Saturday , May 27 2017
Home / သတင်း / ပါတီသတင်း / ကျိုင်းတုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သူကို NLD ကန့်ကွက်မည်

ကျိုင်းတုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သူကို NLD ကန့်ကွက်မည်

ဇော်မင်း (မြစ်မခ)

ရန်ကုန်၊ ဧပြီ ၂၁ ရက်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးရှာမွေလရှဲန်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမဲဆန္ဒနယ်တွင် USDP ပါတီမှ ဦးရှာမွေလရှဲန်က မဲအများဆုံးဖြင့်အနိုင်ရရှိခဲ့ခြင်းကို ဒုတိယမဲအများဆုံး ရရှိခဲ့သည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးက ဧပြီလ နောက်ဆုံးအပါတ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကန့်ကွက်ဖို့တော့ အချက်အလက်တွေစုနေပါတယ်။ ဘယ်လိုအချက်အလက်တွေလဲဆိုတော့ နယ်မြေအနေ
အထားအရ ပြောရခက်နေပါတယ်၊ ဒီဧပြီလကုန်ပိုင်းလောက်မှ တင်ဖို့လုပ်ထားပါတယ်၊ သိပ်မကြာခင်တော့ သိရမှာပါ။”ဟု ဒေါက်တာဝဏ္ဏစိုးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲဥပဒေတွင် တိုင်းဒေသကြီး(သို့)ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ (၄၅)ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယှဉ်ပြိုင်အရွေးခံသော မည်သည့်ကိုယ်စားလှယ်လောင်းကမဆို (သို့မဟုတ်) မည်သည့်မဲဆန္ဒရှင်ကမဆို ဆီလျော်သောအကြောင်းပြ ချက်များကိုဖော်ပြပြီး ကော်မရှင်သို့ ကိုယ်တိုင် (သို့မဟုတ်) စာဖြင့် အခွင့်အာဏာလွှဲအပ်ထားသော ကိုယ်စား လှယ်က အမှုကုန်ကျစရိတ်ပေးသွင်း၍ ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း သိရသည်။

“ကန့်ကွက်လွှာတွေက ရွေးကောက်ပွဲအပြီး (၄၅)ရက်တော့ စောင့်ရဦးမယ်။ လက်ရှိအချိန်ထိတော့ တင်ထား တာမရှိသေးပါဘူး”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

အဆိုပါ ကန့်ကွက်လွှာတင်သွင်းတိုင်ကြားမှုများကို ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်းစစ်ဆေးရာတွင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိလျှင် ၎င်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲဥပဒေတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာတင်သွင်းမှု (၂၈)မှုရှိခဲ့ပြီး ကန့်ကွက်လွှာအနိုင်ရမှု (၅)မှုရှိခဲ့ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာတင်သွင်းမှု(၄)မှုရှိခဲ့ပြီး အနိုင်ရရှိမှု တစ်မှုမှမရှိခဲ့ဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကန့်ကွက်လွှာတင်သွင်းမှု(၄၅)မှုရှိခဲ့ကြောင်း သိရသည်။

Check Also

အမ်းမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီအနေဖြင့် အနိုင်ရလိုကြောင်း ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောကြား

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဇန်န၀ါရီ(၁၁)ရက်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လစ်လပ်နေသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်အနေဖြင့် …