Wednesday , September 27 2017
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။
ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ ပူပင်မူတွေက ကျွန်မကိုတင် မကဘူး မောင့်ကိုပါ လောင်မြိုက်စေတော့မယ်။ စိတ်ထိခိုက်ရပါတယ်။
———————————————————————————————
ကျွန်မလက်ထပ်တော့မယ်ဆိုတော့ မေမေနဲ့ ဖေဖေက မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ အဖေ အကျဉ်းကျနေတဲ့အချိန်၊ အမေ အားငယ်နေချိန်မှာ ခုလို အိမ်ထောင်ပြုရတာကိုတော့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မောင်လေးအေးချမ်းဟိန် ကတော့ ပြောတယ်။
`နင့်အတွက် စိတ်ပူစရာမလိုတော့ဘူး၊ ကောင်းတယ်`တဲ့…။

သူ့ဆီကနေ အဲလို ကြားရတော့ ကျွန်မ အံ့သြသွားတယ်။ သူက တစ်ခါမှ အဲလိုမပြောခဲ့ဘူးဖူးလေ။ ဘာဖြစ်လို့လဲလို့ ကျွန်မက ချက်ခြင်းမေးတော့သူက ဖြေပါတယ်။

`နင့်ကို မဖြစ်သင့်တာတွေ ဖြစ်မှာ စိုးလို့…ငါစိတ်ပူနေတာ`လို့ သူက ဖြေတယ်။ သူ ဘာကို စိတ်ပူနေခဲ့သလဲ ဆိုတာ ကျွန်မ သိပါတယ်။

ကျွန်မက အမျိုးသားတွေကြားမှာ အလုပ်လုပ်နေရတဲ့ မိန်းမတစ်ယောက်ပါ။ပြီးတော့ အလုပ်ဇောနဲ့မို့ အချို့ကိစ္စတွေကိုလည်း ခေါင်းထဲသိပ်မထည့်ဘဲ နေ့မှန်းမသိ ညမှန်းမသိ မဂ္ဂဇင်းအတွက် လိုအပ်လာရင် လိုအပ်သလို လှုပ်ရှားရုန်းကန်နေရတာမို့ သူလည်း စိတ်ပူရှာမှာပဲလို့ တွေးရင်း မောင်လေးက ကျွန်မကို ချစ်ရှာသားပဲလို့လည်း တွေးပါတယ်။ သူက ကျွန်မကိုဆို ဗိုလ်ကျပြီး ဆိုးတတ်တဲ့အတွက် သူ့မေတ္တာကိုခုလို မခံစားခဲ့ရဘူးဖူးလေ။ သူ့စကားကြားပြီးတော့ ကျွန်မအနေနဲ့ ၀မ်းသာ ၀မ်းနည်း ခံစားခဲ့ရပါတယ်။

ညီမလေးကတော့ ပျော်နေတယ်။ သူက အဲဒီတုန်းက မူလတန်းအရွယ်ဆိုတော့ အိမ်က ကလေးပါပဲ။ သူကတော့ အိမ်မှာ မိသားစုဝင်တိုးတော့မှာ ဆိုပြီးတော့ ပျော်တယ်တဲ့။ပြီးတော့ကိုလင်းက သမီးကို ဂရုစိုက်တယ်၊ သူက မုန့်တွေဘာတွေလည်း ၀ယ်ကျွေးတယ် ဟီး ဆိုပြီးတော့ ကျေနပ်ပျော်ရွှင်နေခဲ့တယ်။

မောင့်မှာ ညီမ၊အစ်မ မရှိခဲ့တဲ့အတွက် ညီမလေးကို သူ့ညီမလေးလိုပဲ သဘောထားခဲ့
ဆက်ဆံခဲ့တယ်ဆိုတာ သူနဲ့ကျွန်မ ချစ်သူသမီးရည်းစား ဘ၀ကတည်းက သိခဲ့ရပါတယ်။ ညီမလေးကို သူက နေ့တိုင်း ပုံမှန်စာကျက်ဖို့၊ ညမှောင်တဲ့အချိန်ထိ အိမ်အောက်ဆင်းပြီး မကစားဖို့၊ ထမင်းမစားချင်ရင်လည်း အာဟာရဖြစ်တဲ့ မုန့်ဝယ်စားဖို့ စတာတွေကို သူ့ညီမအရင်းကို သဘောထားပြီး ပြောဆိုခဲ့တာတွေလည်း တွေ့ခဲ့ရဖူးတာကိုး။

သူနဲ့ကျွန်မ လက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာ သူ့ရဲ့ ဖေဖေ ဦးတင်ငွေကိုလည်း ကျွန်မ သွားတွေ့ပြီး မေးပါတယ်။ သူ့ဖေဖေရောမေမေကပါ တပ်မတော်အသိုင်းအ၀ိုင်းမို့ သူနဲ့ကျွန်မရဲ့ လက်ထပ်လိုက်ရင် သူ့မိဘတွေကို ထိခိုက်လာမှာလားဆိုတာကို သူတွေးခဲ့သလားမတွေးခဲ့သလား ကျွန်မ မသိပေမဲ့ ကျွန်မကတော့ တွေးပြီး အမှန်တကယ်ကို စိုးရိမ်ခဲ့ရပါတယ်။ ပြီးတော့အဲဒီအချိန်တုန်းက သူ့ဖေဖေက လေတပ်ထဲမှာ တာဝန်ထမ်းဆောင်နေချိန်ဆိုတော့ ကျွန်မက စိတ်ပူပြီး သူ့မိဘတွေကို မေးခဲ့ပါတယ်။

`ဖေဖေ… သမီးတို့ လက်ထပ်လိုက်ရင် ဖေဖေ့ အလုပ်ကို ထိခိုက်နိုင်မလား၊ ဘာဖြစ်လို့လဲ ဆိုတော့ သမီးဖေဖေက အန်အယ်ဒီပါတီကပါ၊သမီးတို့မိသားစုက နိုင်ငံရေးမိသားစုဖြစ်နေတော့ အစိုးရ၀န်ထမ်းတွေထဲမှာလည်း နိုင်ငံရေးသမားတွေနဲ့ပတ်သက်ရင် အရေးယူခံရတာတွေလည်း ရှိနေလို့ မေးတာပါ`လို့ သေချာမေးခဲ့ပါတယ်။

ကျွန်မရဲ့ အမေးကို ဖေဖေက တစ်ခဏ စဉ်းစားနေပါသေးတယ်။ ပြီးမှ လေးလေးနက် ဖြေပါတယ်။

` ဖေဖေလည်း အတိအကျတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ဖေဖေ့ကို ထိခိုက်မှာ စိုးလို့ ဆိုပြီး သား၊သမီးတို့ရဲ့ ချစ်ခြင်းကိုလည်း မခွဲချင်ဘူး။ အဲတော့ ဒါတွေ မစဉ်းစားနဲ့ သမီး၊ ဖေဖေ့ထက် သမီးတို့၊သားတို့ရဲ့ အနာဂတ်က ပိုအရေးကြီးပါတယ်`လို့ ဖြေပါတယ်။

`ကျေးဇူးတင်ပါတယ် ဖေဖေ`လို့ စိတ်ထဲကရော ပါးစပ်ကပါ လေးလေးနက်နက်ပြောခဲ့မိတယ်။ ပြီးတော့ ကျွန်မစိတ်ထဲမှာ သူ့မိသားစုက ကျွန်မကို နွေးနွေးထွေးထွေးကြိုဆိုခဲ့သားပဲ ဆိုပြီး ပျော်ရွှင်သွားမိတယ်။

မိဘတွေရဲ့ ခွင့်ပြုချက်ရပြီးတာနဲ့ လက်ထပ်ထိမ်းမြားဖို့နေ့ရက်အချိန်ကစပြီိးု့ စီစဉ်စရာရှိတာတွေကို စီစဉ်ပါတော့တယ်။ လက်ထပ်ဖို့ရက်ကိုလည် ဗေဒင်ဆရာကြီး ဘဘဦးလှမြင့်က တွက်ပေးခဲ့တယ်။ အဲဒါက ကျွန်မတို့အတွက် အထူးလက်ဖွဲ့လို့ ပြောပြီး အသေအချာကို စနစ်တကျနဲ့ တွက်ချက်ပေးခဲ့တာပါ။

မင်္ဂလာရက်ရတာနဲ့ မောင်က ကျွန်မလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်းနဲ့ မောင်က
`တကယ်ပဲ လက်ထပ်ကြရတော့မယ်နော်၊ ပျော်လား မေ… မောင်ကတော့ ပျော်လွန်းလို့ အိပ်မက်လား ဟုတ်ရဲ့လားဆိုပြီးတော့ဖြစ်နေတယ်။ ဒါ…တကယ်ပဲနော်၊ မောင်တို့ လက်ထပ်ကြရတော့မှာ`…တဲ့။

ကျွန်မကလည်း ကြည်နူးစွာပြုံးတော့ မောင်က မင်္ဂလာဆောင်ကို ဘယ်လိုစိတ်ကူးထားလဲ…တဲ့။
ပြီးတော့ မေ မင်္ဂလာပွဲကို ဘယ်လိုလုပ်ချင်လဲ၊ ဟိုတယ်မှာဆောင်မလား မေ့စိတ်တိုင်းကျ ဖြစ်စေရမယ်တဲ့…။

အမှန်တကယ်တော့အဲဒီအချိန်ထိ ကျွန်မစိတ်ကူးထဲမှာ ဘယ်လိုမင်္ဂလာဆောင်မယ်ဆိုတာမျိုး ကြိုပြီး စိတ်ကူးယဉ်ခဲ့တာ မရှိခဲ့သေးပါဘူး။ တစ်ခုပဲ စိတ်ထဲ ရှိတာ ဟိုတယ်တွေမှာ လုပ်တဲ့ မင်္ဂလာဆောင်တွေကို တော့ စိတ်ပျက်မိတယ်။ သတိုးသမီးနဲ့ သတိုးသား ထွက်မလာမချင်းစောင့်ရတာ၊ ထွက်လာရင်လည်း ကိုယ့်ဝိုင်းနားရောက်မလာသေးတဲ့ သတိုးသားသတိုးသမီးကို စောင့်မျှော်ရတာတွေကို စိတ်ပျက်ခဲ့ဘူးတယ်။

`မင်္ဂလာပွဲဆိုတာက သတိုးသားနဲ့ သတိုးသမီးအတွက်ပဲ အဓိပ္ပါယ်ရှိတာပါ။ ကိုယ်ကတော့ မင်္ဂလာပွဲကို လာကြတဲ့ ဧည့်မိတ်ဆွေတွေကအတွက် ထည့်စဉ်းစားပေးသင့်တယ်လို့ ထင်တယ်။ သူတို့တွေကို အပန်းကြီးစေတာမျိုးတော့ မဖြစ်စေချင်ဘူး။ ဟိုတယ်မှာဆောင်တယ်ဆိုရင် လာကြမဲ့ မိတ်ဆွေတွေအတွက်လည်း သက်သောင့်သက်သာမဖြစ်လှဘူး။အဲဒါကြောင့် ကိုယ်ကတော့ အကျဉ်းချုံးလက်ထပ်ပြီး သံယာင်္တွေကို နေ့ဆွမ်းကပ်လှူရင်းနဲ့ မိတ်ဆွေတွေကိုလည်း နေ့လည်စာ ကျွေးချင်ပါတယ်၊ သိပ်အကျယ်မချဲ့ချင်ဘူး`လို့ စိတ်ထဲ ရှိတဲ့ အတိုင်းပြောခဲ့တယ်။

မောင့်ရဲ့ မေမေကတော့ ကျွန်မတို့မေမေကို ဆရာမကြီး ဖြစ်စေချင်တာပြောပါ ကျွန်မတို့အားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးမှာပါလို့ ပြောပါတယ်။

ကျွန်မ မေမေက မောင့်ရဲ့မိဘတွေကလည်း ၀န်ထမ်းတွေဆိုတာကို နားလည်နေတာရယ်၊ မင်္ဂလာဆောင်အတွက်ကုန်ကျစရိတ်တွေများများသုံးပြီး ပကာသနလုပ်တာကို မကြိုက်တာရယ်ကြောင့် မင်္ဂလာဆွမ်းကပ်လိုက်တာက ပိုပြီး ကျက်သရေ ရှိပါတယ် ရှင်လို့ ဆိုရင်း ကျွန်မရဲ့ သဘောထားကို လက်ခံပေးခဲ့တယ်။

မောင်ကတော့ စိတ်ချ အားလုံး မေ့ စိတ်တိုင်းကျအောင် မောင်စီစဉ်ပါ့မယ်လို့ ဆိုတယ်။မတ်လ ၁၂ ရက်နေ့မှာ အိမ်မှာပဲ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ စုလျာရစ်ပတ်တဲ့ နည်းလမ်းနဲ့ ငွေဖလားထဲမှာ လက်တွဲရစ်ပတ်ပြီး နံသာရည်လောင်းတဲ့ လက်ထပ်မင်္ဂလာပြုလုပ်ဖို့ မင်္ဂလာအချိန်ကို ရွေးပေးခဲ့တယ်။

ကျွန်မက မင်္ဂလာပွဲကို ဟိုတယ်တွေ ခမ်းမတွေမှာ လုပ်ရတာမျိုးထက် သံင်္ယာတွေကို ဆွမ်းကပ်လှူပြီး ဧည့်မိတ်ဆွေတွေကို ထမင်းကျွေးရတဲ့ အခမ်းအနားမျိုးကိုပဲ လိုလာပါတယ်။ အဲဒါကြောင့် မတ်လ ၂၇ ရက်နေ့မှာ သမိုင်းလမ်းဆုံက အောင်ဓမ္မရိပ်သာမှာ မင်္ဂလာဆွမ်းကပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

မင်္ဂလာပွဲအတွက် စီစဉ်နေတုန်းမှာပဲ ကျွန်မက ဆရာလူထုစိန်ဝင်းဆီကို ရောက်ဖြစ်ခဲ့ပါတယ်။ ဆရာသမီးလက်ထပ်တော့မယ်လို့ဆိုတော့ ဆရာက အံ့သြသွားတယ်။ ပြီးမှ အနည်းငယ် စိတ်မကောင်းဖြစ်သွားဟန်နဲ့ စကားဆိုပါတယ်။

`မင်းအိမ်ထောင်ပြုတာ စောလိုက်တာကွာ၊ နေပါဦး၊ မင်းမှာ လုပ်စရာအလုပ်တွေ အများကြီးရှိနေတာ၊ ဆရာကတော့ မပြုစေချင်သေးဘူး၊ နေပါဦးကွာ`လို့ ဆရာက ပြောပါတယ်။
`ဆရာ ဘာဖြစ်လို့ လဲ သမီးကို နှမျောလို့လား`လို့ မေးလိုက်တော့ ဆရာမျက်ဝန်းထဲမှာ ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ် နှမျောစိတ်ကို ကျွန်မ မြင်လိုက်ရတယ်။

`နမျောတာပေါ့ကွ၊ မင်းကို တစ်စုံတစ်ယောက်ဖြစ်လာဖို့ ဆရာက အများကြီး မျှော်လင့်ထားခဲ့တာ၊ ခုလို လမ်းတစ်ဝက်မှာ အိမ်ထောင်ပြုလိုက်တော့ အိမ်ထောင့်တာဝန်တွေပိပြီး ရှေ့မဆက်နိုင်တော့ဘဲ နေမှာကို စိုးရိမ်တယ်`လို့ ဆရာက ဆိုပါတယ်။ ပြီးတော့ဆရာက ဆက်ပြောပါတယ်။

`အချိန်တန်အရွယ်ရောက်လာလို့ အိမ်ထောင်ပြုကြတာက လောကသဘာဝပါပဲ၊ အပြစ်တင်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်ထောင်ကျသွားတာနဲ့ လူငယ်ဘ၀က အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခက်သွားကြတယ်။ အိမ်ထောင့်တာဝန်ဆိုတဲ့ ကြီးမားလေးလံတဲ့ ၀န်တွေနဲ့ပိပြီး နစ်သွားကြတဲ့ သူတွေ အများကြီးပဲ ဘာမှ မလုပ်နိုင်တော့ဘူး`
ဆရာရဲ့ စကားက ကျွန်မရင်ထဲကို နက်ရှိုင်းစွာ စူးနစ်ဝင်ရောက်သွားခဲ့တယ်။ပြီးမှ သမီးတို့အားလုံး စီစဉ်ပြီးသွားပြီ ဆရာလို့မရဲတရဲအတွန့်တက်လိုက်မိတယ်။
`ဒါကျတော့ ဆရာ့ကို မတိုင်ပင်ဘူး` လို့ ဆရာက ပြောလိုက်တော့ ရှက်တဲ့စိတ်နဲ့ ရှက်ပြုံးသာ ပြုံးနေမိတော့တယ်။

ဆရာရော ကျွန်မပါ တစ်ခဏငြိမ်သက်သွားကြတယ်။ ခဏကြာတော့မှ ကျွန်မက အားတင်းပြီး စကားပြောနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

`ဆရာ သမီးကို နှမျောတာကို သမီးနားလည်ပါပြီ၊ သမီးလည်း အလုပ်ကိုတော့မထိခိုက်အောင်ကြိုးစားမှာပါ။… သမီးကြိုးစားမှာပါဆရာ၊ သမီးအများကြီးပိုကြိုးစားမှာပါ`ဆရာက ကျွန်မကို လေးလေးနက်နက်ကြည့်ရင်းနဲ့ ပြောတယ်။

`အိမ်ထောင်ကျသွားပြီးဆိုရင် ယောင်္ကျားတွေရဲ့ ဘ၀ထက် မိန်းမတွေရဲ့ ဘ၀က ပိုဆိုးတယ်။ မိန်းကလေးက အိမ်ထောင်ကျသွားတာနဲ့ မိခင်ဖြစ်သွားတာနဲ့ သူတို့ရဲ့ အိမ်မက်နဲ့ ဘ၀ဆိုတာ မိသားစုအောက်ရောက်သွားရော၊ ကိုယ့်ဘ၀ကို အပျောက်မခံဘဲနဲ့ စွမ်းစွမ်းတမံနဲ့ လုပ်ဆောင်နိုင်တဲ့ မိန်းမ ဆိုတာ မရှိဘူးတော့မဟုတ်ပါဘူး ရှိတော့ ရှိတယ်။ တော်တော်လေးရှားတယ်။ ကိုယ်ရလိုက်တဲ့ အိမ်ထောင်ဘက်က ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ တော်တော်လေးကို အဆင့်မြင့်တဲ့ ယောင်္ကျားမျိုးဖြစ်မှ အဲဒီမိန်းကလေးက သူ့အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်တော့မှာ`လို့ ဆရာက ပူပင်စွာ ပြောခဲ့တယ်။

အိမ်အပြန်လမ်းမှာတော့ ဆရာက ကျွန်မကို သူ့တပည့်လို သမီးတစ်ယောက်လို သဘောထားတယ်ဆိုတာကို ပိုပြီး နားလည်ခံစားလာခဲ့ရတယ်။ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်တော့မှာကို ဖခင်တစ်ယောက်လို စိုးရိမ်ပူပင်နေတာပါလား ဆိုတာကို ခံစားနားလည်ခဲ့ရတယ်။ ကျွန်မကတော့ သမီးဆိုးပေါ့ ဆရာရယ်…။

ဆရာ့အကြောင်း စဉ်းစားရင်းနဲ့ ဖေဖေ့ကိုလည်း သတိရသွားတယ်။ ဖေဖေရော….အဲဒီလိုပဲ ဆရာ့လိုပဲ တွေးပြီး ကျွန်မကို နှမျောနေသလား။ ကျွန်မရဲ့ အိမ်မက်တွေကို အကောင်အထည်မဖော်နိုင်တော့မှာကို စိုးရိမ်ပူပင်နေမလား။ အဲဒီလို အတွေးတွေနဲ့ တစ်ညနေလုံး စဉ်းစားလိုက် တွေးလိုက် စိတ်မကောင်းဖြစ်လိုက် ၀မ်းနည်းလာလိုက်နဲ့… မင်္ဂလာဆောင်ခါနီးမှ ပျော်ရွှင်မှုဆိုတာ မရှိတော့သလိုပါပဲ။

ဒီရက်ပိုင်းတွေမှာ ကျွန်မဟာ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်သူ ဖြစ်ခဲ့ရတယ်။ အဖေအဖမ်းခံနေရချိန်၊ အမေနဲ့ မောင်လေးညီမလေးကို ထားပြီး လက်ထပ်မတဲ့။ကျွန်မ ဘယ်လောက်တောင် တကိုယ်ကောင်းဆန်လိုက်သလဲ။ အဖေ မရှိတဲ့ အိမ်မှာ အမေနဲ့ မောင်လေးညီမလေးတွေကို ပစ်ထားခဲ့ပြီး ထွက်သွားမှာလား။

အဲဒီအတွေးတွေနဲ့ ကျွန်မဟာ ကိုယ့်ကိုယ်ကို မကောင်းတဲ့သူ၊ တကိုယ်ကောင်း ဆန်တဲ့သူ အနေနဲ့ခံစားလာရတယ်။ မိသားစု စည်းစည်းလုံးလုံးနေနေရမဲ့ အစား မိသားစုထက်ပိုချစ်တဲ့သူကို ရှာသတဲ့လား။ ပြီးတော့ လုပ်စရာအလုပ်တွေရှိနေတာကို ဘာဖြစ်လို့များ လင်ယူချင်ရတာလဲ …ဆိုတဲ့ စိတ်နဲ့ ကျွန်မရဲ့ ညတွေဟာ အတွေးတွေကြားမှာ ပျောက်ဆုံးကုန်ပြန်တယ်။

အဲဒီအချိန်မှာ သူကတော့ မင်္ဂလာဆောင်ဖို့အတွက် အစီစဉ်တွေ ဆွဲနေခဲ့တယ်။ ၀ယ်စရာရှိတာတွေ ၀ယ်လို့ သူ့မျက်မှာမှာ ပန်းရောင်ဖျော့ဖျော့သန်းနေတာကို ကျွန်မက ငေးကြည့်ရင်း တွေဝေနေခဲ့ရတယ်။

တစ်ညမှာတော့ ကျွန်မ အိပ်မက်မက်တယ်။ အိပ်မက်ကလည်း တကယ့်ကို အသေးစိတ်မက်ပြီး အရာအားလုံးကို တစ်စချင်းစီ မှတ်မိနေခဲ့တယ်။ အဲဒီအိမ်မက်ကို ပြန်စဉ်းစားမိတိုင်း အဲဒီခံစားချက်က ခြောက်ခြားစရာပေါ်ပေါ်လာတယ်။

အိမ်မက်ထဲမှာ ကျွန်မက တွင်းနက်နက်ကြီးတစ်ခုတည်းကို ကျသွားခဲ့တယ်။ အဲဒီတွင်းနက်နက်ထဲကို ကျသွားပြီ ဆိုတာကိုသိသိချင်း အပေါ်ကိုပြန်တက်ဖို့ ကျွန်မ အားထုတ်မိတယ်။ အားထုတ်လေ ပိုပြုတ်ကျလေ ဖြစ်နေသလိုပဲ…။ ကျပြီဆိုတဲ့ အသိက ကျွန်မကိုခြောက်ခြားစေတယ်။ ကျနေတုန်းမှာပဲ ကျွန်မဟိုးအထိ ကျသွားလို့မဖြစ်ဘူး ဆိုတဲ့ အသိနဲ့ အကျကို အလိုက်သင့်မျောမနေဘဲ ပြန်တက်ဖို့ ကုတ်ကပ်တက်နေတဲ့အတွက် မောလိုက်တာ…။

မောပန်းပြီး ခြေကုန်လက်ပန်းကျနေရင်းနဲ့ပဲ အပေါ်ကိုပြန်မတက်နိုင်တော့မှာကို စိုးရိမ်စိတ်နဲ့ ပဲ ကျွန်မ နိုးလာခဲ့တယ်။ သေချာပြီ ကျွန်မ ဒီအတိုင်းသာဆိုရင် ဆရာပြောသလို ရှေ့ကို ဆက်နိုင်ဖို့ မလွယ်တော့ဘူး၊ ကျွန်မရဲ့ အိမ်မက်တွေ ပျောက်ဆုံးရတော့မယ်….ဆိုတဲ့ ခြောက်ခြားစိတ်က ရင်ထဲ ပြန်ဝင်လာခဲ့တယ်။

အဲဒီညမှာပဲ မနက်ဖြန် မောင့်ကို ပြောမယ်။ ကျွန်မတို့လက်ထပ်ဖို့ ရက်ကို ရွေ့ဆိုင်းကြပါဆို့လို့ ပြောမယ်လို့လည်း ဆုံးဖြတ်လိုက်မိတယ်။

တစ်ဆက်တည်းမှာပဲ အဲဒီလို ပြောလိုက်မယ်ဆိုရင် မောင်ရော ဘယ်လို ခံစားရမလဲ၊ အခါများစွာတုန်းကလိုပဲ ကျွန်မကို နားလည်ပေးမှာလား၊ ကျွန်မ အပေါ် အမြဲတန်းသည်းခံတတ်သူမို့ လက်ထပ်ခါနီးရက်ပိုင်းအလိုမှ ရက်ရွေ့ဖို့ ပြောလိုက်ရင်ရော သည်းခံနိုင်သေးလား။ တကယ်လို့ မောင်က ကျွန်မအပေါ်ကို စိတ်ပျက်နာကြည်းသွားရင်ရော ဘယ်လိုလုပ်မလဲ…။

ဒါကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ မောင်က ကျွန်မကို ဘယ်တော့မှ နာကြည်းမဲ့ သူမျိုး မဟုတ်ဘူးလို့လည်း ယုံကြည်ပြန်တယ်။ ဒါပေမဲ့ စိတ်တော့ပျက်မယ် ထင်တယ်။ သူက မင်္ဂလာပွဲအတွက် စိတ်ဝင်စားနေတဲ့အတွက် ကျွန်မကိုတော့ ဂရုမစိုက်နိုင်တော့ဘူး။ ကျွန်မ ဘယ်လို ခံစားနေရသလဲ ဆိုတာကိုလည်း သူမသိတော့ဘူး။

သူကိုယ်တိုင် ခန်းဝင်ပစ္စည်းတွေ ဖြစ်တဲ့ ကုတင် ဘီရိုကစပြီး စီစဉ်ဝယ်ယူနေတာ။
ကျွန်မ ကြိုက်တဲ့ ပန်းရောင် ၀မ်းဆက် အိပ်ရာခင်း၊ ပန်းရောင်မှို့ယာ၊ ပန်းရောင်ခေါင်းအုံးနဲ့ ခြင်ထောင် ကို အဓိကထားပြီး ရွေးချယ်ဝယ်ယူနေတာ၊ ပြီးတော့ အခန်းထဲမှာ ထားဖို့ကျွန်မရဲ့ စာအုပ်တွေအတွက်လည်း စာအုပ်စင်ကိုသူ့စိတ်ကူးနဲ့သူ ဒီဇိုင်းဆွဲပြီး ထားစေတာ။ ပြီးတော့ကျွန်မအတွက် မိတ်ကပ်ဆရာ စီစဉ်တာကစ အရာရာကို စီစဉ်ဆောင်ရွက်နေချိန်မှာ ကျွန်မရဲ့ ရက်ရွေ့ကြဦးစို့နော် ဆိုတဲ့ စကားတစ်ခွန်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုများ ဖြစ်သွားမလား….။

မေးခွန်းပေါင်းများစွာနဲ့…စိတ်ရှုပ်ထွေးမှု များစွာနဲ့…ကျွန်မက အမျိုးမျိုးဖြစ်နေသလောက်မောင်ကတော့ မင်္ဂလာပွဲအတွက် ဖိတ်စာတွေ ကမ်းဖို့ ပြင်နေတော့တယ်။ အဲဒီလို မဖြစ်ခင် ကျွန်မက မောင့်ကို တားရမှာ မဟုတ်ဘူးလား…။ မောင့်ကို ဘယ်လို ပြောရမလဲ။ပြီးတော့ အမေတို့ကိုရော ဘယ်လိုပြောရမလဲ။ အမေတို့ကို ပြောတာက ထားပါဦး မောင့်ကို အရင်ပြောရမှာ မဟုတ်လား။

အိမ်မှာပြောရမလား၊ ဒါမှ မဟုတ် လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာပဲ မောင်ရေ ကိုယ်တို့ လက်ဖက်ရည်သွားသောက်ရအောင်နော်လို့…ခေါ်ထုတ်ပြီး ပြောရမလား။ လက်ဖက်ရည်သောက်ရင်း ပြောလိုက်ရင် မောင့်မျက်နှာက ဘယ်လိုဖြစ်သွားမှာလဲ…။ မောင်စိတ်ထိခိုက်သွားမှာကိုလည်း ကျွန်မ မကြည့်ရက်နိုင်ပြန်ဘူး။

တစ်ခါတုန်းကလည်း လှည်းတန်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာပဲ ထင်ပါရဲ့။ မောင့်ကို ကိုယ်တို့လမ်းခွဲကြစို့လို့ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက ရုတ်တရက်ပြီး အံ့သြသွားပြီးမှ နာကျင်ကြေကွဲသွားတဲ့ မောင့်မျက်နှာကို ငေးကြည့်ရင်း ကျွန်မကိုယ်တိုင်လည်း ရင်နာခဲ့ရပါတယ်။ ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။

ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ ပူပင်မူတွေက ကျွန်မကိုတင် မကဘူး မောင့်ကိုပါ လောင်မြိုက်စေတော့မယ်။ စိတ်ထိခိုက်ရပါတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

Check Also

ချစ်တဲ့ သူတွေအကြောင်းပြောရအောင်(၂၄)

အဲဒီခေတ်တုန်းကတော့စာပေစီစစ်ရေးနဲ့ ဆက်ဆံရတာ စိတ်ပျက်ပြီးတော့ မဂ္ဂဇင်းမထုတ်တော့ဘဲနဲ့ အခြားအလုပ်ပြောင်းကုန်တဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးပဲ။ သူတို့အနေနဲ့ စာနယ်ဇင်းလုပ်ငန်းက အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ အခြားအလုပ်တွေ ပြောင်းကုန်ကြတာပါ။ စာပေစီစစ်ရေးက ကျွန်မကို အယ်ဒီတာလုပ်ပိုင်ခွင့်ပျောက်ဆုံးပြီး …