးမွေးစောင့်ရှောက်မယ့် သူမျိုး ဆိုတာ အမေ သိတယ်`လို့ သူ့ကို ဇနီးသည်အပေါ် သစ္စာရှိရှိမြတ်မြတ်နိုးမိုးပေါင်းမဲ့ သူမျိုး ဆိုတာကို လက်ခံခဲ့ပါတယ်။

ခုလည်း အမေ့ရဲ့ စိတ်ကူး ဒီဇိုင်းနဲ့ ဗိုက်ဖုံးကိစ္စလေးတွေကို ၀တ်ရင်း အမေ သမီးဗိုက်ထဲက ကလေးလေးက သားလား၊ သမီးလားလို့ မေးရင်း အမေ့စိတ်ကူးကို မသိမသာစူးစမ်းမိသေးတယ်။

အမေက ကျွန်မကို တစ်ချက်ကြည့်လိုက်ပြီး ဖြေတယ်။ သားလေး မွေးမှာတဲ့။ သမီးလေး ဖြစ်နေရင်ရောလို့ ကျွန်မက အတွန့်တက်တော့ အမေကသူ့ကိုယ်သူ သေချာနေတဲ့ သူလိုပါပဲ။ သေချာတယ် သမီးက သားလေး မွေးမှာပါတဲ့။သမီးလေး ဖြစ်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲလို့ တွေးလိုက်သေးတယ်။ အမေကတော့ သေချာနေတာ သားလေး…တဲ့။

ညတိုင်းညတိုင်းမှာ အိပ်မက်တွေဝေနေပြန်တယ်။ အိပ်မက်ထဲမှာ ကလေးလေး မွေးတယ်။ သားလေးလား သမီးလေးလား ရှာမတွေ့ပြန်ဘူး။ ကလေးရောလို့ မေးရင်း ဗိုက်ကို ငုံ့ကြည့်တော့လည်း ဗိုက်ကလေးက ရှပ်နေဆဲ…ဒါနဲ့ မွေးပြီးပြီလား မမွေးရသေးဘူး လား မသေချာတဲ့ စိတ်နဲ့ ကယောင်ချောက်ချားဖြစ်ပြီး နိုးလာပြန်ရော။

ကိုယ်ဝန်ဆောင်စ ကာလတွေရဲ့ အလွန်မှာတော့ အရာရာကို သတိထားရလွန်းလို့ တစ်ခါတစ်လေဆိုရင် စိတ်ကျဉ်းကျပ်လာတယ်။ ဟိုဟာလည်း မစားရ၊ ဒီအစာလည်း ရှောင်ရ၊ ညနက်အောင်ထိ နေပြီး စာမရေးရ၊ မဂ္ဂဇင်းအလုပ်အတွက် ဟိုဟို ဒီဒီလျှောက်မသွားရ စတာတွေအပြင် မောင်က အစာကိုလည်း စနစ်တကျ ကျွေးနေတဲ့အတွက် ကျွန်မမှာ စိတ်လွတ်လပ်မှုတွေ ဆုံးရှုံးကုန်ပြီလို့ ညည်းမိသေးတယ်။

မောင်ကတော့ သားအတွက်နဲ့ မေ့အတွက်ဆိုပြီးတော့ ကျွန်မ စားကောင်းမယ်ထင်တာတွေကို ကြိုးစားပမ်းစား ကိုယ်တိုင်လုပ်ကျွေးသလို၊ ဘယ်အချိန်ဖြစ်ဖြစ် ဘာပဲစားချင်စားချင် ရအောင် ရှာပေးပြန်တယ်။ အမေကတော့ ခင်ပွန်းရဲ့ အလိုလိုက်မှု အပေါ်မှာ အခွင့်အရေးမယူရဘူးလို့ ကျွန်မကို သွန်သင်သလို မောင့်ကိုလည်း မိန်းမကို အရမ်းအလိုမလိုက်ဖို့ လည်း ပြောသေးရဲ့။
အဲဒီကာလမှာတော့ အချစ်ဆိုတာ အထူးသဖြင့် ယောင်္ကျားနဲ့ မိန်းတွေရဲ့ လက်ထပ်ခြင်းကို လွန်မြောက်ပြီးချစ်ခြင်းမှာ လိင်ဆံဆက်ခြင်းက အဓိက မဟုတ်ဘဲ အရာရာကို ဝေမျှခြင်း၊ နားလည်စာနာပေးခြင်းနဲ့ ကြင်နာယုယခြင်းတို့ကသာ အဓိကပါလားဆိုတာ နားလည်ခွင့်ရခဲ့တဲ့ အချိန်ကာလလို့လည်း သတ်မှတ်ချင်ပါသေးတယ်။

Check Also

ချစ်တဲ့ သူတွေအကြောင်းပြောရအောင်(၂၄)

အဲဒီခေတ်တုန်းကတော့စာပေစီစစ်ရေးနဲ့ ဆက်ဆံရတာ စိတ်ပျက်ပြီးတော့ မဂ္ဂဇင်းမထုတ်တော့ဘဲနဲ့ အခြားအလုပ်ပြောင်းကုန်တဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးပဲ။ သူတို့အနေနဲ့ စာနယ်ဇင်းလုပ်ငန်းက အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ အခြားအလုပ်တွေ ပြောင်းကုန်ကြတာပါ။ စာပေစီစစ်ရေးက ကျွန်မကို အယ်ဒီတာလုပ်ပိုင်ခွင့်ပျောက်ဆုံးပြီး …