Friday , September 22 2017
Home / သတင်း / ၀မ်းနည်းမှတ်တမ်း / နိုင်ငံရေးလောက၌ အမြဲသည်းခံရန် လမ်းညွှန်ခဲ့သည့် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

နိုင်ငံရေးလောက၌ အမြဲသည်းခံရန် လမ်းညွှန်ခဲ့သည့် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

အချိုးကျကိုယ်စားပြုမဲပေး ပီအာစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီ တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသေဆုံးမှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီရုံးများ၌ အလံတစ်ဝက်လွှင့်ထူကြမည်ဖြစ်သည်ဟု အဆိုပါ ပါတီမှ သိရှိရသည်။

ထောင်ကလွတ်လာပြီးတော့ အသည်းကင်ဆာ ရှိပင်ရှိငြားလည်းဒီမိုကရေစီရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်တယ်၊သူယုံကြည်တဲ့ လမ်းကြောင်းကို လုပ်နေရာမှာ ချီးမြင့်ခံရမှဆိုတဲ့ စိတ်မျိုးမရှိဘူး၊ ပြည်သူတွေအတွက် ဆေးရုံပေါ်က နောက်ဆုံးအချိန်အထိဆောင်ရွက်သွားခဲ့တဲ့  လူတစ်ဦး ဖြစ်ပါတယ်၊ သူဆုံးရှုံးတာကျွန်တော်တို့အားလုံးရဲ့ ဆုံးရှုံးမှုကြီးလို့ပဲ ပြောချင်ပါတယ်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှနိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေကမှတ်ချက်ပြုသည်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း(၇၆)နှစ်သည် မေလ ၂၁ ရက် နံနက် (၆း၅၀)ခန့်က ရန်ကုန်မြို့၊ ပင်လုံဆေးရုံ၌ အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည့်အပေါ်တွင် အဆိုပါပါတီ ရုံးခန်းတိုင်း၌ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပါတီအလံတစ်ဝက်လွှင့်ထူမည့် အစီအစဉ်ဖြစ်သည်။

ဆရာဆုံးပါးသွားတဲ့အတွက် ပါတီရုံးတိုင်းမှာ ၀မ်းနည်းခြင်းအထိမ်းအနေနဲ့ပါတီအလံကို တိုင်တစ်ဝက်လွှင့်ထူဖို့ ရုံးတိုင်းကို အကြောင်းကြားပြီးဖြစ်ပါတယ်၊ ဟု ပဲခူးတိုင်းဒေသကြီး NDFပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်မိုးက ဆိုသည်။

ဘယ်သူတွေအပြစ်ပြောပြော သည်းခံတဲ့စိတ်အမြဲတမ်းမွေးပါဟု ပြောကြားလေ့ရှိသည့် ဒေါက်တာသန်းငြိမ်း၏ နောက်ဆုံး ခရီးစဉ်အတွက် ပါတီဝင်များအနေဖြင့် အကောင်းဆုံးဖြစ်စေရေး ကြိုးပမ်းနေကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

ဒေါက်တာသန်းငြိမ်းကို မေလ(၂၃)ရက်နေ့ နေ့လည်တစ်နာရီအချိန် ရေဝေးသုသာန်၌ သဂြိုဟ်မည် ဖြစ်သည်။

ဒေါက်တာသန်းငြိမ်မှာ ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်၏ ဇနီးဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၏ အကိုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌တာဝန်ယူခဲ့စဉ်ကလည်း ထိပ်တန်းခေါင်းဆောင် တစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ဖူးသည့်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။

ဒေါက်တာသန်းငြိမ်မှာ ၂၀၀၈ခုနှစ်က အကျဉ်းထောင်မှ ပြန်လွတ်လာပြီးနောက် ၂၀၁၀ရွေးကောက်ပွဲ အကြိုကာလတွင် NLD ပါတီမှ နုတ်ထွက်ပြီးအမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ထူထောင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာသန်းငြိမ်းကို (၅-၈-၁၉၃၈ ) ရက်နေ့တွင် ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊ ခနောင်အရှေ့ ကျေးရွာတွင် အဖ ဦးတင်ညွှန့်၊ အမိဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။ ၁၉၅၄ ခုတွင်ရန်ကုန်မြို့မ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ပြီးရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။

၁၉၈၈အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။ ကျောက်တန်းမြို့နယ်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီဝင်တစ်ဥိးအဖြစ် ၀င်ရောက်ခဲ့ပြီ မြို့နယ်ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်တင်မြှောက်ခံရသည်။

၁၉၉၆ခုနှစ်တွင် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီတွင် ဒု-ဥက္ကဌအဖြစ် တာဝန်ပေးခံရသည်။ ၁၉၉၇ခုနှစ်တွင် ဆေးခန်း ဖွင့်သည့်ကိစ္စဖြင့် တရားစွဲခံရပြီး ဆမလက်မှတ် သိမ်းဆည်းခံခဲ့ရသည်။ ၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စဆောင်ရွက်မှုဖြင့် ဒေါ်မေ၀င်းမြင့်တို့နှင့်အတူ ဖမ်းဆီးခံရပြီး  ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။

 ရန်ကုန်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်များ၌နေထိုင်ခဲ့ဘူးသူဖြစ်ပြီး လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁၀(က)ဖြင့် တစ်နှစ်စီတိုးပြီး သုံးကြိမ်တိုင်တိုင် ဆက်လက်ချုပ် နှောင်ခံခဲ့ရသည်။

၂၀၀၈ခုနှစ် ၊ စက်တင်္ဘာလတွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။ထောင်မှလွတ်ပြီး NLD ရန်ကုန်တိုင်းဒု-ဥက္ကဌ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အထောက်အကူပြုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။  ရွှေဂုံတိုင်စာတမ်းကိုပြုစုသောအဖွဲ့တွင် တစ်ဦးအပါအ၀င် ဖြစ်သည်။

၂၀၁၀ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၂၀၁၀ ခုနှစ်၊ မတ်လတွင် NLD ပါတီကို ထပ်မံမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်သင့်ကြောင်း ဦးဆောင်ဆွေးနွေးခဲ့သလို NLD ပါတီ တရားဝင်သက်တမ်းကုန်သည့်နေ့ (၆-၅-၂၀၁၀)ရက်နေ့အထိ ပါတီနှင့်အတူရှိခဲ့သည်ဟုမှတ်တမ်းများအရ သိရှိရသည်။

  ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီစနစ်သို့ သွားရောက်နိုင်ရန်အတွက် နိုင်ငံရေးပါတီတစ်ခု တည်ရှိရန် လိုအပ်ခြင်းနှင့် မပြီးဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဇွန်လတွင် ထူထောင်ခဲ့သူများတွင်တစ်ဦးအပါအ၀င်ဖြစ်သည်။

ပါတီတရားဝင် မှတ်ပုံတင်ကျပြီးနောက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။  ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေးအရပါတီခေါင်းဆောင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့သည်။

အကျဉ်းကျခံနေရစဉ်အတွင်း အသည်းကင်ဆာရောဂါကို ရရှိခဲ့ပြီးထိရောက်သောကုသမှုများ မခံခဲ့ရပါ။ ထို့ကြောင့် ထောင်မှလွှတ်ပြီးနောက်နိုင်ငံခြားသို့ ၁၀ ကြိမ်တိုင်တိုင် သွားရောက်ဆေးကုသခဲ့သလို နောက်ဆုံးပင်လုံဆေးရုံ၌ တက်ရောက် ဆေးကုသနေစဉ် ၂၁-၅-၂၀၁၄ရက်နေ့ မနက်ပိုင်း အသက်(၇၆)နှစ် အရွယ်၌ ကွယ်လွန်ခြင်းဖြစ်သည်။

ဒေါက်တာသန်းငြိမ်းမှာ နိုင်ငံရေးစာပေစာတမ်းများကို ရေးသားခဲ့ပြီးရွှေဂုံတိုင်ရှင်းတမ်းစာတမ်းမှာ စိတ်ဝင်စားစရာ ဖြစ်သလို ကျွန်တော့်ဆရာဝန်ဘ၀ အတွေ့အကြုံစာအုပ်ကိုလည်း ထုတ်ပေးခဲ့ဘူးပြီးအချိုးကျကိုယ်စားပြုမဲပေးစနစ် ပီအာကို  မြန်မာပြည် တွင်ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်ပြောကြားခဲ့သည့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။

Check Also

လူတိုင်းအတွက် ကျန်းမာရေးခေါင်းလောင်းထိုးခဲ့သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်

သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်းများ လုပ်ဆောင်ရန်“မြင့်မြင့်ခင်” ဖောင်ဒေး ရှင်း တည်ထောင်ခဲ့သူ ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်မှာ အသက်(၉၁)နှစ်အရွယ်တွင်ကွယ်လွန် ပြီး ဈာပနအခမ်းအနားကို ဇွန်လ ၂၁ရက်နေ့တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်၍ကြွင်းကျန်ရစ်မည့် အရိုးပြာများကို …