Thursday , April 13 2017
Home / FNews / အမ်းမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီအနေဖြင့် အနိုင်ရလိုကြောင်း ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောကြား

အမ်းမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီအနေဖြင့် အနိုင်ရလိုကြောင်း ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောကြား

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ ဇန်န၀ါရီ(၁၁)ရက်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လစ်လပ်နေသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းမှာ ပါတီကိုယ်စားပြုကာ အနိုင်ရလိုကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ပါတီ ဥက္ကဌ အနိုင်ရရှိရေးအတွက် မြို့နယ်ဒေသအလိုက် ပါတီအား ပိုမိုကျစ်လစ် ခိုင်မာအောင်တည်ဆောက်နေကြောင်း၊  မဲဆွယ်စည်းရုံးရေးကာလများတွင် ပါတီဝင်များသာမက အမ်းမြို့နယ် လူထုများပါ ပူပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း အမ်းမြို့ခံ ရခိုင်အမျိုးသား ပါတီဝင်များထံမှ သိရသည်။

“အမ်းမြို့နယ်က ရခိုင်နဲ့တစ်ခြား တစ်ခြားတိုင်းရင်းသားပြည်သူတွေက အကြောင်းကြောင်းကြောင့် အရင်က ပြည်မပါတီကို မဲပေးမှုအားသာချက်တွေ ရှိခဲ့ပါတယ်။ ဒီကြားဖြတ်အပြောင်းအလဲ ကာလမှာ တစ်မျိုးသားလုံးနဲ့ အတူ ရပ်တည်ဖို့ လိုတယ်ဆိုတဲ့ Image အပေါ်မှာ ရပ်တည်ပေးသင့်တယ်ဆိုတဲ့ သဘောထားကို သဘောပေါက် နားလည်လက်ခံနိုင်အောင် စည်းရုံးရေးလုပ် ငန်းတွေလုပ်သွားမှာပါ။”ဟု  ရခိုင်အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဇန်နဝါရီ(၁၀)ရက်နံနက်ပိုင်းက ပြောသည်။

အမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီကိုယ်စားပြုဒေါက်တာ အေးမောင်၊ NLD ပါတီမှ ဦးဇော်ဝင်းမြင့်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးသောင်းငြိမ်းနှင့် တစ်သီးပုဂ္ဂလ ဦးဇော်လင်းအောင်တို့ (၄)ဦး ၀င်ရောက် ယှဉ်ပြိုင်ရန် အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

အမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်နေပြီး အမ်းမြို့ခံ အချို့က ဒေါက်တာအေးမောင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းကို ဒေသခံမဟုတ်ဟုဆိုကာ မြို့နယ်လူထု အား သွေးခွဲရန်အမျိုးမျိုးလှုံဆော်နေမှုများအား အမ်းမြို့နယ် ပြည်သူများအနေဖြင့် လက်မခံနိုင်ကြောင်း အမ်းမြို့ခံ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးအောင်သူက ပြောသည်။

“ဒေါက်တာအေးမောင်က လွှတ်တော်ရေးရာကိစ္စနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် အကျိုးစီးပွားအတွက် မားမား မတ်မတ် ကာကွယ်ပေးတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့မှာဒေသခံမဟုတ် ပေမယ့် အမျိုးသားအကျိုးစီးပွားအတွက် ဒေသ မခွဲခြားဘဲ လုပ်ပေးမယ့်သူပါ။ ဒါကြောင့် ကျွန်တော့်နယ်က သူ့ကို မဲပေးမှာဖြစ်သလို တစ်မြို့နယ်လုံးက လည်း သူ့ကိုပဲ မဲပေးရွေးချယ်လိမ့်မယ်လို့ အများကထင်ကြေးပေးနေကြပါတယ်။”ဟု အမ်းမြို့နယ် ရူးကျေးရွာမှ ဒေသခံ ဦးဘတင်က ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေး ကောက်ပွဲ နှစ်ကြိမ်စလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းဆွေ (လက်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး) အနိုင်ရရှိခဲ့သည့် နေရာဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း အမ်းမြို့နယ်မှာ နယ်မြေဧရိယာအကျယ်ပြန့်ဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ရခိုင်လူမျိုး အများ စုနှင့် ချင်းတိုင်းရင်းသား အများအပြားနေထိုင်ကာ  မဲဆန္ဒပေးခွင့်ရှိသူ စုစုပေါင်း (၇၃၀၀၀) ကျော်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီ(၁)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်မဲ ဆန္ဒ နယ်(၁၉)ခုရှိရာ နိုင်ငံရေးပါတီ(၂၄)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း(၈၈)ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း(၇)ဦး စုစုပေါင်း (၉၅)ဦး ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

Check Also

အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဧပြီ(၇) ရက်။ အမျိုးသားပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာမူဘောင်ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဟိုတယ် မန္တလေး၌ ဧပြီ ၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း …