Friday , September 22 2017
Home / FNews / ပုဂံဒေသမှ ဘုရားကြီး(၈၉)ဆူ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၇ ဇန်နဝါရီလတွင် စတင်မည်

ပုဂံဒေသမှ ဘုရားကြီး(၈၉)ဆူ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၇ ဇန်နဝါရီလတွင် စတင်မည်

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ (၁၉)ရက်။

ငလျင်ဒဏ်ကြောင့် အကြီးစားပျက်စီးခဲ့သည့် ရှေးဟောင်းပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၇ ဇန်နဝါရီလတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(ပုဂံဌာနခွဲ)မှ သိရှိရသည်။

ငလျင်ဒဏ် စတင်ဖြစ်ပေါ်သည့်အချိန်တွင် သာမန်နှင့် အသေးစားထိခိုက်ပျက်စီးမှုနည်းသော စေတီ၊ ပုထိုးများ ကိုသာ ပြုပြင်မှုများရှိခဲ့ပြီး စူဠာမဏိ၊ အာနန္ဒာအုတ်ကျောင်းတို့ကဲ့သို့သော ဘုရားကြီးများဖြစ်သည့် ပထမအဆင့် စေတီပုထိုး(၃၆)ဆူနှင့်နှင့် ဒုတိယအဆင့်(၅၃)ဆူ၊ စုစုပေါင်း(၈၉)ဆူကို ပြုပြင်ထိန်းသိမ်းခြင်းများစတင်တော့မည် ဖြစ်သည်။

“ပထမအဆင့်နဲ့ ဒုတိယအဆင့် ဦးစားပေးပြုပြင်ဖို့လိုတဲ့ ဘုရားတွေထဲက အချို့နေရာတွေမှာတော့ဘုရားပွဲလမ်း သဘင်ကျင်းပပြီးကိုးကွယ်နေတဲ့ စေတီတွေလည်းရှိပါတယ်။ လောကနန္ဒာလို ဘုရားမျိုးမှာဆို ဘုရားပွဲတွေ၊ ဘာ တွေလည်း အမြဲတမ်းကျင်းပနေကြတယ်။ အဲလိုဘုရားတွေကျတော့ အင်္ဂါစုံပြန်ပြင်ဖို့ဆွေးနွေးနေပါတယ်။ ကျန် တဲ့ ဘုရားတွေကတော့ ဒီအတိုင်းပဲဆက်ပြီး ပျက်စီးမသွားအောင် ထိန်းသိမ်းမှုတွေလုပ်သွားပါမယ်။”ဟု ရှေး ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

၂၀၁၆ သြဂုတ်အတွင်းလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပုဂံဒေသရှိ စေတီ၊ ပုထိုးပေါင်း(၃၈၉)ဆူ ထိခိုက်ပျက် စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ရာ အနုပညာတန်ဖိုး၊ ဗိသုကာ လက်ရာတန်ဖိုးကြီးမားသည့် ဘုရားကြီး(၈၉)ဆူကို နိုင်ငံတော်မှ ဦးစီး၍ ပြည်တွင်းပြည်ပ ပညာရှင်များ၏ အနီး ကပ်ပူးပေါင်းမှုဖြင့် တစ်ဆူချင်းထပ်မံစစ်ဆေးအချိန်ယူကာ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အသေးစားပြုပြင်ဖို့လိုတဲ့စေတီတွေကိုတော့ ဒီဇင်ဘာလဆန်းပိုင်းကပင် စတင်ပြုပြင်နေပြီး အဆူ(၄၀)လောက် ပြီးသွားပြီ။ အလှူငွေက ကျပ်(၄ ဒဿမ ၆)ဘီလီယံလောက်ရရှိထားပါတယ်။ တစ်ဆူချင်းစီကို လှူဒါန်းခွင့်ပေး မယ်။ အကုန်လုံးတော့ တစ်ပြိုင်နက်မပြင်နိုင်ဘူး။ (၅)နှစ်စီမံကိန်းချ ပြုပြင်သွားမှာပါ။ ပြည်တွင်းပြည်ပ ပညာရှင် အဖွဲ့ရဲ့အကြံပြုချက်တွေနဲ့ ပြုပြင်သွားမယ်။”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် စေတီ၊ ပုထိုးများအတွင်းမှ ရှေးဟောင်းအဖိုးတန်ပစ္စည်းများကို ပုဂံမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

“စေတီ၊ ပုထိုးတွေက ပစ္စည်းတွေမပျောက်အောင် ငလျင်စလှုပ်ကတည်းကတွေ့တဲ့ ပစ္စည်းတွေကို အဖွဲ့လိုက် သိမ်းပြီး ပြတိုက်မှာ အပ်ထားတာ၊ အမျိုးအစား ငါးရာကျော်လောက်ရှိပါပြီ။ ပစ္စည်းတွေပျောက်သွားတာမျိုး မရှိပါ ဘူး။”ဟု ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကပြောသည်။

လက်ရှိတွင် သာမန်နှင့် အသေးစားထိခိုက်ပျက်စီးသော တတိယအဆင့်ဘုရား(၃၀၀)ဆူတွင် ထပ်မံစိစစ်ရန် လို အပ်သော ဘုရား(၇၆)ဆူအား အသေးစိတ်ထပ်မံစိစစ်နိုင်ရန် ခေတ္တချန်လှပ်၍ ထိခိုက်ပျက်စီးမှုနည်းပါးသော ကျန်စေတီ၊ ပုထိုး(၂၂၄)ဆူအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာတွင် စတင်ဆောင်ရွက်နေ ကြောင်း သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …