Monday , November 27 2017
Home / သတင်း / လွှတ်တော်သတင်း / ကချင်ပြည်နယ်တွင် (၃)နှစ်စာ စီမံကိန်းရေးဆွဲရေးကို လွှတ်တော် အမတ်များ အကြုံပြု ဆွေးနွေးမည်

ကချင်ပြည်နယ်တွင် (၃)နှစ်စာ စီမံကိန်းရေးဆွဲရေးကို လွှတ်တော် အမတ်များ အကြုံပြု ဆွေးနွေးမည်

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဇွန် ၂၉ ရက်။

ကချင်ပြည်နယ်အတွင်း ဌာနဆိုင်များက ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်   (၃)နှစ်စာ စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကာ ဇူလိုင်လတွင်  အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။   

၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွက် ဌာနဆိုင်ရာများက ကချင်ပြည်နယ် အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများ ရေးဆွဲရန် အစိုးရဌာနဆိုင်ရာများနှင့်အတူ ပြည်နယ် လွှတ် တော် ကိုယ်စားလှယ်များကလည်း အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အရင်အစိုးရတုန်းက (၁)နှစ်စာလျာထားပြီး ဌာနဆိုင်ရာတွေပဲ ရေးဆွဲကြတာလေ။ အခုက (၃)နှစ်စာ စီမံကိန်း ရေးဆွဲရမယ်ဆိုတော့ ထူးခြားတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း စီမံကိန်းရေးဆွဲမှုမှာ အကြံပြုဆွေး နွေးရမယ်။ ကိုယ့်ပြည်နယ်အတွင်းမှာ ပထမဦးစားပေးအနေဖြင့် ဘာတွေလုပ်မလဲပေါ့။ ပထမဦးစားပေးက ၁၈-၁၉ အတွက် ဖြစ်လာမယ်။ ဦးစားပေးအလိုက် အရေးကြီးဆုံးလုပ်ငန်းရှိရင် လွှတ်တော်အမတ်ထောက်ခံမှုနဲ့ဆုံး ဖြတ်ရမယ်ပေါ့။”ဟု မိုးညှင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။

အဆိုပါ ဘဏ္ဍာနှစ်(၃)နှစ်တာ ကာလအတွက် ပထမ၊ ဒုတိယ၊ တတိယဦးစားပေးလုပ်ငန်းများကို နှစ်အလိုက် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စုအဆင့်များလည်း ပါဝင်အကြံပြုဆွေးနွေးကာ ဇူလိုင်လအတွင်း အပြီးရေးဆွဲရန် လျာထားကြောင်းသိရသည်။

“ကျွန်တော်တို့လည်း ဆွေးနွေးပြီးပြီ၊ ရေးဆွဲဖို့ပဲရှိတယ်။ အရင်ဘတ်ဂျတ်တွေမှာ အမတ်တွေမပါဘဲဆွဲထားတော့ ပါသင့်တာတွေ မပါဘူး။ အရင်တုန်းက အားနည်းချက်အများကြီးကြုံရတာပေါ့။ တင်ဒါအောင်တဲ့ကုမ္ပဏီတွေနဲ့ဆို ထိပ်တိုက်ရင်ဆိုင်ရတာတွေရှိတယ်။ အခု အမတ်တွေ ပူးပေါင်းဆောင်ရွက်ခွင့်ရလာတော့ အရေးကြီး(၁)၊ (၂) စသဖြင့်ပေါ့၊ ဘယ်အချက်အလက်တွေကတော့ထည့်သင့်တယ်ဆိုတာ ဌာနဆိုင်ရာတွေကို အကြံပြုလို့ရမယ်။ ဘယ်ကုမ္ပဏီနဲ့ လုပ်ကိုင်သင့်တာကအစ အကြံပြုလို့ရမယ်။ ပြည်သူ့အတွက် ပိုပြီးတော့ ပိုကောင်းလာမယ်ထင် တယ်။”ဟု မံစီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။

ယခင်ဘဏ္ဍာရေးနှစ်များတွင် အစိုးရဌာနဆိုင်ရာများသာ ရေးဆွဲလုပ်ကိုင်ခဲ့ရာ အားနည်းချက်များကြောင့် တင်ဒါ အောင်သည့်ကုမ္ပဏီများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအကြား ထိပ်တိုက်တွေ့မှုများရှိခဲ့ပြီး လက်ရှိ တွင် ပါဝင်အကြံပြုခွင့်ရသောကြောင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပါက ကုမ္ပဏီများအား စိစစ်ခြင်းကိုပါ အကြံပြုနိုင်မည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ဆိုသည်။

Check Also

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်း ဆွေးနွေးမည်

  မင်းအောင်မြင်(မြစ်မခ) ရန်ကုန်၊ ဇူလိုင်(၁၀)ရက်။ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း လွှတ် တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုဖြင့် လွှတ်တော်ဥက္ကဌမှ ဆွေးနွေးခွင့်ပြုလိုက်သော်လည်း ဆွးနွေး မည့်အကြောင်းအရာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံ …