Saturday , May 27 2017
Home / FNews / ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းသည် လျှပ်စစ်ကြိုးများ မလဲလှယ်ခြင်းနှင့် သက်တမ်းလွန်လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းကြောင့်ဟုဆို

ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းသည် လျှပ်စစ်ကြိုးများ မလဲလှယ်ခြင်းနှင့် သက်တမ်းလွန်လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းကြောင့်ဟုဆို

မင်းအောင်မြင်(မြစ်မခ)

ရန်ကုန်၊ ဧပြီ(၂၇) ရက်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းသည် မီးသုံးစွဲသူပြည်သူများမှ လျှပ်စစ်ကြိုးများ မလဲလှယ်ခြင်းနှင့် သက်တမ်းလွန်လျှပ်စစ်ပစ္စည်းများအသုံးပြုခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုလိုက်သည်။

ဧပြီ(၂၇) ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ တွင် ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးမေး မြန်းရာတွင် ဝန်ကြီးကယင်းကဲ့သို့ဖြေဆိုခြင်းဖြစ်သည်။

“မီးသုံးစွဲသူပြည်သူများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ တိုးတက်သုံးစွဲလာကြသော်လည်း မီတာစတင်တပ်ဆင်အသုံးပြုစဉ်က အသုံးပြုထားသည့် လျှပ်စစ် ဓာတ်ကြိုးများဖြင့်သာ ဆက်လက်အသုံးပြုနေကြသဖြင့် ဝန်အားပိုဖြစ်လာခြင်းကြောင့်လည်းကောင်း၊ သက်တမ်း လွန်လျှပ်စစ်ပစ္စည်းများအား သုံးစွဲခြင်းကြောင့်လည်းကောင်း၊ လျှပ်စစ်ပစ္စည်းများအသုံးပြုပြီး မေ့လျော့၍ မီးမပိတ်မိခြင်းတို့ကြောင့် လည်းကောင်း ဝါယာလျော့ဖြစ်ပွားရခြင်းဖြစ်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်အတွင်း မီးလောင်မှုစာရင်းအရ စုစုပေါင်း အကြိမ်(၂၂၀)ကျော်လောင် ကျွမ်းခဲ့ရာ ပေါ့ဆမီးနှင့် လျှပ်စစ်ကြောင့် အပူချိန်လွန်ကဲ၍ လောင်သည့်မီး (၈၈) ကြိမ်ထိရှိခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များတွင် အလွယ်တကူလျှပ်စစ်ကြိုးသွယ်တန်းခြင်း ကိစ္စများကြောင့် မကြာခဏဝါယာရှော့ဖြစ်ကာ မီးလောင်မှုများဖြစ်ပွားပြီး ပြည်သူတို့၏ အိုးအိမ်စည်းဇိမ်များ ပျက်စီးဆုံးရှုံးနေရပြီး ကျွမ်းကျင်လက်မှတ်ရရှိသူများနှင့်သာလုပ်ကိုင်ဆောင်ရွက်နိုင်အောင် အသိပညာ ပေးခြင်းရှိ၊ မရှိ ကျွမ်းကျင်လက်မှတ်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေမှုများအပေါ် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိသိလိုပါတယ်။”ဟု ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက လွှတ်တော်အတွင်းမေးသည်။

လျှပ်စစ်ကျွမ်းကျင်မှု လက်မှတ်မရှိဘဲ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ၊ အိမ်တွင်းလျှပ်စစ်လုပ်ငန်းများနှင့် ပတ်သက်၍ ပြုပြင်ခြင်းဆောင်ရွက်ခြင်းကိုတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ရန် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …