Monday , May 29 2017
Home / FNews / မြောက်ဦးနန်းတော်ရာကုန်း ရခိုင်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း အဆို ပြည်နယ်လွှတ်တော် သဘောတူ

မြောက်ဦးနန်းတော်ရာကုန်း ရခိုင်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း အဆို ပြည်နယ်လွှတ်တော် သဘောတူ

ပန်လှအောင် (မြစ်မခ)

မင်းပြား၊ ဒီဇင်ဘာ(၁၉)ရက်။

ရှေးရခိုင်ဘုရင်များ ထီးနန်းစိုက်ခဲ့ရာ မြောက်ဦးနန်းတော်ရာကုန်း၏ ပထမအဆင့်တွင် ရှိနေသော ခေတ်သစ် အဆောက်အဦးများအား ဖယ်ရှားကာ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက် သင့်ကြောင်း ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်က သဘောတူခဲ့ကြောင်း သိရှိရသည်။  

ဒီဇင်ဘာ(၁၉)ရက်က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၏ တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် မြောက်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်မှ တင်သွင်းခဲ့ပြီး ပေါက်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွေးက ထောက်ခံဆွေးနွေး ခဲ့သည်။

“မြောက်ဦးနန်းတော်ရာကုန်းရဲ့ ပထမအဆင့်မှာ မြောက်ဦးယဉ်ကျေးမူပြတိုက်ရှိတယ်။ ၀န်ထမ်းတွေနေတဲ့ အဆောက်အဦးတွေနဲ့ အိမ်သာကအစ ရှိနေတယ်။ ဒါတွေဟာ မရှိသင့်ပါဘူး။ ရခိုင်ရှေးဟောင်းယဉ်ကျေးမူကို  ထိခိုက်နစ်နာစေပါတယ်။ တတိယအဆင့်ရဲ့အောက်မှာပဲ ဒီအဆောက်အဦးတွေက ရှိသင့်တယ်။လက်ရှိရှိနေတဲ့ ခေတ်သစ်အဆောက်အဦးတွေကို ဖယ်ရှားပြီး နန်းတော်ရာကုန်းရဲ့ ပထမအဆင့်ကို ဖော်ထုတ်ပြီးတော့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် အဆိုတင်တာပါ။”ဟု အဆိုတင်သွင်းသူ မြောက်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦးနန်းတော်ရာကုန်းမှာ လက်ရှိမြောက်ဦးမြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး ယခင်ကတံတိုင်း (၃)ဆင့် နှင့် အကျယ်အ၀န်းမှာ (၁.၂)စတုရန်းမိုင်ခန့်ကျယ်ဝန်းသည်။

လက်ရှိ မြောက်ဦးနန်းတော်ရာကုန်းအတွင်း၌ ကျောက်လှေကားများ၊ ကျောက်စီနံရံများရှိနေပြီး မြေကြီးပေါ် တွင် မီးသွေးများ၊ အိုးခြမ်းကွဲများ၊ စဥ့်ရေသုတ်ကြမ်းခင်းကွဲများ၊ ခေါင်းမိုးအုတ်ကြွပ်ကွဲများ ပြန့် ကျဲလျက်ရှိပြီး နန်းတော်ရာကုန်း၏ ပထမအဆင့်တွင် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ပြတိုက်နှင့် ရှေးဟောင်းသုတေသန ဦးစီးဌာနရုံး အဆောက်အဦးများစသည်ဖြင့် ခေတ်သစ် အဆောက်အဦးများ တည်ရှိသည်။

“ကျွန်မတို့က မြောက်ဦးနန်းတော်ရာကုန်းကို ပြည်သူလူထု ကြည့်ရှုလို့ အဆင်ပြေအောင် လုပ်ပေးချင်တယ်။ နန်းတော်ရာကုန်းထဲမှာ ညီလာခံသဘင်ကျင်းပခဲ့တဲ့ နေရာ၊ ဘုရင်အိပ်ဆောင်နေရာ၊ မင်းညီမင်းသားတွေရဲ့ အဆောင်နေရာ၊ မင်္ဂလာတံခါးစသည့်ဖြင့် ဆိုင်ဘုတ်လေးတွေကပ်ပြီးလုပ်လိုက်ချင်တယ်။ ဒါကြောင့် နန်းတော်ရာကုန်း ရှင်းလင်းရေးကို အရင်ဆုံးလုပ်ရမယ်။ လုပ်ပေးပါလို့ အစိုးရကို တင်ပြထားတယ်။ ဒါပေမယ့် ဘာမှ အကြောင်းပြန်တာ မရှိပါဘူး။ အခု နန်းတော်ရာကုန်းအထက်မှာ အရမ်းကို ညစ်ပတ်နေတယ်။”ဟု မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

မြောက်ဦးနန်းတော်ရာကုန်းကို ပင်မနန်းဆောင်(၉)ဆောင်၊ မြေနန်းဆောင်များ၊ လွှတ်ရုံးတော်များ၊ ဘိသိပ်သွန်း ရေကြည်ထားရာ နန်းသားကန်တော်၊ ဗဟိုရ်စည်တော်၊ နက္ခတ်ရုံးတော်၊ ပန်းခုံတော်၊ လက်နက်တိုက်တော်များ အစရှိသည့် အရံအဆောင်များအပါအ၀င် နန်းဆောင် (၁၀၈)ဆောင်တို့အား တံတိုင်း(၃)ဆင့်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

“မြောက်ဦးနန်းတော်ရာကုန်းကို ပြုပြင်ထိန်းသိမ်းရေးအတွက်က ဘတ်ဂျတ်ချပေးမှု အပေါ်မှာ မူတည်ပါတယ်။ ဘတ်ဂျတ်က မရှိပါဘူး။ ကျွန်တော်တို့ တင်ပြထားတွေက အများကြီးပါ။ မြောက်ဦးနန်းတော်ရာကုန်း တူးဖော် ထိန်းသိမ်းရေးလုပ်ငန်းက နှစ်ရှည် စီမံကိန်းပါ။ ဒီနှစ်ထဲမှာ နန်းတော်ရာကုန်းထဲက ရေထုတ်စနစ်နဲ့ ပတ်သတ်တဲ့ သုတေသန ပြုလုပ်မယ့် လုပ်ငန်းတစ်ခုရှိတယ်။ နန်းတော်ရာကုန်းကို တူးဖော်ပြီး မူလအတိုင်းပြသထားမှာကို ကျွန်တော်လည်း ကြိုဆိုပါတယ်။”ဟု မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှ ဦးညိမ်းလွင်က ပြောသည်။

မြောက်ဦးနန်းတော်ရာကုန်းကို ရခိုင်ဘုရင် မင်းစောမွန်သည် အေဒီ(၁၄၃၀)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မင်းဗာဘုရင်က အေဒီ(၁၅၃၁)ခုနှစ်တွင် ကြီးကျယ်ခမ်းနားအောင် ကျောက်ဖြင့် အခိုင်အမာ ထပ်မံ တည်ဆောက်ခဲ့သည်။

နန်းတော်ရာကုန်း ပထမအဆင့်တံတိုင်းမှာ အရှေ့ အနောက် (၆၅၆)ပေ၊ တောင် မြောက်(၆၇၉)ပေ ရှည်ပြီး နန်းတော်ရာကုန်းကို အဆိုပါ တံတိုင်းအတွင်း တည်ဆောက်ထားပြီး မြောက်ဦးနန်းတော်ရာကုန်းတွင် ရခိုင်မင်း ဆက်ပေါင်း (၄၉)ဆက်၊ နှစ်ပေါင်း (၃၅၄) နှစ် ကြာရှည်ခဲ့သည်။

Check Also

ကျောက်ဖြူမြို့တွင် မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

အာရကန်ကိုကို(မြစ်မခ) ကျောက်ဖြူ၊ မေ(၂၉)ရက်။ မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်ပြည့် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့ ဘုရားကြီးတောင်ကျောင်းတိုက်တွင် မေလ(၂၈)ရက် နံနက်(၈)နာရီမှ (၁၁) နာရီထိ …