Wednesday , September 27 2017
Home / သတင်း / ၀တ္ထု / ကဗျာ / ချစ်တဲ့ သူတွေအကြောင်းပြောရအောင်(၂၄)

ချစ်တဲ့ သူတွေအကြောင်းပြောရအောင်(၂၄)

အဲဒီခေတ်တုန်းကတော့စာပေစီစစ်ရေးနဲ့ ဆက်ဆံရတာ စိတ်ပျက်ပြီးတော့ မဂ္ဂဇင်းမထုတ်တော့ဘဲနဲ့ အခြားအလုပ်ပြောင်းကုန်တဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးပဲ။ သူတို့အနေနဲ့ စာနယ်ဇင်းလုပ်ငန်းက အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ အခြားအလုပ်တွေ ပြောင်းကုန်ကြတာပါ။

စာပေစီစစ်ရေးက ကျွန်မကို အယ်ဒီတာလုပ်ပိုင်ခွင့်ပျောက်ဆုံးပြီး မဂ္ဂဇင်း စီစဉ်သူအဖြစ်သာ ဖြစ်လာအောင် ဆောင်ရွက်ခဲ့ပြီးတဲ့ နောက်ပိုင်းကာလကတော့ ကျွန်မရဲ့ နာကျင်ကြေကွဲရသော နေ့ရက်များလို့သာ ခေါင်းစဉ်ပေးချင်တော့တယ်။

ကျွန်မက အယ်ဒီတာချုပ်ရာထူးကိုလက်ခံထားနေရဆဲဖြစ်ပေမဲ့ စာမူတွေကို တကယ်ဆုံးဖြတ်တာကတော့ ကျွန်မ မဟုတ်တော့ဘူးလေ။ ဒါက ကျွန်မကို အနာကျင်စေဆုံးနဲ့ အရက်စက်ဆုံးပါပဲ။ ဒါပေမဲ့ အဲဒီအခြေအနေကြားကနေ စာနယ်ဇင်းသမားတစ်ယောက်ရဲ့ တာဝန်ကျေပွန်အောင်အားထုတ်ဖို့ ဆရာလူထုစိန်ဝင်းက တိုက်တွန်းရငင်း အားပေးခဲ့ပါတယ်။

ရွှေပုစွန်မဂ္ဂဇင်းမှာ အက်ဆေးလို့ခေါ်တဲ့ ရသစာတမ်းလေးတွေ ပါအောင်ထည့်ရင်း ခေတ်ရဲ့ အခြေအနေကိုတင်ပြခဲ့တာ စာပေစီစစ်ရေးက သတိထားမိပြီး ဖြုတ်ပြန်ရော။ အဲဒီမှာ ဆရာလူထုစိန်ဝင်းက ကျွန်မကို ၀တ္ထုလည်းမဟုတ်၊ ဆောင်းပါးလည်း မဟုတ်တဲ့ ကြားပုံစံ စာပေအရေးအသားနည်းတစ်ခုနဲ့ ရေးဖို့ တိုက်တွန်းပါတယ်။ အဲဒီနည်းလမ်းနဲ့ ဒီကနေ့ခေတ်ကို ဖော်ကျူးနိုင်လိမ့်မယ်လို့ ဆရာကတော့ ယုံကြည်ပြန်သတဲ့။

ကျွန်မက စီးပွားရေးဆောင်းပါးတွေ ရေးစဉ်ကတည်းက လူတွေကို လုပ်ငန်းတွေထက်ပိုစိတ်ဝင်စားတဲ့အတွက် သူတို့ရဲ့အကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်စပ် ရေးလေ့ရှိခဲ့တယ်။ အဲဒါကြောင့် ဆရာက ဒီရေးသားပုံစံဟာ ခေတ်ကိုမြင်အောင်ရေးလို့ရသလို၊ကျွန်မရဲ့ ရေးဟန်နဲ့ လိုက်ဖက်တယ်လို့ ဆရာက တိုက်တွန်းအားပေးခဲ့တယ်။ အဲဒီစာစုတွေရဲ့ ခေါင်းစဉ်ကိုတော့ ကျွန်မ မောင်လေး အေးချမ်းဟိန်က ပေးခဲ့တယ်။ သူတို့ဝမ်းစာ ရှာကြသည်…တဲ့။

ဒီခေါင်းစဉ်အောက်က စာတွေကို ဖတ်ရင်တော့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြတဲ့ သူတွေအကြောင်းကို ရိုးရိုးလေးပဲ ရေးတာပါပဲ။ အဲဒီစာတွေထဲမှာ ဒီနေ့ခေတ်မှာလူတွေ ဘယ်လို ၀မ်းစာရှာနေရသလဲ ဆိုတာကို အခြေခံလူတန်းစားတွေရဲ့ ဘ၀နဲ့ အခြေအနေတွေကို အဓိကထားပြီး ရေးသားခဲ့တယ်။

အဲဒီစာစုလေးတွေက ဆရာနဲ့ကျွန်မ ထင်မှတ်ထားတာ ထက် ပိုအောင်မြင်ခဲ့ တယ်။ စောင့်ဖတ်သူတွေ ရှိလာသလို၊ ၀န်ကြီးဋ္ဌာနက ကော်မတီဝင်တွေက လည်း အန်အယ်ဒီအကြောင်း၊ ဒေါ်စုအကြောင်း ရေးထားတာ တစ်လုံးမှ မပါဘူးဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။(အဲဒါလေးတွေက လွတ်ခဲ့တဲ့အပြင် သူတို့ဝမ်းစာရှာကြသည် ဆိုတဲ့ခေါင်းစဉ်နဲ့ ရသစာတွေကို လ၀န်းသစ်စာပေလုပ်ငန်းစုကနေ ၂၀၀၁-၂၀၀၁ ၀န်းကျင်မှာ ထုတ်ဝေခဲ့ပါသေးတယ်)

နောက်ပိုင်းမှာတော့ကျွန်မအနေနဲ့ကြုံတွေ့ရတဲ့အခက်အခဲက ငွေကြေးကဏ္ဍဖြစ် လာပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်ခံရတာကတော့ ကျွန်မရဲ့ဘ၀ပေးအခြေအနေအရလို့ ယူဆခဲ့ပေမဲ့ ငွေကြေးကြောင့် စိတ်ပင်ပန်းခဲ့ရတာတွေ ကြပ်တည်းခဲ့ရတာတွေကတော့ ကျွန်မရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့ပဲ ဆိုချင်ပါတော့တယ်။

ပုံမှန်စာရင်းကိုင်တွေအနေနဲ့ ၀င်ငွေ၊ ထွက်ငွေတွေကို နေ့စဉ် စာရင်းမှတ်ထားပြီး ကုန်ကျစရိတ်ဘောက်ချာလေးတွေ စုထားရုံနဲ့ အဆင်ပြေစွာ လုပ်နိုင်တဲ့ ကိစ္စပါပဲ။ ဒါပေမဲ့မဂ္ဂဇင်းမှာတော့ အချို့သော ကုန်ကျစရိတ်တွေက အခြားလူတွေနားမလည်နိုင်အောင် ရှုပ်ထွေးတတ်တာကို တွေ့လာရတယ်။

ဥပမာ စာမူခဆိုပါတော့ မဂ္ဂဇင်းတွေမှာပုံမှန်ရေးနေတဲ့နာမည်လည်းရှိတဲ့စာရေးဆရာတွေဆိုရင် စာမူပေးတာနဲ့တစ်ခါတည်း စာမူခကို ချီးမြှင့်ရပါတယ်။ ဒါပေမဲ့ အဲဒီစာမူကို စာပေစီစစ်ရေးက ဖြုတ်ခိုင်းရင်လည်း ဖြုတ်ပေးလိုက်ရရော။ အဲဒါကြောင့် တကယ်တမ်းမဂ္ဂဇင်းထွက်တဲ့အခါမှာ အဲဒီစာမူက မဂ္ဂဇင်းမှာ မပါတော့ပါဘူး။ မဂ္ဂဇင်းထဲမှာ မပါတဲ့ စာမူအတွက် စာမူခဟာ စာရင်းသဘောအရ ဘောင်မ၀င်ပြန်ဘူး။ ဒါ့အတွက် ငွေစာရင်းအနေနဲ့လည်းရှင်းဖို့ခက်တဲ့အတွက် အဲဒီလို အဖြုတ်ခံရတဲ့ဝတ္ထု၊ကဗျာ၊ ဆောင်းပါး စတဲ့ စာမူခတွေကတော့ ကျွန်မ စိုက်ပေးလိုက်ရတာပဲ များပါတယ်။

ပြီးတော့ အဲဒီခေတ်တုန်းက မဂ္ဂဇင်းဈေးကွက်မှာ လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်ဟာ လဆန်း၅ ရက်မတိုင်မီဖြန့်ချိနိုင်မှ ရောင်းအားကောင်းပါတယ်။လဆန်းပိုင်းမထွက်နိုင်ရင်တောင်မှ နောက်အကျဆုံး လဆန်း ၇ ရက်၊ သို့မဟုတ် ၈ ရက်နေ့နောက်ဆုံးထားပြီး ဈေးကွက်ထဲကို ဖြန့်ချိပေးနိုင်ဖို့ လိုတယ်။ အဲဒီရက်ထက်နောက်ကျတဲ့ မဂ္ဂဇင်းကို အရောင်းဆိုင်တွေကလည်း မတင်ချင်သလို၊ အဲဒီတုန်းက မဂ္ဂဇင်းဈေးကွက်က စာအုပ်အငှားဆိုင်လေးတွေကို အားထားရတာဖြစ်တဲ့အတွက် လဆန်းမှ မထွက်ရင် စာအုပ်ဆိုင်တွေကလည်း ၀ယ်ပြီး မတင်ကြတော့ပါဘူး။

အဲဒါကြောင့် မဂ္ဂဇင်းထုတ်တဲ့သူတွေက သူတို့မဂ္ဂဇင်းလေးတွေကို လဆန်းပိုင်းမှာ ထွက်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားကြရပါတယ်။စာပေစီစစ်ရေးကိုလည်းကြိုတင်ရတယ်၊ပြီးတော့လည်း ဖြုတ်ခိုင်းတာဖြုတ်ရဲ့လားဆိုတာကို စစ်ဆေးဖို့အတွက် နောက်ထပ်တစ်ကြိမ်နဲ့ စုစုပေါင်း နှစ်ကြိမ်တင်ရတော့ စာပေစီစစ်ရေးမှာတင် ၂ ပတ်လောက် အချိန်ပေးကြရပါတယ်။

အဲလိုအခြေအနေကြောင့် မဂ္ဂဇင်းတွေက စာပေစီစစ်ရေးမကျခင်ကတည်းက ကြိုရိုက်တာတွေ လုပ်ကြရပါတယ်။အဲလို ကြိုရိုက်ထားပေမဲ့ စာပေစီစစ်ရေးက ဖြုတ်ခိုင်းတာတွေ ရှိလာတော့လည်း ရိုက်ထားတဲ့စာမူဖောင်တွေကို စွန့်ပြီး နောက်ထပ်အသစ်ပြန်ရိုက်ကြရတာပါပဲ။

အဲဒီတုန်းက စာပေစီစစ်ရေးကနေ ဖြုတ်ဆိုတဲ့ စာပိုဒ်လေးတစ်ပုဒ်ဖြစ်ဖြစ် တစ်ကြောင်း
ဖြစ်ဖြစ်ဈေးကွက်ထဲကို ဖြန့်ချိတဲ့မဂ္ဂဇင်းထဲပါသွားရင်မဂ္ဂဇင်းပိတ်သိမ်းတဲ့အထိအရေးယူနိုင်ပါတယ်။အဲဒါကြောင့် စီစစ်ရေးက ဖြုတ်ခိုင်းပြီဆိုရင် စာအုပ်တွေအားလုံး ရိုက်ထားပြီးရင်တောင်မှ အစအဆုံး ပြန်ပြီးရိုက်ရတဲ့ အတွက်ကုန်ကျစရိတ်တွေပိုပါတယ်။

စီးပွားရေးအရ အောင်မြင်နေတဲ့မဂ္ဂဇင်းတွေကတော့ တတ်နိုင်ပေမဲ့ ကျွန်မတို့လို စီးပွားရေးအရလည်း မအောင်မြင်သေးတဲ့ မဂ္ဂဇင်းတွေကတော့ အတော့်ကို ထိခိုက်ခဲ့ပါတယ်။
အောင်မြင်တဲ့မဂ္ဂဇင်းကြီးတွေကတော့ စာပေစီစစ်ရေးနဲ့ အဆင်ပြေအောင် ပေါင်းကြသင်းကြတဲ့အတွက် သိပ်မထိခိုက်ပေမဲ့ မပေါင်းနိုင်မသင်းနိုင်တဲ့ မဂ္ဂဇင်းလေးတွေကတော့ စာပေစီစစ်ရေးဒဏ်ကို ပိုခံကြရတယ်။ အထူးသဖြင့် ကျွန်မတို့လို ဟိုမရောက်ဒီမရောက်တွေက ပိုဆိုးတာပေါ့ရှင်။

ကျွန်မအနေနဲ့ကတော့ စာမူတွေဖြုတ်လိုက်ရတဲ့အခါမှာ ပြန်ရိုက်ရတဲ့ စရိတ်တွေတက်နေရင်းနဲ့ကို ချာလည်ချာလည်နဲ့ပဲ မဂ္ဂဇင်းကို ဆက်ထုတ်နေခဲ့တယ်။
အဲဒီတုန်းကလည်း ကျွန်မက တစ်ဖက်က ရွှေပုစွန်မဂ္ဂဇင်းထုတ်နေခဲ့သလို၊ တစ်ဖက်ကလည်း မြန်မာ့ဓန၊ ကြေညာနဲ့ ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း၊ ဖက်ရှင်မဂ္ဂဇင်းတွေမှာ စာတွေ ဆက်ရေးနေခဲ့တယ်။ အဲဒီက ၀င်ငွေတွေက မဂ္ဂဇင်းအတွက် လိုအပ်တာတွေပဲ သုံးခဲ့ရပါတာများတယ်။

အဲဒီလိုနဲ့ မဂ္ဂဇင်းအတွက် စိုက်လိုက်၊ မိတ်ဆွေသူငယ်ချင်းတွေဆီက ချေးလိုက် ပြန်ပေးလိုက် ပြန်ဆပ်လိုက်နဲ့ လုံးချာပတ်ချာလည်အောင် လုပ်ရင်းနဲ့ပဲ မဂ္ဂဇင်းကို ဆက်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီခေတ်တုန်းကတော့စာပေစီစစ်ရေးနဲ့ ဆက်ဆံရတာ စိတ်ပျက်ပြီးတော့ မဂ္ဂဇင်းမထုတ်တော့ဘဲနဲ့ အခြားအလုပ်ပြောင်းကုန်တဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးပဲ။ သူတို့အနေနဲ့ စာနယ်ဇင်းလုပ်ငန်းက အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ အခြားအလုပ်တွေ ပြောင်းကုန်ကြတာပါ။

အဲဒီအချိန်မှာ ချစ်သူကလည်း ရန်ကုန်မှာ ရှိနေတဲ့အချိန်ဆိုရင် ကျွန်မရဲ့ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေကို သူက ငွေကြေးပိုင်းမှာလည်း ကူညီဖြေရှင်းပေးခဲ့တာတွေ ရှိသလို၊ ကျွန်မကို နားလည်စွာနဲ့ အားပေးခဲ့တာတွေလည်း ရှိတယ်။

သူရန်ကုန်မှာ ရှိနေတဲ့ ရက်တွေမှာ ကျွန်မတို့ နေ့တိုင်းလိုလို တွေ့ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ စည်းကမ်းတစ်ခုတော့ နှစ်ဦးသဘောတူချမှတ်ထားကြတယ်။ ကိုယ့်အလုပ်ကို စိတ်ပါလက်ပါ လုပ်နိုင်ဖို့အတွက် ရုံးချိန်တွေမှာ မလာရ၊ မတွေ့ရ ဆိုပြီးတော့ပါ။ ရုံးဆင်းချိန်မှာတော့ ကျွန်မကို ရုံးဆင်းလာကြိုပြီး အိမ်အပြန်လမ်းမှာ စကားပြောဖြစ်ကြတာပေါ့။

ဒီနေရာမှာ တစ်ခုတော့ ၀န်ခံချင်ပါတယ်။ သူနဲ့အတူရှိနေရချိန်တွေက ကျွန်မအတွက် အေးချမ်းပျော်ရွှင်စရာကောင်းနေတဲ့အတွက် ကျန်တဲ့အချိန်တွေဟာ ပိုပြီးတော့ မွန်းကြပ်ငြီးငွေ့ဖွယ်ကောင်းချိန်တွေပဲ ဖြစ်လာတော့တယ်။အလုပ်လုပ်နေတုန်းမှာ သူ့အကြောင်းမတွေးမိပေမဲ့ လုပ်ငန်းခွင် ဖိစီးမှုရှိလာတဲ့အချိန်တွေနဲ့ ၀မ်းနည်းအားငယ်သွားချိန်တွေမှာတော့ သူ့ကို သတိရမိတော့တာပါပဲ။

ကျွန်မကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေမှာ အရောင်ဖျော့ဖျော့လေး ဖြတ်ပြေးသွားတာ။ ကျွန်မကို တွေ့ရတဲ့အတွက် ၀မ်းသာပျော်ရွှင်ကြောင်း ဘယ်တုန်းကမှ ပါးစပ်ကနေ ထုတ်မပြောခဲ့ဘူးပေမဲ့ သူ့ကိုမြင်ရုံနဲ့ သိသာစေတတ်တယ်။
သူစင်ကာပူကနေ ပြန်လာခဲ့ပြီးနောက်ပိုင်းမှာ သူက ရင့်ကျက်သွားခဲ့ပြီး စီးပွားရေးကို ပိုပြီး အာရုံစိုက်လာခဲ့တယ်။ ကျွန်မနောက်ကိုတကောက်ကောက်လိုက်နေတဲ့ ချာတိတ်ကလေးရဲ့ ရှက်ကိုးရှက်ကန်း ဟန်အမူရာတွေလည်း သူ့ဆီကနေ မတွေ့ရတော့ဘဲနဲ့ အရွယ်ရောက်ပြီဖြစ်တဲ့ အမျိုးသမားတစ်ယောက်ရဲ့ ဟန်ပန်မျိုးပြောင်းလဲလာခဲ့တယ်။

သူ့စိတ်ကူးထဲမှာ ကျွန်မနဲ့အတူတူ လပ်ထပ်ပြီးရင် နေထိုင်ဖို့ တိုက်ခန်းလေးတစ်ခန်းဝယ်မယ်ဆိုတဲ့ စိတ်ကူးလေးရှိတယ်။ အဲဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့ သူက ငွေစုပါတယ်။ပြီးတော့ ကျွန်မအတွက်လို့ရည်ရွယ်ပြီး ရွှေလက်ကောက်လေးတွေလည်း ၀ယ်စုခဲ့တယ်။

ကျွန်မကတော့ ရွှေပုစွန်မဂ္ဂဇင်းအတွက် လိုအပ်လာရင် ဘာကိုမှ သိပ်မမြင်တတ်ဘဲ၊ သူ့ဆီကနေ ချေးသုံးခဲ့တယ်။ ကျွန်မ စိတ်ထဲ သူ့ကိုပိုက်ဆံပြန်ပေးမယ်လို့ စဉ်းစားခဲ့ပေမဲ့ ချေးသုံးရင်းနဲ့ပဲ တိုက်ခန်းအတွက်လို့ ရည်ရွယ်ထားတဲ့ သူ့ပိုက်ဆံတွေ လျော့လျော့သွားခဲ့တယ်။
ဒါပေမဲ့ သူက ကျွန်မကို အပြစ်မတင်ခဲ့ပါဘူး။ နောက်ဆုံး သူစုပေးထားတဲ့ လက်ကောက်လေးတွေကိုတောင်မှ အပေါင်ဆိုင်သွားပေါင်ပြီး မဂ္ဂဇင်းထဲဖြည့်ခဲ့တော့ သူက စိတ်မဆိုးပေမဲ့ သက်ပြင်းရှိုက်ခဲ့တယ်။ အဲဒါကို ပိုက်ဆံရရင် ပြန်ရွေးပေးပါမယ်လို့ ကျွန်မ ကတိပေးခဲ့တာပါ။တကယ်တမ်း အဲဒီလက်ကောက်လေးကို ပြန်ရွေးခဲ့တဲ့ သူက ကျွန်မ မဟုတ်ဘဲ သူပဲဖြစ်ခဲ့ပြန်တယ်။

ကျွန်မ စိတ်ထဲ မဂ္ဂဇင်းပုံမှန်ထွက်ရှိရေးကပဲ အရေးကြီးဆုံးဖြစ်တယ် ဆိုတာကို သူ သိသွားပြီး စိတ်မကောင်းဖြစ်ဟန်ရှိခဲ့ပေမဲ့ ကျွန်မအပေါ်မှာတော့စိတ်ပျက်သွားဟန်တော့ မတွေ့ခဲ့ရပါဘူး။ သူ့မှာလည်း လုပ်ငန်းနဲ့ ပတ်သက်တွေ ဖိအားတွေ အဆင်မပြေမှုတွေ ရှိပေမဲ့ သူက ဘယ်တုန်းကမှ မညည်းညူတတ်ဘူး။ ကျွန်မ စိတ်ညစ်စေမဲ့ စိတ်ထိခိုက်စေမဲ့ စကားကိုလည်း တစ်ခွန်းမှ မဆိုခဲ့ဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်တတ်ဘူး။
ခေါင်းမာတဲ့ ကျွန်မကိုလည်း အမြဲညည်းခံတတ်တယ်။ သူက ကျွန်မပြောသမျှကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖြည့်ဆည်းပေးတာကပဲ ကျွန်မအတွက် သာယာပျော်ရွှင်မှု ဖြစ်ရပါတော့တယ်။

အဲဒီလိုနဲ့ သူနဲ့ ကျွန်မ ပို ပိုပြီး နီးကပ်လာသလို၊ တစ်ယောက်နဲ့တစ်ယောက်လည်း ပိုပြီး နားလည်လာခဲ့ကြတယ်။ ကျွန်မတို့ လက်ထပ်သင့်ပြီလို့ သူမကြာခဏပြောလေ့ရှိတယ်။
`မောင်ကတော့လက်ထပ်ပြီးရင် တစ်ယောက်တစ်နေရာစီကို ခွဲနေဖို့မစဉ်းစားဘူး၊ နှစ်ယောက်အတူတူနေပြီးတော့ ရင်ဆိုင်မယ်နော်`တဲ့ သူက အဲလို ပြောရင်းနဲ့ပဲ ကျွန်မကိုလေးလေးနက်နက်ကြည့်ပြီး မေးတတ်ပြန်တယ်။ `နိုင်ငံခြားမှာသွားအလုပ်လုပ်မယ်ဆိုရင် မေလိုက်ခဲ့မလား`တဲ့။

ကျွန်မကလည်း အမြဲတမ်း ဖြေတယ်။ NO…ပါလို့။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက ဘာကြောင်းကြောင့်မှ ကိုယ့်တိုင်းပြည်ကို ခွဲမသွားဘူးလို့ ဆုံးဖြတ်ထားတဲ့သူ။ တကယ်လို့ မင်းသွားမယ်ဆိုရင်တော့ ကျွန်မကို ထားသွားပါလို့ပဲ ဖြေတတ်တယ်။ တကယ်ပဲ ကျွန်မက ဘယ်လောက် ဒုက္ခရောက်နေပါစေ မြန်မာပြည်တိုင်းပြည်ကနေ ထွက်သွားဖို့စိတ်ကူးမရှိခဲ့ဘူး။

ပြီးတော့ လက်ထပ်ဖို့အတွက်လည်း စိတ်ကူးမရှိတဲ့၊ ဘယ်တုန်းကမှ အဆင်သင့်မဖြစ်နိုင်တဲ့ မိန်းမတစ်ယောက်ပါ။ ဒါပေမဲ့ သူနဲ့ကျွန်မဘာဖြစ်လို့ လက်ထပ်ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ကျွန်မတို့ရဲ့ နဖူးစာကြောင့်ပဲလို့ ခပ်လွယ်လွယ်ဖြေမယ်ဆိုရင် မပြည့်စုံနိုင်ပါဘူး။

အမျိုးသမီးတွေ လက်ထပ်ရခြင်းရဲ့ အကြောင်းအရင်း ၅ မျိုး ရှိတယ်လို့ ကျွန်မ မှတ်သားခဲ့ရဖူးပါတယ်။ပထမတစ်မျိုးကတော့ မိခင်စိတ်(Sense of maternity)လို့ ခေါ်တဲ့ ကြင်နာယုယရင်းစောင့်ရှောက်လိုတဲ့စိတ်၊ မိခင်စိတ်မျိုးနဲ့ လက်ထပ်ကြပါတယ်။
ဒုတိယတစ်မျိုးကတော့ လုံခြုံစိတ်ချလိုစိတ်(Sense of security)ပါ။ ဒါကို လုံခြုံစိတ်ချလိုတဲ့အတွက် လက်ထပ်ခြင်းလို့ ပြောကြပါတယ်။

တတိယကတော့ (Sense of love)လို့ခေါ်ပါတယ်။ အချစ်စိတ်လို့ ခေါ်ရာမှာ လိင်ဆက်ဆံမှုပေါ်မှာ အခြေခံတဲ့ အချစ်စိတ်မျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး။ သူ့ကို အနားမှာ ရှိစေချင်တာ၊ သူနဲ့အတူတူ ဘ၀ကို ရှင်သန်ချင်တဲ့စိတ်နဲ့လက်ထပ်ကြတယ်လို့ နားလည်ရပါတယ်။

နောက် ဖန်တီးလိုခြင်း(Sense of creation)ကြောင့် လက်ထပ်ကြတယ်လို့ သိရပါတယ်။ ကိုယ့်ဘ၀ကို ဖန်တီးလိုတဲ့အတွက် ဘ၀ရဲ့ အဖော်ကို ရွေးချယ်ပြီး လက်ထပ်ခြင်းမျိုးဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ (Sexual licence)ဆိုတဲ့ လိင်ကြောင့်လက်ထပ်လိုခြင်းပါပဲ။ ကာမပိုင်ရှိလိုတဲ့အတွက် လက်ထပ်ခြင်းလို့လည်း ပြောကြပါတယ်။

သူနဲ့ကျွန်မ လက်ထပ်ဖြစ်ကြတာကတော့ အဲဒီအချက်တွေထဲက အချို့အချက်တွေကြောင့်လို့ ပြောနိုင်ပေမဲ့ ကျွန်မကတော့ ဗေဒင်ဆရာဦးလှမြင့်ကြောင့်လို့ ပြောရင် ပိုမှန်မယ်ထင်ပါတယ်။

ကျွန်မကလည်း ဗေဒင်တွေ လက္ခဏတွေကို လက်ခံတဲ့ သူ၊ ယုံကြည်တတ်သူ တစ်ဦးပါ။
သူကတော့ အဲလိုပြောရင် လက်မခံချင်ဘူး။ `ဘယ်နှဲ့ဗေဒင်ဆရာကြောင့်ဖြစ်ရမှာလဲ ချစ်လို့ လက်ထပ်တာ၊ အတူတူနေချင်လို့ လက်ထပ်တာ၊ နောက်တောင်ကျသေးတယ်`လို့ ပြန်ပြောလေ့ရှိတယ်။

ကျွန်မကလည်း အဲလိုမဟုတ်ဘူး၊ ကျွန်မက အသက်သုံးဆယ်လောက်ထိ လက်မထပ်ဘဲ နေချင်တာလို့ ပြောခဲ့တဲ့အတွက် အဲဒီတုန်းက လက်ထပ်တာကို စောတယ်လို့ သုံးသပ်မိပါတယ်။

`မဟုတ်ဘူး ဗေဒင်ဆရာက ကိုယ်တို့နှစ်ယောက်လက်ထပ်လိုက်ရင် နှစ်ယောက်စလုံးအတွက်ကောင်းတယ်။ အထူးသဖြင့် ကျွန်မအတွက် အရမ်းကောင်းတယ်၊ပြီးတော့ ၁၉၉၉ နှစ် မှာ လက်ထပ်တာက ကျွန်မအတွက် အကောင်းဆုံးနှစ်ပဲ `လို့ ပြောတဲ့အတွက် လက်ထပ်ဖြစ်သွားတာပါလို့ မုသားမပါဘဲ ပြောလေ့ရှိတယ်။

အဲဒီတုန်းကလည်းကျွန်မက ဗေဒင်သွားကြည့်ရင်း၊ သူ့ကပါ လိုက်လာခဲ့တယ်။ ဗေဒင်သွားကြည့်တာကလည်း ကျွန်မတို့နေတဲ့ ဆရာများရိပ်သာထဲက ၈၈ အရေးအခင်းမှာ နိုင်ငံရေးထဲပါလို့ ဆိုပြီး သူအလုပ်ဖြုတ်ခြင်းခံလိုက်ရတဲ့ အင်ဂျင်နီယာ ဘဘ တစ်ဦးဆီမှာပါ။ အဲဒီနောက်ပိုင်းမှာ ဗေဒင်ကို ၀ါသနာပါစွာ လိုက်စားရင်းနဲ့ ဗေဒင်ဆရာဖြစ်လာတာပါ။

ကျွန်မကိုတော့ ဘဘဦးလှမြင့်က နှစ်စဉ်နှစ်တိုင်း ဇာတာစစ်ဆေးပေးတာတွေ အမြဲလုပ်ပေးပါတယ်။ ခုလည်း ကျွန်မကို ၁၉၉၉ ခုနှစ်၊ ဧပြီမှာ အသက် ၂၅ နှစ်ပြည့်မှာဖြစ်တဲ့ အတွက် စစ်ပေးရင်း သူ့ကိုလည်းဗေဒင်ကြည့်ဖြစ်သွားတယ်။

သူက ဗုဒ္ဓဟူးသားလည်းဖြစ်တဲ့အပြင် သူ့ရဲ့မွေးဇာတာနဲ့ဂြိုလ်တွေကို တွေက်ချက်မှုအရ ကျွန်မအတွက်တော့သူက အကောင်းဆုံး သတိုးသားပဲလို့ ဟောပါတယ်။ တစ်သက်လုံး ပါရမီဖြည့်ပေးမယ့် သူလို့ ဟောတော့ ကျွန်မ သဘောကျသွားတယ်။

ဒါပေမဲ့ သူ့အတွက်ကတော့ ကျွန်မက သူ့အတွက်အကောင်းဆုံးမဟုတ်ဘူးတဲ့။ သူက အမြဲတမ်းသည်းခံနေထိုင်ရလိမ့်မယ်။ စိတ်ပင်ပူရလိမ့်မယ်။ မင်းအတွက်ကတော့ သိပ်မကောင်းဘူး ၊အဲတော့ စဉ်းစားဦးလို့ ဦးလှမြင့်က သူ့ကိုကြည့်ပြီး ခပ်တည်တည်နဲ့ ပြောပါတယ်။

သူကတော့ ကျွန်မကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ရင်းနဲ့ပဲ `ရတယ် ဘဘ ကျွန်တော် မစဉ်းစားတော့ဘူး` လို့ ခပ်လောလော ပြန်ဖြေတယ်။

သူ့ရဲ့ အဖြေနဲ့ဟန်ကြောင့် ဆရာဦးလှမြင့်နဲ့အတူ ကျွန်မနဲ့သူပါ နှစ်ယောက်လုံး ရယ်မောမိကြတယ်။ ဘဘဦးလှမြင့်က ကျွန်မတို့နှစ်ယောက်လက်ထပ်ရင်တော့ အသက်ကြီးတဲ့အထိ ပေါင်းဖက်နို်င်လိမ့်မယ်၊ပြီးတော့ကျွန်မတို့ နှစ်ယောက်စလုံးမှာ အိမ်ထောင်ဘက်အဖြစ် သန့်သန့်စင်စင်နဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု မရှိဘဲနဲ့ သေဆုံးသည်အထိ ပေါင်းရမယ်လို့ ဟောပါတယ်။

ပြီးတော့ ဒီနှစ်က ကျွန်မအတွက် လက်ထပ်မယ်ဆိုရင်အကောင်းဆုံးအချိန်ပဲ၊ အဲဒီအချိန်မှာ ကျွန်မ အသက်က ၂၅ နှစ်ဖြစ်တဲ့အတွက် ၂၆ နှစ်ထဲ မ၀င်ခင်လက်ထပ်ဖို့ သင့်လျော်တယ်လို့ ဘဘဦးလှမြင့်က ဟောခဲ့ပါတယ်။

အဲဒီလိုနဲ့ ဗေဒင်ဆရာဘဘဦးလှမြင့်ဆီကနေ အပြန်မှာ ဒီနှစ်အတွင်းမှာ လက်ထပ်ကြမလားလို့ စဉ်းစားဖြစ်ခဲ့ကြတယ်။ အဲဒီနေ့မှာပဲ သူ့မိဘရော ကျွန်မ မိဘကိုပါ ဖွင့်ပြောပြီး လက်ထပ်မယ်လို့ နှစ်ယောက်စလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ရှေ့ဆက်ဖော်ပြပေးပါမည်။

Check Also

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။ ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ …