Friday , September 22 2017
Home / သတင်း / ၀မ်းနည်းမှတ်တမ်း / အနုပညာနဲ့ ပတ်ဝန်းကျင်ကို ပျော်ရွင်စေခဲ့သူ မိုးကျော်အောင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်

အနုပညာနဲ့ ပတ်ဝန်းကျင်ကို ပျော်ရွင်စေခဲ့သူ မိုးကျော်အောင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်

စုသက်နှင်း (မြစ်မခ)

 

ဟာသရုပ်ဆောင်တစ်ယောက်အဖြစ်သာမက ဇာတ်ညွှန်းဆရာအဖြစ်  အနုပညာလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ  မိုးကျော်အောင် (ခ) မိုးကျော် (MKA) သည် ဇူလိုင်(၇) ရက်နေ့ နံနက် (၁၂း၃၀)နာရီ အချိန်တွင် ရန်ကုန် ဆေးရုံကြီး၌ လေဖြန်းရောဂါဖြင့်ကွယ်လွန်ခဲ့ကြောင်း လူရွှင်တော်အသင်းဥက္ကဌ ကိုခင်လှိုင်ထံမှ သိရှိရသည်။

“ကိုမိုးကျော်အောင်ကအရင်ထဲက နှလုံးရောဂါ၊ လေဖြန်းရောဂါ၊ အသည်းရောဂါတွေရှိခဲ့လို့ ဆေးရုံတက်တော့ ကျွန်တော်တို့ လူရွှင်တော်အဖွဲ့ကကူညီခဲ့ပါတယ်။ နောက်ပိုင်းသူဆေးရုံကဆင်းပြီးတော့ အဆက်သွယ်ပြတ်သွားတာ အဖြူရောင်သုခအသင်းကို သူ့အဖေကအကြောင်းကြားရာက ဆက်သွယ်မိပြီး ၄ ရက်နေ့က ဆေးရုံတင်တာ ၇ ရက်နေ့ ၁၂ နာရီခွဲလောက်က ဆေးရုံမှာပဲဆုံးသွားတယ်။ ပရိသတ်ကိုရော ပတ်ဝန်းကျင် မိတ်ဆွေ တွေကို ပျော်ရွှင်စေတဲ့ အနုပညာသမားတစ်ယောက် ဆုံးရှုံးလိုက်ရတာပါပဲ။” ဟု ဟာသရုပ်ဆောင် ကိုခင်လှိုင် က ပြောသည်။

ဟာသသရုပ်ဆောင် ဇာတ်ညွှန်းရေးဆရာမိုးကျော်(MKA)၏ ဈာပနကိုရွှေပြည်သာမြို့နယ်ရှိ နေအိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင်(၉)ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ရေးဝေးသုဿာန်၌ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လူရွှင်တော်အသင်းအနေနဲ့ ကိုမိုးကျော်အတွက် ဆေးဖိုးစရိတ် သီးသန့် လှူထားတာတွေ ရှိတယ်။ အဲဒီငွေတွေကို ဆေးဖိုးစရိတ်ကနေ ဈာပနစရိတ်အဖြစ် သုံးပြီးတော့ပိုငွေအားလုံးကို သူ့အဖေကို စာရင်းနဲ့ပေးမှာပါ။ ကျန်တဲ့အပိုင်းတွေကတော့ ကျွန်တော်တို့ လူရွှင်တော်အသင်းရယ်၊ နာရေးကူညီမှု အသင်း ရယ်၊ အဖြူရောင်သုခအသင်းရယ်က ပူးပေါင်းပြီးကူညီသွားမှာပါ။” ဟု ကိုခင်လှိုင်က ပြောသည်။

ဟာသသရုပ်ဆောင် မိုးကျော်အောင်(ခ) မိုးကျော် (MKA) သည် ဦးမိုးဝင်း ဦးဆောင်သော ဇာတ်သဘင် အဖွဲ့တွင် လက်ထောက်မင်းသားအဖြစ်စတင်၍ အနုပညာအလုပ်များကိုလုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ရုပ်ရှင်ဘက်သို့ ဟာသသရုပ်ဆောင်၊ ဇာတ်ညွှန်းရေးဆရာမိုးကျော်(MKA)အမည်ဖြင့် အနုပညာအလုပ်များကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

Check Also

နိုင်ငံရေးလောက၌ အမြဲသည်းခံရန် လမ်းညွှန်ခဲ့သည့် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

အချိုးကျကိုယ်စားပြုမဲပေး ပီအာစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီ တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသေဆုံးမှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီရုံးများ၌ အလံတစ်ဝက်လွှင့်ထူကြမည်ဖြစ်သည်ဟု …