Friday , September 22 2017
Home / သတင်း / လွှတ်တော်သတင်း / စီမံကိန်းဘဏ္ဍာငွေများကို လွှတ်တော်က အချိန်ယူစစ်ဆေးခွင့် မရလိုက်သဖြင့် ဘဏ္ဍာငွေများ လေလွှင့်ဆုံးရှုံး ရဟုဆို

စီမံကိန်းဘဏ္ဍာငွေများကို လွှတ်တော်က အချိန်ယူစစ်ဆေးခွင့် မရလိုက်သဖြင့် ဘဏ္ဍာငွေများ လေလွှင့်ဆုံးရှုံး ရဟုဆို

 

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် ဘဏ္ဍာငွေများကို လွှတ်တော် က အချိန်ယူစစ်ဆေးခွင့်မရလိုက်ဘဲ အတည်ပြုလိုက်ရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွှင့်ဆုံးရှုံးရသည့် အချက်ကို လက်ခံကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ ဆဌမနေ့ကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်စဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်သူလူထုအခြေပြုသည့် ဘတ်ဂျတ်မျိုးဖြစ် အောင် ဆောင်ရွက်သွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။

“ဒီအချက်များဟာလည်း ပြုပြင်ရမယ့်အချက်များဖြစ်သည်ကို ပြန်လည်ဆွေးနွေးလိုပါတယ်။ ဌာနဆိုင်ရာက တင်ပြတဲ့စီမံကိန်းမျိုး၊ ဘတ်ဂျတ်မျိုးမဖြစ်စေဘဲ ပြည်သူလူထုကိုအခြေပြုတဲ့ ဘတ်ဂျတ်မျိုးဖြစ်လာအောင် လာ မယ့် ၂၀၁၈-၁၉ မှာ အောက်ခြေက စတင်ပြတဲ့ စီမံကိန်းမျိုးဖြစ်အောင်၊ ဘတ်ဂျတ်မျိုးဖြစ်အောင် ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။”ဟု တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးက နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်လျက်ရှိ သည့်စီမံကိန်း၊ စီမံချက်ပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်သောလုပ်ငန်းတစ်ခုချင်း အသေးစိတ်တွက်ချက် မှုစာရင်းနှင့် ရေးဆွဲမှုများကို ဘဏ္ဍာငွေလျာထားချက်တင်သွင်းခြင်းနှင့်အတူ လွှတ်တော်၏ ပြည်သူ့ငွေစာရင်း ကော်မတီထံ အချိန်မီပေးပို့နိုင်ရန် တိုင်းအစိုးရနှင့် သက်ဆိုင်ရာဌာနအသီးသီးသို့ တိုက်တွန်းသည့်အဆိုအပေါ် စက်တင်ဘာ ၁၉ ရက်ကပြုလုပ်သည့်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးချက်များထဲမှ စီမံကိန်းများရေးဆွဲတင်ပြရာတွင် သက်ဆိုင်ရာဌာနများသည် ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏အခန်းကဏ္ဍကို အလေးထားမှုအားနည်းနေခြင်း၊ နိုင်ငံတော်ရဲ့ အာဏာ(၃)ရပ် အကြား အချင်းချင်းထိန်းကျောင်းမှုကိုလည်း လေးစားလိုက်နာရန်လိုအပ်သည့်အချက်များကို ထောက်ခံ ကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဆွေးနွေးခဲ့သည်။

“နိုင်ငံတော်ရဲ့အာဏာ(၃)ရပ် အချင်းချင်းထိန်းကျောင်းမှုကိုလည်း ပြောထားပါတယ်။ ဌာနဆိုင်ရာများကလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း ထောက်ပြဆွေးနွေးသွားပါတယ်။ ဒီအချက်များဟာလည်း ပြုပြင်ရမယ့်အ ချက်များဖြစ်သည်ကို ပြန်လည်ဆွေးနွေးလိုပါတယ်။ ရနိုင်သလောက်စာရင်းဇယားများကို နောင်နှစ်မှာရအောင် တင်ပြစေမှာဖြစ်ပြီး ကြိုတင်ပြီးကွင်းဆင်းစစ်ဆေးကာ လွှတ်တော်ကိုတင်ပြသွားမှာဖြစ်ပါတယ်။”ဟု တိုင်းစီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဆွေးနွေးခဲ့သည်။

ဘတ်ဂျတ်များကို စိစစ်နိုင်မှုအားနည်းခြင်း၊ ကျွမ်းကျင်သည့်အင်ဂျင်နီယာများနှင့် သေချာစွာစစ်ဆေးရန် လိုအပ် နေခြင်း၊ ဘတ်ဂျတ်များကို လွှတ်တော်ကိုယ်စားလှယ်များအား မချပြဘဲ စီမံကိန်းများကို ဌာနဆိုင်ရာများက မိမိ သဘောဖြင့်ရေးဆွဲခြင်း၊ လွှတ်တော်သို့ အချိန်နီးကပ်မှသာ တင်ပြလာသဖြင့် လွှတ်တော်နှင့်အစိုးရကြား မလို လားအပ်ဘဲ နားလည်မှုလျော့ပါးစေနိုင်ကြောင်း ဆွေးနွေးသည့်အချက်များကိုလည်းထောက်ခံကြောင်း ဝန်ကြီး ဦးမြင့်သောင်းကဆွေးနွေးခဲ့သည်။

၂၀၁၇-၁၈ ဘတ်ဂျတ်လျာထားချက်များသည် လွှတ်တော်ကို အချိန်နီးကပ်မှ ရောက်ရှိခဲ့သောကြောင့် ကော်မတီ အနေဖြင့် စိစစ်ရန် အချိန်နည်းပါးခဲ့ရပြီး ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်နည်းပါးအောင် စိစစ်ရန်မှာ ဌာန ဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏တာဝန်သာဖြစ်ကြောင်း သာကေတမြို့နယ်မဲဆန္ဒနယ်မှ တိုင်း လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းကပြောသည်။

 

Check Also

ကချင်ပြည်နယ်တွင် (၃)နှစ်စာ စီမံကိန်းရေးဆွဲရေးကို လွှတ်တော် အမတ်များ အကြုံပြု ဆွေးနွေးမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၉ ရက်။ ကချင်ပြည်နယ်အတွင်း ဌာနဆိုင်များက ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်   (၃)နှစ်စာ စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကာ ဇူလိုင်လတွင်  အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း …