Friday , June 2 2017
Home / FNews / သတင်းမီဒီယာ၊ လွတ်လပ်ခွင့်နှင့် တန်ဖိုးကို Global Media Forum တွင် အဓိကထား ဆွေးနွေးမည်

သတင်းမီဒီယာ၊ လွတ်လပ်ခွင့်နှင့် တန်ဖိုးကို Global Media Forum တွင် အဓိကထား ဆွေးနွေးမည်

မေသင်္ကြန်ဟိန်(မြစ်မခ)

ဂျာမနီနိုင်ငံ၊ ဘွန်းမြို့မှာ အခြေစိုက် Deutshche Welle က ပြုလုပ်လျက်ရှိသော Global Media Forum တွင် သတင်းမီဒီယာ၊ လွတ်လပ်ခွင့်နှင့် တန်ဖိုးကို အဓိကထားဆွေးနွေးကြမည်ဖြစ်ကြောင်း Deutshche Welle ၏ Director General ဖြစ်သူ Peter Limbourg က ပြောဆိုလိုက်သည်။

အဆိုပါ ဖိုရမ်တွင် ဥရောပနိုင်ငံများသာမက အာရှနိုင်ငံများက နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ဂျာနယ်လစ်ပေါင်း ၂၀၀၀ ကျော်ကို ဖိတ်ကြားပြီး ဘွန်းမြို့တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ Global Media Forum ပြုလုပ်နေခြင်း ဖြစ်သည်။

`ကျွန်တော်တို့ရဲ့ Deutshche Welleအနေနဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေပါတယ်။ ဒါပေမယ့်က အီးယူနိုင်ငံတွင်းက သတင်းထောက်တွေအနေနဲ့ အကြမ်းဖက်ခံရခြင်းနဲ့ ခြိမ်းခြောက်ခံရခြင်းကိုလည်း နှစ်တိုင်းကြုံတွေ့ရပါတယ်။ အဲဒီ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့နဲ့ သတင်းလွတ်လပ်ခွင့်အတွက် ဒီဖိုရမ်ကနေ ဆွေးနွေးဆောင်ရွက်ဖို့ကြိုးစားချင်ပါတယ်။“ ဟု Deutshche Welle ၏ Director General ဖြစ်သူ Peter Limbourg က အဖွင့်မိန်းခွန်းတွေ ပြောသည်။

ဖိုရမ်ပထမနေ့တွင် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆုပေးပွဲကိုလည်း ပြုလုပ်ခဲ့ပြီး အဆိုပါဆုကို Turkey က အယ်ဒီတာချုပ်ဖြစ်သူ Sedat Ergin က ရရှိခဲ့သည်။

“သတင်းလွတ်လပ်ခွင့် မရှိတော့တဲ့အခါ ဒီမိုကရေစီဆိုတာလည်း မရှိနိုင်တော့ပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီ မရပ်ဆိုင်းစေဖို့သတင်းလွတ်လပ်ခွင့် ရရှိနေဖို့ လိုပါတယ်။ ကျွန်တော်တို့ဆောင်ရွက်ရမယ့် တာဝန်က သတင်းလွတ်လပ်ခွင့် မပျောက်ဆုံးစေဖို့ပဲဖြစ်ပါတယ်။“ဟု Peter Limbourg က ထပ်မံပြောဆိုခဲ့သည်။

အီးယူနိုင်ငံများတွင် နိုင်ငံရေးသမားများကလည်း သတင်းသမားများအပေါ် တိုက်ခိုက်မှုများရှိနေသည့်အတွက် သတင်းသမားများအနေဖြင့်ခြိမ်းခြောက်မှု၊ အကြမ်းဖက်ခံရမှုများအတွက် သားကောင်ဖြစ်နေရသည်ဟု သုံးသပ်မိကြောင်း ဖိုရိမ်သို့ တက်ရောက်ခဲ့သော အီးယူပါလီမန်၏ ဒုဥက္ကဌဖြစ်သူ Alexander Graf Lambsdorf က ပြောသည်။

ဖိုရမ်ပထမနေ့ သတင်းမီဒီယာများ၏ ဆွေးနွေးမှုကဏ္ဍတွင် နိုင်ငံရေးသတင်းစာ ပညာကိုလည်း ဆွေးနွေးကြမည်ဖြစ်ပြီး သတင်းစာပညာအတွက်ထောက်ပံ့ခြင်းနှင့် ပံ့ပိုးခြင်းဆိုင်ရာဆွေးနွေးမှုများအပြင် လူထုအကျိုးပြုသတင်းစာပညာခေါင်းစဉ်ဖြင့်လည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ၊ ဘွန်းမြို့မှာ အခြေစိုက် Deutshche Welle က နှစ်စဉ်နှစ်တိုင်း Global Media Forum ကို ဇွန်လတွင်းတွင် ပြုလုပ်လျက်ရှိပြီး ယခုနှစ်မှာ ၁၇ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

Check Also

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း(၆၉)ကျောင်းအား အဆင့်တိုးမြှင့်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇွန် ၁ ရက်။ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၆၉)ကျောင်းအား အဆင့်တိုးမြှင့်မှုများ ပြုလုပ်ထားကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ …