Friday , September 22 2017
Home / သတင်း / မသန်စွမ်းသူများဆိုင်ရာ / အခွင့်အရေးဆုံးရှုံးခြင်းက မသန်စွမ်းများအတွက် အဓိကပြဿနာဖြစ်နေ

အခွင့်အရေးဆုံးရှုံးခြင်းက မသန်စွမ်းများအတွက် အဓိကပြဿနာဖြစ်နေ

သန့်ဇင်ဦး(မြစ်မခ)

မြန်မာနိုင်ငံရှိ မသန်စွမ်းအများစုတွင် ကိုယ်အင်္ဂါချို့ယွင်းမှုနှင့် ဥာဏ်ရည်ချို့ယွင်းမှုမှာ အဓိကပြဿနာ မဟုတ်ဘဲ ၎င်းတို့၏  အခွင့်အရေးများ ဆုံးရှုံးခြင်းကသာ အဓိကပြဿနာဖြစ်နေသည်ဟု မသန်စွမ်းများနှင့် မသန်စွမ်းအခွင့်အရေးဆိုင်ရာ အဖွဲ့ဝင်များမှ သိရှိရသည်။

အဆိုပါ အခွင့်အရေးဆုံးရှုံးမှုများတွင် ပတ်ဝန်းကျင်အနေအထားနှင့် အဆောက်အဦးများ၏အတားအဆီးများ မှာလည်း အဓိကပါဝင်နေကြောင်း သိရသည်။

“ကျွန်မမုံရွာကနေ ကားနဲ့လာတာ ကားပေါ်အတက်အဆင်း၊ လမ်းပေါ်အသွားအခက်အခဲတွေ အများကြီးပါ။ လမ်းတွေမှာလည်း လိုအပ်တာတွေ အများကြီးပဲ။ ဒါကြောင့် လမ်းပြုပြင်ရေးဝန်ထမ်းတွေကလဲ မသန်စွမ်း သူ တွေ အတွက် ထည့်ပြီးတော့ စဉ်းစားပြီးလုပ်ဖို့လိုပါတယ်။”ဟု စစ်ကိုင်းတိုင်းမှ ရန်ကုန်မြို့သို့ အလုပ်လုပ်ရန် လာရောက်ခဲ့သော မသန်စွမ်းတစ်ဦးဖြစ်သည့် မနှင်းစက်ချိုက ပြောသည်။

ပွင့်လင်းလာသည့် နိုင်ငံရေးပြောင်းလဲမှုတွင် မသန်စွမ်းများအနေဖြင့် အနည်းငယ်ပါဝင်ခွင့် ရလာသော်လည်း ပညာရေး အခွင့်အလမ်းနည်းပါးမှုကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းသူများ၏ ၉၀ ရာခိုင် နှုန်းခန့်သည် အလုပ်အကိုင်အခွင့်အလမ်းမရရှိကြသေးကြောင်း မသန်စွမ်းအမျိုးသမီးများအဖွဲ့မှ သိရသည်။

“နေရာတကာမှာ သင်တန်းတွေရှိတယ်။ အဲ့ဒါကိုနောက်က မိဘတွေကလိုက်ပြီးတော့ မပံ့ပိုးပေးနိုင်ကြဘူး။ မိသားစုတွေရဲ့ထောက်ပံ့မှုအားနည်းတယ်။ ဒီမှာရောက်လာတဲ့ ကလေးတွေကတော့ အနောက်ကမိဘတွေက လိုက်ပံ့ပိုးပေးတယ်။ ဘယ်သင်တန်းမဆို သူတို့တက်တယ်။ သူတို့အတွက် အခွင့်အလမ်းအများကြီး ရှိတယ်။” ဟု မသန်စွမ်းအမျိုးသမီးများအား လက်မှု့ပညာသင်ပေးကာ အလုပ်ပေးထားသည့် Social Grace မှ အုပ်ချုပ်သူ သင်တန်းဆရာမ မနန်းအေးဝင်းမာက ပြောသည်။

၂၀၁၀ ခုနှစ် အမျိုးသားအဆင့် စစ်တမ်းကောက်ယူခံသည့် မှတ်တမ်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁.၃သန်းခန့်ရှိကြောင်း သိရသည်။

Check Also

လက်ပံတန်းမြို့နယ် NLD လူငယ် တာဝန်ခံအား ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရမှု ရဲစခန်းသို့ သွားရောက်အဖမ်းခံ  

သီဟလွင် (မြစ်မခ) ပြည်၊ ဒီဇင်ဘာ(၁၆)။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံအား စည်ပင်ကော်မတီဝင်တစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းမှုကြောင့် …