Friday , September 22 2017
Home / FNews / ကြက်သား၊ ကြက်ဥစားသုံးခြင်းကြောင့် H1N1 ရောဂါဖြစ်နိုင်သည်မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံ တိရိစ္ဆာန် ဆေးကု ဆရာဝန်များ အသင်း ဥက္ကဌ ဒေါက်တာ မြင့်သိန်းက ပြောဆို

ကြက်သား၊ ကြက်ဥစားသုံးခြင်းကြောင့် H1N1 ရောဂါဖြစ်နိုင်သည်မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံ တိရိစ္ဆာန် ဆေးကု ဆရာဝန်များ အသင်း ဥက္ကဌ ဒေါက်တာ မြင့်သိန်းက ပြောဆို

မင်းခန့် (မြစ်မခ)

မန္တလေး၊ သြဂုတ် ၈ ရက်။

ကြက်သားနှင့် ကြက်ဥစားသုံးမှုမြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို မန္တလေးမြို့ရှိ Oriental House ခန်းမတွင် သြဂုတ် ၇ ရက်၊ နံနက် (၉)နာရီမှ နေ့လယ်(၁၂)နာရီအထိကျင်းပခဲ့ပြီး ကြက်သား၊ ကြက်ဥစားသုံးခြင်းကြောင့် H1N1 ရောဂါဖြစ်နိုင်သည်မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံ တိရိစ္ဆာန်ဆေးကု ဆရာဝန်များ အသင်း ဥက္ကဌ ဒေါက်တာ မြင့်သိန်းက ပြောဆိုလိုက်သည်။

အဆိုပါပွဲကို မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မန္တလေးတိုင်းနှင့် တိရိစ္ဆာန်ဆေးကုဆရာဝန်များ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“ဒီပွဲကျင်းပရတဲ့ အဓိကရည်ရွယ်ချက်က အခုလက်ရှိဖြစ်နေတဲ့ H1N1 နဲ့ပတ်သက်ပြီး လူတွေက စိုးရိမ်ထိတ် လန့်မှုတွေဖြစ်နေတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးဆွေးနွေးပေးတဲ့သဘောပါပဲ။ ကြက်သား၊ ကြက်ဥစားလို့ H1N1 ရောဂါဖြစ်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဆိုင်လည်း မဆိုင်ပါဘူး။ ဒီရောဂါ က ရာသီပေါ်တုပ်ကွေးဖြစ်ပါတယ်။ လူတွေအားလုံးအတွက်လည်း ယုံကြည်မှုတည်ဆောက်ပြီး ပညာပေးတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံတိရိစ္ဆာန်ဆေးကုဆရာဝန်များအသင်းဥက္ကဌ ဒေါက်တာမြင့်သိန်းကပြော သည်။

မြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ H1N1 ရောဂါနဲ့ပတ်သက်ပြီး ကြက်ဥဈေးနှင့် ကြက်သားဈေးများ အရောင်း အဝယ်ကျဆင်းလာခြင်းကြောင့် ယင်းကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကြက်ဥနဲ့ ကြက်သားစားသုံးမှုအနေနဲ့က H1N1 နဲ့ သက်ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ ရော ဂါက ရာသီပေါ်တုပ်ကွေးတစ်ခုသာဖြစ်ပါတယ်။ ကြက်ဥတွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်စပ်ကလာသည် ဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ ဒီရောဂါနဲ့ လုံးဝမပတ်သက်ပါဘူး။ ပြောချင်တာကတော့ဗျာ ကြက်ဥ၊ ကြက်သားစား လို့ H1N1 လုံးဝမဖြစ်နိုင်ပါဘူးလို့ပြောချင်တာပါ။ ဒီအတွက် ပြည်သူတွေအနေနဲ့ အထိတ်တလန့်ဖြစ်ဖို့ မလိုပါ ဘူး။”ဟု မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ ကျော်ထင်က ပြောသည်။

မန္တလေးမြို့တွင် ဇူလိုင်လဆန်းပိုင်က ကြက်သားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်ဥတစ်ပိဿလျှင်  (၃၀၀၀)ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ကြက်သားတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ကြက်ဥတစ်ပိဿာလျှင် (၁၅၀၀) ကျပ်သာ ပေါက်ဈေးရှိနေကြောင်း သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …