Saturday , May 27 2017
Home / FNews / လက်ပံတန်းမှ အလွတ်တန်း သတင်းထောက်တစ်ဦး ဆက်သွယ်ရေးပုဒ်မ ၆၈ က ဖြင့် တရားစွဲဆို ခံရမှု ပထမဆုံးအကြိမ်ရုံးထုတ်

လက်ပံတန်းမှ အလွတ်တန်း သတင်းထောက်တစ်ဦး ဆက်သွယ်ရေးပုဒ်မ ၆၈ က ဖြင့် တရားစွဲဆို ခံရမှု ပထမဆုံးအကြိမ်ရုံးထုတ်

သီဟလွင် (မြစ်မခ)

ပြည်၊ ဧပြီ(၄)ရက်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) လက်ပံတန်းမြို့အခြေစိုက် အလွတ်တန်း သတင်းထောက် တစ်ဦးအား  ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးက ၆၆ ဃ ဖြင့်  အမှုဖွင့်တိုင်ကြားထားမှုအား ဆက်သွယ်ရေးပုဒ်မ ၆၈ က ဖြင့် ပုဒ်မပြောင်းလဲကာ ဧပြီ ၅ ရက်က လက်ပံတန်းမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သတင်းထောက်အား ယခင်က ဆက်သွယ်ရေးဥပဒဒေပုဒ်မ ၆၆ ဃ အရ အမှုဖွင့်ခဲ့သော်လည်း ရဲစခန်းမှ စစ်ဆေးချက်များကို စုံစမ်းမှုများပြုလုပ်ကာ ဥပဒေအကြံယူပြီးနောက် ၆၆ ဃ ဖြင့် အရေးမယူဘဲ ၆၆ ဃ ပုဒ်မ မြောက်စေရန် သတင်းအချက်အလက် ဖြန့်ဝေမှု အမှုအမှတ် ၅၀၂/၂၀၁၇ ပုဒ်မ ၆၈ က ဖြင့် ပြောင်းလဲ ရုံးတင်ခဲ့ခြင်းဖြစ်သည်။

“သတင်းသမားတစ်ယောက်အနေနဲ့ကတော့ အများပြည်သူသိသင့်သိထိုက်တဲ့အတွက် သတင်းယူတယ် သတင်းဌာနကို ပို့ခဲ့တယ်။ ပို့ပြီးတော့မှ ဒီဗွီဒီယိုဖိုင်ကို သတင်းဌာနကနေ သတင်းအကျဉ်းပဲ သုံးသွားတဲ့ အတွက် တောင်သူတွေကနေလာပြီးတော့ မှတ်တမ်းအဖြစ်သိမ်းထားချင်တယ်ဆိုလို့ ဗွီဒီယိုဖိုင်လေးကို ပေးလိုက်တယ်။ ပေးလိုက်တဲ့အခါမှာလည်း ဒါဟာ သတင်းဌာနကို ပို့ထားတဲ့ ဖိုင်ဖြစ်လို့ အပြင်ကို ပြန်ဖြန့်လို့ မရဘူးလို့ သေချာပြောပြီးသား အဲဒါကို အခြားတစ်ယောက်ကနေယူပြီးတော့ လူမှုကွန်ယက်ပေါ်မှာ တင်လိုက်တယ်ပေါ့။ အဲဒီအတွက် အခုလိုမျိုး ပုဒ်မတွေနဲ့တရားစွဲတယ်။ အမှုကိုတော့ ဆက်လက် ရင်ဆိုင်သွားမယ်။”ဟု တရားစွဲဆိုခံထားရသူ သတင်းထောက် ကိုဝဏ္ဏထွန်းက ပြောသည်။

လက်ပံတန်းမြို့နယ် ရွာငံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ငွေပိုထုတ်ယူသည်ဆိုသည့် သတင်းကို ရုပ်သံရိုက်ယူကာ သတင်းဌာနသို့ပို့ခဲ့သော်လည်း အခြားတစ်ဦးမှ အဆိုပါ ရုပ်သံဖိုင်ကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံဖိုင်ကြောင့် ရွာငံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ  သတင်းထောက်နှင့် လူမှုကွန်ယက် စာမျက်နှာပေါ် တင်သူတို့အား အရေးယူပေးရန် ပုဒ်မ ၆၆ ဃ ဖြင့် ၂၀၁၆ အောက်တိုဘာလ ၆ ရက်နေ့က လက်ပံတန်းမြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ကိုဝဏ္ဏထွန်းနဲ့ ကိုရဲနိုင်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာထဲမှာ အမှုဖွင့်ခံထားရတဲ့အတွက် ခွင့်ပြုမိန့် တောင်းရ တယ်။ တောင်းတဲ့အခါမှာ ကိုရဲနိုင်ကိုတော့ အမှုအမိန့်ကျပြီး တရားစွဲလိုက်ရတယ်။ သူက ရှောင်တိမ်းနေတဲ့ အတွက် တရားခံပြေးနဲ့ စွဲလိုက်ရတယ်။ ကိုဝဏ္ဏထွန်းကို တင်လိုက်တဲ့အခါကျတော့ ၀န်ကြီးဌာနရုံးကနေ ပြန်စိစစ်ဖို့ဆိုလို့ ပြန်စိစစ်လိုက်တယ် စိစစ်ပြီးပြန်တင်လိုက်တော့ အခုမှပြန်ကျလာတော့ ၆၈(က)ပြန်ကျလာတာ ဖြစ်တဲ့အတွက် အဲဒီပုဒ်မနဲ့ တရားစွဲလိုက်ရတယ် ကျွန်တော်က ဒီဘက်ပိုင်းကျမှ ရောက်လာတော့ ကျွန်တော်  သိတဲ့ အပိုင်းကို ပြောပြတာပေါ့။”ဟု လက်ပံတန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ချစ်ကိုကိုက ပြောသည်။

အမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သူ ကိုရဲနိုင်ကိုမူ ပုဒ်မ ၆၆ ဃ နှင့် တရားစွဲဆိုထားပြီး တရားစွဲဆိုခံရသူမှာ တိမ်းရှောင်နေသောကြောင့် ဖမ်းဝရမ်းထုတ်ထားကြောင်း လက်ပံတန်းမြို့နယ်
တရားရုံးမှ သိရသည်။

အလွတ်တန်းသတင်းထောက် ကိုဝဏ္ဏထွန်းမှာ ပထဆုံးရုံးချိန်းနေ့တွင် ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံရယူခဲ့ပြီး ဒုတိယ ရုံးချိန်းအဖြစ် ဧပြီလ (၂၀)ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …