Thursday , November 30 2017
Home / FNews / ကျိုင်းတုံတွင် NLD မဲဆွယ်စည်းရုံးရေး မော်တော်ယာဉ်နှစ်စီး ဖျက်ဆီးခံရ

ကျိုင်းတုံတွင် NLD မဲဆွယ်စည်းရုံးရေး မော်တော်ယာဉ်နှစ်စီး ဖျက်ဆီးခံရ

ထက်တိုင်းကျော် (မြစ်မခ)

ကျိုင်းတုံ၊ မတ် (၃၁) ရက်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေး မော်တော် ယာဉ်(၂)စီး ရှေ့လေကာမှန်များ ဖျက်ဆီးခံခဲ့ရကြောင်း တာချီလိတ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ထံမှ သိရှိရသည်။

“ပါတီအောင်နိုင်ရေးမှာ ကျွန်တော်နဲ့အတူ တာချီလိတ်က NLD ပါတီဝင်များနဲ့ ပါတီမိတ်ဆွေအင်အားစုစုပေါင်း (၉၀)ဦးက ကျိုင်းတုံမှာ မဲဆွယ်စည်းရုံးတွေ အားဖြည့်ကူညီနေပါတယ်။ မတ် ၂၉ ရက်၊ ညပိုင်းအထိ လှည့်လည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေလုပ်ခဲ့ပြီး ညအိပ်ရပ်နားထားတဲ့နေရာမှာ နောက်နေ့မနက်မိုးလင်းမှ ကား(၂)စီးမှန် ကွဲနေတာကို သိခဲ့ရတာဖြစ်ပါတယ်။”ဟု ဦးခင်မောင်တင့်ကပြောသည်။

မော်တော်ယာဉ်နှစ်စီးမှာ မတ် ၃၀ ရက်က ကျိုင်းတုံမြို့အမှတ်(၁)ရပ်ကွက်၊ စွန်မွန်းရပ်ရှိလမ်းဘေးတွင် ရပ်ထား စဉ် မှန်ခွဲခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါတီဗဟိုသို့ဆက်သွယ်တင်ပြထားကြောင်း ကျိုင်းတုံမဲဆန္ဒ နယ်(၂)မှဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝဏ္ဏစိုးက ပြောသည်။

“ကျွန်တော်တို့ ကျိုင်းတုံမြို့က NLD ပါတီ တာဝန်ရှိသူတွေက ဖြစ်စဉ်ကို သိသိချင်းပဲ ဗဟိုကို ဆက်သွယ် သတင်း ပေးပို့ခဲ့ပါတယ်။ ဗဟိုက လူကိုအန္တရာယ်ပြုထိခိုက်ခြင်းမရှိတာကြောင့် ငယ်တဲ့အမှုကို ပပျောက်ပါစေ ဆိုတဲ့ မေတ္တာ၊ စေတနာစိတ်နဲ့ ဘယ်သူမှန်းမသိလိုက်ရတဲ့ကားမှန်ခွဲသွားသူကို ခွင့်လွှတ်ပေးကြဖို့ ညွှန်ကြားခဲ့ ပါတယ်။” ဟု ဒေါက်တာ ဝဏ္ဏစိုးက ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်မှ ပါတီ(၁၂)ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်နေရာအားလုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ အနိုင်ရရှိခဲ့သည်။

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …