Monday , November 27 2017
Home / FNews / မျက်စိစွန်ခြင်းကို ပျောက်ကင်းစေမယ့် နည်းလမ်းတွေ

မျက်စိစွန်ခြင်းကို ပျောက်ကင်းစေမယ့် နည်းလမ်းတွေ

 

မျက်စိစွန်တာကို လူအတော်များများကြုံဖူးကြမှာပါ။ မျက်ခမ်းမှာ ဖြစ်တဲ့ရောဂါဖြစ်လို့ အတော်ကို နေရထိုင်ရ ခက်ပါတယ်။ နောက်ပြီး လူတွေမြင်နိုင်တဲ့ မျက်နှာပေါ်မှာ ဖြစ်တာကြောင့် အလှအပအတွက်လည်း ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ဒုက္ခတွေမဖြစ်ရအောင် ရှောင်ကျဉ်ရမယ့် နည်းလမ်းတွေရှိသလို ဒီရောဂါဖြစ်လာရင်လည်း ကိုယ်ကိုယ်တိုင်ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

ဘာကြောင့် မျက်စိစွန်တာလဲ။

မျက်စိစွန်တယ်ဆိုတာ မျက်တောင်မွှေးရဲ့ မွေးညင်းပေါက်ကလေးတွေ ဒါမှမဟုတ် မျက်ရည်ဂလင်းတွေကို ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်လာရတာပါ။ မျက်ခမ်းကို ခြစ်မိတဲ့အခါ၊ ဘက်တီးရီးယားပိုးတွေဝင်ရောက်တဲ့အခါမှာ မွေးညင်းပေါက်လေးတွေ၊ မျက်ရည်ဂလင်းလေးတွေ ပိတ်ဆို့သွားပြီး ရောင်ရမ်းလာတတ်ပါတယ်။ မျက်စိစွန်တာဟာ မျက်ခမ်းရဲ့ အပြင်ဖက်မှာ ဒါမှမဟုတ် မျက်ခမ်းရဲ့ အောက်ဖက်မှာ ဖြစ်လေ့ရှိပြီး တစ်ပတ်အတွင်းမှာ ပြန်လည်ပျောက်ကင်းလေ့ရှိပါတယ်။

မျက်စိမစွန်အောင် ဘာတွေကို ရှောင်ရမလဲ။

ကိုယ်သတိမထားမိဘဲ လုပ်လိုက်မိတဲ့ တချို့အရာလေးတွေဟာ မျက်စိစွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ကိုတော့

– မွေးညင်းပေါက်တွေ မပိတ်စေဖို့ မိတ်ကပ်တွေကို မအိပ်ခင် ပြောင်အောင်ဖျတ်ပစ်ပါ။

– ဘက်တီးရီးယား ပေါက်ပွားမှုမရှိအောင် မျက်လုံးခြယ်သတဲ့ မိတ်ကပ်တွေကို ခြောက်လတစ်ခါ လဲလှယ်ပေးပါ။

– မျက်ကပ်မှန်တပ်မယ်ဆိုရင် လက်ကို သေသေချာချာဆေးပြီးမှ ကိုင်တွယ်ပါ။

– ဓါတ်မတည့်မှုဖြစ်တဲ့အခါမှာ မျက်လုံးကို မပွတ်မိပါစေနဲ့။

ဒီရောဂါကို အိမ်မှာ ဘယ်လို ကုသမလဲ။

မျက်စိစွန်တာဟာ ၀က်ခြံနဲ့ဆင်တူပြီး ညှစ်ချင်စရာပုံစံလေးပါ။ ဒါပေမယ့် လုံးဝမညှစ်ပါနဲ့။ ရေနွေးဆွတ်ထားတဲ့ အ၀တ်သန့်သန့်လေးကို မျက်လုံးပေါ်မှာ ငါးမိနစ်ကနေ ၁၅ မိနစ်ခန့် မျက်လုံးပေါ်မှာတင်ထားပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်နေ့ကို အကြိမ်ရေအနည်းငယ်ခန့် ပြုလုပ်ပေးပါ။ အ၀တ်စမှာရှိနေတဲ့ အပူက မျက်စိစွန်တာကို ပျောက်ကင်းစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ အ၀တ်စလေး သိပ်မပူတော့ဘူးဆိုရင်တော့ ပူအောင် ပြန်လုပ်ပေးရမှာပါ။ မျက်စိစွန်နေတဲ့ အချိန်မှာတော့ မိတ်ကပ်လိမ်းခြင်းနဲ့ မျက်ကပ်မှန်တပ်ဆင်ခြင်းကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြဖို့ လိုအပ်မလဲ။

မျက်စိစွန်နေတဲ့ အဖုလေးဟာ တစ်ပတ်အတွင်း မပျောက်ကင်းဘူးဆိုရင်၊ အနာရဲ့အခြေအနေပိုဆိုးလာမယ်ဆိုရင်၊ အဖုလေးဟာ အရွယ်အစားကြီးလာပြီး သွေးထွက်လာမယ်၊ အမြင်အာရုံကိုပါ ထိခိုက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

REF

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …