Tuesday , May 30 2017
Home / သတင်း / မသန်စွမ်းသူများဆိုင်ရာ / မျက်မမြင် ပညာသင်ကြားရေးနှင့် အလုပ်အကိုင် ရှာဖွေပေးရန် မမသ ရုံးခွဲ မုံရွာမြို့၌ ဖွင့်လှစ်

မျက်မမြင် ပညာသင်ကြားရေးနှင့် အလုပ်အကိုင် ရှာဖွေပေးရန် မမသ ရုံးခွဲ မုံရွာမြို့၌ ဖွင့်လှစ်

နန္ဒ- စစ်ကိုင်းတိုင်း(မြစ်မခ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျက်မမြင်သူများ ပညာသင်ကြားနိုင်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Myanmar National Association of the Blind(MNAB) မြန်မာနိုင်ငံ မျက်မမြင်များအသင်း (မမသ)ရုံးခွဲကို မုံရွာမြို့တွင် ဇွန်လ ပထမပတ်အတွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Myanmar National Association of the Blind (MNAB) မြန်မာနိုင်ငံ မျက်မမြင်များအသင်း (မမသ) ရုံးခွဲကို မုံရွာမြို့ အောင်ချမ်းသာမြို့သစ်ရပ်ကွက်၊ အမှတ်(၂)လမ်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“မျက်မမြင်တဲ့ကလေးငယ်တွေ ပညာသင်ကြားနိုင်အောင်နဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်နိုင်အောင် အခုလိုရုံးခွဲ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် ရုံးခွဲဖွင့်လှစ်ခြင်းဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံမျက်မမြင်များ အသင်း (မမသ) ဥက္ကဌ ဦးအောင်ကိုမြင့်က ပြောသည်။

မျက်မမြင်စာရင်းစစ်တမ်းကောက်ယူချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၌ မျက်မမြင် ဦးရေ (၁၆၂)ဦးနှင့် မုံရွာမြို့နယ်၌ (၁၅၀)ကျော်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမျက်မမြင်များအသင်း(မမသ)ရုံးချုပ်ရဲ့ ပဏာမမျက်မမြင်စာရင်းစစ်တမ်းကောက်ယူမှုကို တာဝန် ပေးချက်အရ ရုံးဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ရုံးဖွင့်ပြီး မျက်မမြင်စစ်တမ်းကောက်ယူခြင်းကို ဆားလင်းကြီးမြို့နယ်နဲ့ မုံရွာမြို့နယ်တို့မှာတော့ မျက်မမြင်စာရင်းစစ်တမ်းကောက်ယူပြီးပါပြီ။ မင်းကင်းနဲ့ အထက်ချင်းတွင်းကိုလည်း ကောက်ယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။”ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာနိုင်ငံမျက်မမြင်များအသင်း (မမသ) ရုံးခွဲတာဝန်ခံ ဦးစန်းတင့်က ပြောသည်။

အဆိုပါ Myanmar National Association of the Blind (MNAB) မြန်မာနိုင်ငံမျက်မမြင်များအသင်း(မမသ)ကို မြန်မာနိုင်ငံဒေသအသီးသီးမှ မျက်မမြင်ဦးရေ(၁၂၄)ဦး၏ ထောက်ခံမှုဖြင့် ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Check Also

လက်ပံတန်းမြို့နယ် NLD လူငယ် တာဝန်ခံအား ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရမှု ရဲစခန်းသို့ သွားရောက်အဖမ်းခံ  

သီဟလွင် (မြစ်မခ) ပြည်၊ ဒီဇင်ဘာ(၁၆)။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံအား စည်ပင်ကော်မတီဝင်တစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းမှုကြောင့် …