Friday , September 22 2017
Home / FNews / မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးရှိ H1N1 သံသယရှိလူနာ(၃)ဦး ဓာတ်ခွဲအတည်ပြုအဖြေမရသေးသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်ဟုဆို

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးရှိ H1N1 သံသယရှိလူနာ(၃)ဦး ဓာတ်ခွဲအတည်ပြုအဖြေမရသေးသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်ဟုဆို

 

ထိန်လင်းအောင်(မြစ်မခ)

မြဝတီ၊ သြဂုတ် ၁၇ ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ H1N1 သံသယဖြင့် ဆေးကုသမှုခံယူနေရသည့် လူနာ (၃)ဦးမှာ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနထံမှ အဖြေမရရှိသေးသော်လည်း ကျန်းမာရေးကောင်း မွန်လာကြောင်း အဆိုပါဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးကပြောဆိုလိုက်သည်။

ပြင်းထန်အဆုပ်ရောင်ရောဂါလက္ခဏာဖြင့် သြဂုတ် ၁၄ ရက်က (၉)လအရွယ်ကလေးငယ်တစ်ဦး ရောက်ရှိလာ သဖြင့် အဆိုပါကလေးအား RDT ဖြင့်စမ်းသပ်စစ်ဆေးခဲ့ရာ Influenza Type B-positive ထွက်ရှိခဲ့ပြီး ယင်းက လေး၏မိသားစုများအား ထပ်မံစစ်ဆေးခဲ့ရာ ကလေး၏မိခင်နှင့် အစ်ကိုဝမ်းကွဲတို့တွင်လည်း Positive ထပ်မံ ထွက်ရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က ဒီအချိန်မှာကလည်း ဒီရာသီတုပ်ကွေးဖြစ်နေတဲ့ အချိန်ဆိုတော့ RDT နဲ့စစ်တယ်။ အဖြေက Influenza Type B-positive ထွက်ပါတယ်။ အဲဒီတော့ သူ့မိသားစုတွေကို ကျွန်မတို့ကစစ်ဖို့လိုလာပြီ။ ကလေး ရဲ့အမေနဲ့ ကလေးရဲ့အစ်ကိုဝမ်းကွဲမှာ Positive ထပ်ထွက်ပါတယ်။ ပိုပြီးတိကျတဲ့အဖြေရဖို့ ရန်ကုန်မှာရှိတဲ့ အ မျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို စစ်ဆေးဖို့ပေးပို့ထားပါတယ်။ အဖြေကတော့ တစ်ရက်နှစ်ရက်နေ သိရမှာပါ။ သူတို့သုံးဦးစလုံးကို ဆေးရုံမှာ သီးသန့်အခန်းနဲ့ ကြပ်ကြပ်မတ်မတ်ကုသဆောင်ရွက်ပေးနေပါတယ်။ စိုးရိမ်စရာ တော့ မရှိသေးပါဘူး။”ဟု ဒေါက်တာသီတာစိုးကပြောသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်နေသ ဖြင့် လူဦးရေဝင်ထွက်သွားလာမှုများတွင် ရောဂါပိုးသယ်ဆောင်လာခြင်း ရှိ၊ မရှိကို ကျန်းမာရေးဌာနက နယ်စပ် ဖြတ်ကျော်တံတားတွင် စောင့်ကြပ်စစ်ဆေးနေကြောင်း သိရသည်။

“အခုလက်ရှိကတော့ ရာသီတုပ်ကွေး H1N1 ပေါ့။ ဒါတွေနဲ့ပတ်သက်ပြီး ဒီအမှတ်(၁)ချစ်ကြည်ရေးတံတားမှာ ရော၊ နေရပ်ပြန်မြန်မာအလုပ်သမားတွေ လက်ခံတဲ့စခန်းမှာပါ စစ်ဆေးဆောင်ရွက်နေပါတယ်။ အဲဒီမှာတော့ ပြန်ဝင်လာတဲ့ထဲမှာ နိုင်ငံခြားသားရော၊ မြန်မာပြည်သားရော ရောဂါတွေ့ရှိတာတော့ မရှိသေးပါဘူး။”ဟု ဒေါက်တာ သီတာစိုးက ပြောသည်။

အဆိုပါရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများကို မြို့ပေါ်နှင့် ကျေးရွာများတွင် ဆောင်ရွက်လျက် ရှိကာ ဆေးဝါးကူသနေသူလူနာ(၃)ဦးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း ပြည်သူလူထု ထံ ချက်ချင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ သီတာစိုးက ပြောသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …