Monday , November 27 2017
Home / FNews / (၁၈)နိုင်ငံမှ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ ကုန်စည်ပြပွဲကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည်

(၁၈)နိုင်ငံမှ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ ကုန်စည်ပြပွဲကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည်

 

ယမုံ (မြစ်မခ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်။

(၁၈)နိုင်ငံမှ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ၊ ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများနှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းဆိုင်ရာကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း AMB Tars us Events Group မှ သိရှိရသည်။

အဆိုပါပြပွဲကို နိုဝင်ဘာ ၂၃ ရက်မှ  ၂၅ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ Sule Square ၌ နိုဝင်ဘာ ၉ ရက်ကကျင်းပပြုလုပ်သည့် MEDEX & MYANLAB 2017 ပြပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ဆေးနဲ့ ဆေးပစ္စည်းတွေထက် ဓာတ်ခွဲခန်းသုံး ဆေးပစ္စည်းကိရိယာတွေကို ပြသတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲကျင်းပတဲ့အပြင် ဆေးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲကိုလည်း ပြုလုပ်သွားဖို့ရှိပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်က နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေးလုပ် ငန်း ချိတ်ဆက်ဆောင်ရွက်လို့ရပါတယ်။”ဟု မြန်မာနိုင်ငံ ဆေး၊ ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဒေါက်တာ ဝင်းစည်သူက ပြောသည်။

MEDEX & MYANLAB 2017 ပြပွဲကို မြန်မာနိုင်ငံ ဆေး၊ ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း က အဓိကကူညီပံ့ပိုးပေးထားပြီး အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန်၊ အိန္ဒိယ၊ တရုတ်၊ မလေး ရှား၊ ဗီယက်နမ်၊ ကိုရီးယား စသည့်နိုင်ငံများမှ ကုန်ပစ္စည်းအမျိုးအစားပေါင်း(၂၀၀)ကျော်ကို ကုမ္ပဏီပေါင်း(၅၀) ကျော်က ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းမှာ လက်ရှိသုံးစွဲနေတဲ့ ဆေးအချို့က ပြည်ပကနေ (၈၅)ရာခိုင်နှုန်းအထိ တင်သွင်းနေရသလို အချို့ ဆေးတွေက ရာခိုင်နှုန်းပြည့်လိုအပ်ချက်ရှိလို့ တင်သွင်းနေရတာဖြစ်ပါတယ်။ အဲဒီလိုတင်သွင်းနေရတဲ့အထဲမှာ အိန္ဒိယကနေ (၄၅)ရာခိုင်နှုန်းလောက် ဦးဆောင်နေတဲ့နိုင်ငံဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာလည်း နိုင်ငံပိုင်ဆေး ဝါးစက်ရုံတွေအပြင် ပုဂ္ဂလိကဆေးဝါးစက်ရုံတွေလည်း တဖြည်းဖြည်းတည်ထောင်လာပြီဆိုတော့ ပြည်တွင်းက ထုတ်လုပ်တဲ့ ဆေး၊ ဆေးပစ္စည်းတွေကို ပြည်တွင်းဆေးတွေ ပြပွဲကျင်းပတဲ့အခါ ဝင်ရောက်ပြသနိုင်ဖို့ ဖိတ်ခေါ် သွားမယ်။”ဟု ဒေါက်တာ ဝင်းစည်သူကပြောသည်။

ထို့အပြင် ဆေးရုံများနှင့် ဓာတ်ခွဲခန်းများမှ ကျွမ်းကျင်ပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆေးဝါး၊ ဆေးပစ္စည်းကိရိ ယာအသစ်များ၊ နောက်ဆုံးပေါ်နည်းပညာအသစ်များ လေ့လာနိုင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …