Thursday , March 8 2018
Home / FNews / ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအတွင်း အဆို(၂၅)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း(၁၆၄)ခု ဆွေးနွေး မည်

ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအတွင်း အဆို(၂၅)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း(၁၆၄)ခု ဆွေးနွေး မည်

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ မေ (၁၉)ရက်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေးအတွင်း အဆို (၂၅)ခု၊ ကြယ်ပွင့်ပြမေးခွန်း(၁၆၄)ခု နှင့် ဥပဒေကြမ်းများဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ထံမှ သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အပြောင်းအလဲမှာ လိုက်ပါပြောင်းလဲတိုးတက်နိုင်တဲ့နိုင်ငံအဖြစ် ဖန်တီးပုံဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဥပဒေတို့မည်သည် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့ အညီ လိုက်ပါ ပြောင်းလဲရတဲ့သဘောရှိပါတယ်။ နိုင်ငံရေးမူဝါဒ၊ စီးပွားရေးစနစ်၊ လူမှုရေးဘဝတွေ ပြောင်းလဲတဲ့အခါမှာလည်း ဥပဒေတို့ကို လိုက်လျောညီထွေအောင် ပြောင်းလဲပေးရပါတယ်။”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေးကို မေ ၁၈ ရက်က ပထမနေ့အဖြစ် ပြန်လည်စတင် ကျင်းပခဲ့ရာ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

စတုတ္ထပုံမှန်အစည်းအဝေးကို ၂၀၁၇ ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၁၇ ရက်အထိကျင်းပခဲ့ရာ ကြယ်ပွင့်ပြမေးခွန်း (၉၂)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၃၄၉)ခုကို မေးမြန်းဖြေကြားမှုများဆောင်ရွက်ခဲ့ပြီး အဆိုတင်သွင်းမှု(၁၄)ခုအနက် အတည်ပြုခဲ့သည့်အဆို(၆)ခု၊ မှတ်တမ်းတင်သည့်အဆို(၅)ခုနှင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း(၁၉) ခုတွင် (၉)ခုကို အတည်ပြုခဲ့ကြောင်းသိရသည်။

ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် အဆို(၃)ခုနှင့် ဥပဒေကြမ်း(၁၀)ခုကို ယခုကျင်းပနေသည့် ပဉ္စမပုံမှန်အ စည်းအဝေးတွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှ သိရသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းရေးကာလ အစဖြစ်ပြီး နုနယ်သည့်အခြေအနေတွင် ရှိနေခြင်းကြောင့် ဒီမိုကရေစီစံချိန်စံညွှန်းတွေရောက်ရှိရန် များစွာကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း သိရသည်။

“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် အခက်အခဲ၊ အကြပ်အတည်းတွေကို ကျော်လွှားကြရဦးမှာဖြစ်ပါတယ်။ ပြည်သူတွေအကြား ဒီမိုကရေစီအလေ့အကျင့်တွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးရှိရင် တာဝန်နဲ့ ဝတ္တရားလည်းရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များက စံနမူနာပြကျင့်ကြံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကဆက်ပြောသည်။

ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေ စီအခွင့်အရေးများရရှိပြီး လူမှုစီးပွားဘဝမြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

Check Also

မန္တလေးဈေးချို တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများ ငှားရမ်းလိုပါက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးမည်

မင်းခန့် (မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ ၈ ရက်။ မန္တလေးဈေးချိုတော်၏ တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများကို ငှားရမ်းဖွင့်လှစ် မည်ဆိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ …