Friday , September 22 2017
Home / သတင်း / တရားရေးသတင်း / သထုံခရိုင်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး(၄)ဦးကို အရေးယူထား

သထုံခရိုင်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး(၄)ဦးကို အရေးယူထား

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ မတ် (၃၀) ရက်။

မွန်ပြည်နယ် သထုံခရိုင်အတွင်း ရာဇသတ်ကြီးဥပဒေဖြင့် တရားစွဲဆိုခံရခြင်း၊ အုပ်ချုပ်ရေးမှူး၏ ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းများကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး(၄)ဦးကို အရေးယူထားကြောင်း သထုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

သထုံခရိုင်အတွင်း မြို့နယ်(၄)ခု၊ ကျေးရွာအုပ်စုပေါင်း(၂၀၇)ခုရှိပြီး အရေးယူခံရသော ကျေးရွာအုပ်ချုပ်ရေးမှူး များမှာ ပေါင်မြို့နယ် မြလေးချောင်ကျေးရွာနှင့် ကတွန်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျိုက်ထိုမြို့နယ် ကော့ထင်း ကျေးရွာနှင့် သုံးခွကျေးရွာအုပ်ချုပ်ရေးမှူးများတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် အုပ်ချုပ်ရေးမှူးများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များအား လိုက်နာခြင်းမရှိဘဲ လုပ်ပိုင်ခွင့် အာဏာအပေါ် အသုံးချခြင်း၊ ကျေးရွာပိုင်မြေအား အလွဲသုံးစားပြုခြင်းများအပေါ် ပြည်သူများ၏ တိုင်ကြားမှုအား စစ်ဆေးဆောင်ရွက်ပြီး အရေးယူခြင်းဖြစ်ကြောင်း သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးမြင့်ဝေက ပြောသည်။

“အရေးယူထားတဲ့(၄)ဦးမှာ သုံးခွအုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးဥပဒေနဲ့ တရားစွဲဆိုခံထားရလို့ တာဝန်ကနေ ယာယီရပ်ဆိုင်းထားတယ်။ ကတွန်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာမြေကိုရောင်းစားပြီး ငွေအလွဲသုံးစားလုပ် လို့ ပြည်သူကတိုင်တော့ ရာဇသတ်ကြီးဥပဒေအရအရေးယူခံထားရလို့ အလိုအလျောက်တာဝန်က ရပ်ဆိုင်းပြီး သားပါ။ ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူးက အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့မြေကို ငွေကြေးကောက်ခံပြီး အကွက်ရိုက် ရောင်းလို့ တာဝန်ကနေရပ်ဆိုင်းလိုက်တယ်။ မြလေးချောင်အုပ်ချုပ်ရေးမှူးက ကျေးရွာမှာရှိတဲ့ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပြုခဲ့လို့ မြေယာဥပဒေနဲ့အရေးယူဖို့ စစ်ဆေးနေတယ်။ စစ်ဆေးချက်ပေါ်ပေါက်ရင် သူ့ကို လည်း အရေးယူမှာပါ။”ဟု ဦးဖြိုးမြင့်ဝေက ပြောသည်။

အုပ်ချုပ်ရေးမှူးများအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၆ (ဂ)အရလည်းကောင်း၊ ဥပဒေအခန်း(၅)အရ လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၄၀၉)အရလည်းကောင်း၊ ၂၀၁၂ လယ်ယာမြေဥပဒေပုဒ် (၁၉)အရ အ ရေးယူမှုများ ဆောင်ရွက်နေကြောင်း ဦးဖြိုးမြင့်ဝေက ဆက်ပြောသည်။

တာဝန်မှ ရပ်ဆိုင်းခြင်းခံရသော အုပ်ချုပ်ရေးမှူးများနေရာတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် အုပ်ချုပ်ရေးမှူး သစ်များအား ပြည်သူများ၏ သဘောဆန္ဒအရ ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ကျေးရွာပိုင်မြေ၊ စားကျက်မြေ၊ မြေလွတ်များအား ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်း၊ ပြုလုပ်သုံးစွဲနေသည်ကိုတွေ့ရှိပါက တားမြစ်ပြီး သက်ဆိုင်ရာသို့သတင်းပို့ကြရန်၊ အုပ်ချုပ်ရေးမှူးများကိုယ်တိုင် လုပ်ပိုင်ခွင့်အား ကျော်လွန်လုပ်ကိုင်နေသည်ကို တွေ့ရှိပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်သို့တိုင်ကြားနိုင်ပြီး စစ်ဆေးပေါ်ပေါက်ပါက ဥပဒေနှင့်အ ညီ ထိရောက်စွာအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Check Also

Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ မတ်လ(၂၀)ရက်။ Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ခြင်းနှင့် …