Wednesday , May 31 2017
Home / FNews / ရခိုင်မျိုးချစ်ပါတီ (APP) က မြို့နယ်ကော်မတီနှင့် ကျေးရွာကော်မတီများ စတင် တိုးချဲ့ဖွဲ့စည်းနေ

ရခိုင်မျိုးချစ်ပါတီ (APP) က မြို့နယ်ကော်မတီနှင့် ကျေးရွာကော်မတီများ စတင် တိုးချဲ့ဖွဲ့စည်းနေ

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ ဖေဖော်ဝါရီ (၂၃)ရက်။

ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မျိုးချစ်ပါတီ(APP)က ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့နယ် အပါအ၀င် ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွအစရှိသည့် ပြည်နယ်တောင်ပိုင်း မြို့နယ်များတွင် မြို့နယ်ကော်မတီနှင့် ကျေးရွာ ကော်မတီများ စတင်တိုးချဲ့ဖွဲ့စည်းနေကြောင်း သိရှိရသည်။   

ထိုသို့ တိုးချဲ့ဖွဲ့စည်းပြီးနောက်ပိုင်း ဒေသဖွံဖြိုးရေးအတွက် အစိုးရအဖွဲ့ထံသို့ ထောက်ပြအစီရင် ခံစာများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ(၁၆)ရက်မှစ၍ ဖေဖော်ဝါရီ (၂၂)ရက်အထိ ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့နယ်သို့ ရခိုင်မျိုးချစ်ပါတီ၏ ဥက္ကဌ၊ အတွင်းရေးမှူးအပါအ၀င် ပါတီဗဟိုကော်မတီများ ရောက်ရှိနေပြီး မာန်အောင်  မြို့နယ် ကော်မတီအား ပြောင်းလဲဖွဲ့စည်းခြင်း၊ ကျေးရွာများတွင် ပါတီရုံးများ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ပါတီဝင် သစ်များ ဖိတ်ခေါ်ခြင်းစသော ပါတီစည်းရုံးရေးလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“မာန်အောင်မှာ ပါတီရဲ့ စည်းလုံးရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ အခြားမြို့နယ်တွေ မှာလည်း တိုးချဲ့ဆောင်ရွက်သွားမှာပါ။ ပါတီ စည်းရုံးရေးချည်းလည်း မဟုတ်ပါဘူး။ ဒီဖက်မှာ လယ်မြေ သိမ်းဆည်မူ ပြဿနာတွေ၊ အမတော်ကြေး(ပုံစံ ၇) ချေးမရတဲ့ အခက်အခဲတွေကို လယ်သမားတွေ ကြုံတွေ့ နေကြရတယ်။ နောက်ပြီး မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးဆိုရင်လည်း တော်တော်ဆိုးဝါးတယ်။ ဖုန်းလိုင်းဆိုရင်လည်း မြို့ပတ်ဝန်းကျင်လောက်ပဲ ရတယ်။ ကျေးရွာတွေမှာ မရကြပါဘူး။ ဒါတွေကို အစိုးရဆီကို ကျွန်တော်တို့ပါတီက တင်ပြပါမယ်။”ဟု ရခိုင်မျိုးချစ်ပါတီ(APP)မှ ဥက္ကဌ ဦးဇော်ဝင်းထွန်းက ပြောသည်။

မာန်အောင်မြို့နယ်တွင် ရခိုင်မျိုးချစ်ပါတီ(APP)၏ မြို့နယ်လုံးဆိုင်ရာ ပါတီညီလာခံအား ကျင်းပခဲ့ကြပြီး မြို့နယ်အတွင်း ကျေးရွာများဖြစ်သော ကျီးညို၊ လက်မဲပြင်၊ လောင်ထောင့်၊ ဆားချက်၊ ကျောက်ကုန်း၊ ပလင်၊ ပြင်ကောက်၊ ဒိုးတန်း၊ ကုန်းခင်စသည့် ကျေးရွာများတွင် ပါတီ၏ ရပ်ကျေးကော်မတီနှင့် ပါတီရုံးများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုပြင့် ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များတွင် ပါတီအား တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး လက်ရှိတွင် ရခိုင်မျိုးချစ်ပါတီအနေဖြင့် လယ်မြေသိမ်းဆယ်မှုပြဿနာများတွင် ဒေသခံ တောင်သူများဖက်မှ ဥပဒေကြောင်း အရ လိုက်ပါကူညီပေးလျှက်ရှိနေကြောင်း သိရသည်။

ရခိုင်အခြေစိုက် ရခိုင်မျိုးနွယ်စုဝင်ပါတီများဖြစ်သော မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဒိုင်နက်လူမျိုးများ တိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ မြိုတိုင်ရင်းသားပါတီတို့နှင့် ရခိုင်မျိုးချစ်ပါတီတို့မှာ ဇန်န၀ါရီ ၁၆ ရက်က မဟာမိတ်ပါတီများအဖြစ် လက်မှတ်ရေးထိုးကာ စည်းလုံးညီညွှတ်သော ရခိုင်ပြည်နယ်  တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

Check Also

၂၁ ရာစုပင်လုံတက်ရောက်ပြီး မိုးကုတ်မြို့သို့ ပြန်ရောက်လာသူများကို ဒေသခံလီဆူတိုင်းရင်းသားများ ကြိုဆို

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေ ၃၁ ရက်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသို့ လီဆူလူမျိုးများ ကိုယ်စားတက်ရောက်၍ မေ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး …