Saturday , May 27 2017
Home / သတင်း / မသန်စွမ်းသူများဆိုင်ရာ / မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ (၁၅)နှစ်မြောက် ခေတ်ပေါ် ဂန္တ၀င်ရန်ပုံငွေ တေးဂီဖျော်ဖြေပွဲ ကျင်းပမည်

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ (၁၅)နှစ်မြောက် ခေတ်ပေါ် ဂန္တ၀င်ရန်ပုံငွေ တေးဂီဖျော်ဖြေပွဲ ကျင်းပမည်

ဝါးဝါး(မြစ်မခ)

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏ (၁၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ခေတ်ပေါ်ဂန္တ၀င် ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲကြီးကို ဧပြီလ(၁)ရက် ညနေ(၆း၀၀)နာရီတွင် မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖျော်ဖြေပွဲကို ART Robot Music Band မှ နိုင်ဇော်( Lazy Club)နှင့်အတူ Keyboard ကို အမေရိကန် နိုင်ငံတောင်ပိုင်း၊ကယ်လီဖိုးနီးယားပြည်နယ် ဂီတမှူး ဒေါက်တာခိုင်မြင့်၊ ဆန်ဖရန်စစ္စကို ဦးစိန်လှိုင်(ပဲခူး)၊ တယော ကိုမျိုးဇော်အောင်၊ဗုံ ကိုဟန်ဝင်းအောင်၊ကိုဗေကြီးတို့မှ တာဝန်ယူ စီစဉ်ပေးသွားမည်ဖြစ်သည်။

“အသင်းက အခုဆိုရင် ၁၅ နှစ်ပြည့်ခဲ့ပြီ။ဒါကြောင့် ရန်ပုံငွေပွဲလေး ကျင်းပကြတာပါ။ ကျွန်တော်တို့အသင်းက အသင်းဝင်ပေါင်း ၁ သောင်းလောက်ရှိတယ်။အဲ့ဒီထဲမှာမှ ခြေတုတပ်ပြီးသား (၃၀၀၀)လောက်ပဲ ရှိပါသေးတယ်။အဲ့ဒီအတွက် တတ်နိုင်သ၍ ခြေတုတွေကိုလုပ်ပေးနေတယ်။ လက်ရှိလားရှိုးမှာရှိတဲ့ စစ်ဘေးရှောင် မသန်စွမ်းသူတွေအတွက် ခြေတု(၁၂၀)ကို သွားရောက်တပ်ဆင်ပေးနေတယ်။ကျန်တဲ့အယောက်(၂၀၀၀) လောက်က ခြေတုတပ်ဖို့ လိုအပ်နေတဲ့ ခြေတုတစ်ချောင်းကို ကျပ်(၁၈၀၀၀၀)လောက်ကျတယ်။ ဒီကြားထဲ မှာလည်း မသန်စွမ်းတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အဆောက်အဦးတွေအတွက် လုပ်ကိုင် ပေးနေတော့ ကျွန်တော်တို့အဖွဲ့အတွက် ရန်ပုံငွေလိုတယ်။ဒါကြောင့်ဒီဖျော်ဖြေပွဲကို လုပ်ဖြစ်တာပါ။”ဟု မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်း၊ အတွင်းရေးမှူး ဦးအေးကိုကိုက ပြောသည်။

အဆိုပါအသင်းမှ မြေမြုပ်မိုင်းဒဏ်ကြောင့် မသန်စွမ်းဖြစ်ရသူများ၊အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ရ သူများအတွက် လိုအပ်လျှက်ရှိသော ခြေတု၊ လက်တု၊ ၀ှီးချဲများ၊ဂျိုင်းထောက်များနှင့် မသန်စွမ်းအထောက် အကူပြုပစ္စည်းများကို ထောက်ပံ့ကူညီလှူဒါန်းပေးနိုင်ရန် မတ်လ(၁၅)ရက်မှစ၍ ရန်ကုန်မြို့တွင် ကားဖြင့် လှည့်ပတ်ပြီး လက်မှတ်များရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ ခေတ်ပေါ်နှင့် ဂန္တ၀င်တေးဂီတဖျော်ဖြေပွဲကြီးတွင် မြန်မာပြည် သိန်းတန်၊ စိန်ဝင်းထွန်း၊ ဂျက်မြသောင်း၊ ခိုင်ထူး၊ တူးတူး၊ ကျော်နိုင်(ချာတိတ်)၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ဂရေဟမ်၊ ကိုကျော်၊စိန်ဝင်း၊ ညီထွဋ်ခေါင်၊ မေခလာ၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ဆုပန်ထွာ၊ နန်းခင်ဇေယျာ၊ ပန်းရောင်ခြယ်၊ပွင့်၊ဆုထက်လှိုင်၊ ယွန်းပိုပိုဇော်၊သန်းထွန်းလေး၊ခင်မောင်ထူး၊မောင်သိန်းဝင်း၊ သန်းမြတ်စိုး၊နောင်ရဲထွဋ်၊ဒေါက်တာအောင်ရွှေ(သုတေသီ)၊ မိုးထက်မြင့်၊ တက္ကသိုလ်လဲ့လဲ့၊ ရွှေရည်သိန်းတန်၊ မစံပယ်၊ ပန်ဆုပြည့်ကျော်၊ သွန်း၊ရွှေယမင်းဦးတို့မှ ပါဝင်သီဆို ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

“အခု လူစာရင်းဖြတ်နေတယ်။သုံးဆယ်လား၊ လေးဆယ်လားပေါ့။နီးမှ ဘယ်လောက်ကြီးတဲ့ အဆိုတော် ပါနေပါစေ အပါမခံတော့ဘူး။ဘာကြောင့်လဲဆိုတော့ Plan တွေ ဖြတ်ရမှာမို့ပါ။နာမည်စာရင်ပေးကတည်းက ဘာသီချင်းဆိုမယ်ဆိုတာ တစ်ခါတည်းမေးတာပေါ့။သီချင်းနာမည်တွေပါ တစ်ခါတည်းTV မှာကြေငြာမှာပေါ့။ ကူညီနေရင်းနဲ့ ကိုယ်ကအတ္တများရင် သူများကိုကူညီရာမရောက်ပဲ ဒုက္ခပေးသလိုဖြစ်တယ်လို့ အနုပညာရှင် တွေ သတိထားစေချင်တယ်။ဒါ့ကြောင့် အနုပညာရှင်တွေ ပွဲအတွက် အတ္တလျော့ပေးဖို့ ပြောတာပါ။ နားလည် ပေးမယ်လို့ မျှော်လင့်ပါတယ်။”ဟု ပွဲစီစဉ်သူ ကိုနိုင်ဇော်(Lazy Club)က ပြောသည်။

အဆိုပါ ပွဲလက်မှတ် ဈေးနှုန်းများအနေဖြင့် သုံးသောင်းကျပ်၊နှစ်သောင်းကျပ်၊တစ်သောင်းကျပ်စသည်တို့ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အသင်းကို ၂၀၀၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ တစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်း (၂၉)ခု ရှိကြောင်း သိရသည်။

 

Check Also

မျက်မမြင် ပညာသင်ကြားရေးနှင့် အလုပ်အကိုင် ရှာဖွေပေးရန် မမသ ရုံးခွဲ မုံရွာမြို့၌ ဖွင့်လှစ်

နန္ဒ- စစ်ကိုင်းတိုင်း(မြစ်မခ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျက်မမြင်သူများ ပညာသင်ကြားနိုင်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Myanmar National Association of the Blind(MNAB) မြန်မာနိုင်ငံ မျက်မမြင်များအသင်း (မမသ)ရုံးခွဲကို …