Friday , September 22 2017
Home / သတင်း / ကျန်းမာရေးသတင်း / ကျောက်ဖြူမြို့နယ်တွင် ဦးနှောက်အမြှေးပါးရောင် ရောဂါကြောင့် တစ်ပါတ်အတွင်း ကလေး(၂)ဦးသေဆုံး

ကျောက်ဖြူမြို့နယ်တွင် ဦးနှောက်အမြှေးပါးရောင် ရောဂါကြောင့် တစ်ပါတ်အတွင်း ကလေး(၂)ဦးသေဆုံး

 

အာရကန်ကိုကို(မြစ်မခ)

ကျောက်ဖြူ၊ သြဂုတ် ၇ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်အမြှေးပါးရောင်ရောဂါကြောင့် တစ်ပါတ်အ တွင်း အသက်(၁၀)နှစ်အောက်ကလေး(၂)ဦး သေဆုံးခဲ့ရကြောင်း ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။

သေဆုံးသွားသည့်ကလေးများသည် ကျောက်ဖြူမြို့နယ်၊ ဒိုးမတောင်ကျေးရွာမှဖြစ်ကာ ဇူလိုင် ၂၉ ရက်က အ သက်(၄)နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့် သြဂုတ် ၂ ရက်တွင် အသက်(၇)နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တော့ မရသေးဘူး။ ကလေးဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်အရ Virus ပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်တာပေါ့နော်။ ကလေးကဖျားပြီး တက်တာပေါ့။ ဆေးရုံကိုရောက်ပြီး မကြာမီမှာပဲ ဆုံးသွားတာပါ။ ဒီရောဂါကြောင့် မနှစ်ကလည်း အသက်(၇၀)ဝန်းကျင်အရွယ် ရှိအဘွားကြီးတစ်ဦး ဆုံးသွားတယ်။”ဟု ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာ ရဲလွင်မောင်ကပြောသည်။

ဦးနှောက်အမြေးပါးရောင်ရောဂါ လက္ခဏာများနှင့် ကူးစက်တတ်သည့်အကြောင်းအရာများ၊ ရောဂါကြိုတင်ထိန်း ချုပ်ကာကွယ်ရမည့် အသေးစိတ်နည်းလမ်းများကိုလည်း ကျန်းမာရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

“မြို့ကဆေးခန်းတွေမှာ ကလေးတွေက နေ့စဉ်လိုလို ရာနဲ့ချီပြီး ကြိတ်ကြိတ်တိုးနေတာတွေ့ရတယ်။ ဒီနှစ်မှာပဲ အဖြစ်များတယ်ဆိုတော့ ကလေးမိဘတွေမှာ စိုးရိမ်မှုတွေရှိနေတယ်။ ဖြစ်တဲ့ကလေးအများစုက ဖျားနာတာ၊ အ စာမစားတာနဲ့ အော့အန်၊ နှာစေး၊ ချောင်းဆိုး အစရှိတဲ့ရောဂါလက္ခဏာက အဖြစ်များပါတယ်။”ဟု ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း ကလေးသူငယ်အများစုတို့မှာ ရာသီတုပ်ကွေး ရောဂါသဘောဆောင်သည့် နှာစေး၊ ချောင်းဆိုးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါတို့အဖြစ်များနေပြီး ကျန်းမာရေးဦးစီးဌာနကလည်း ကြိုတင်ကာကွယ် သည့်အနေဖြင့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျန်း မာရေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးနေကြောင်း သိရသည်။

 

Check Also

ပဲခူးတိုင်းဒေသကြီးတွင် H1N1 ရောဂါပိုးတွေ့ရှိရသူ(၁၇)ဦးရှိနေပြီး (၃)ဦးသေဆုံး

မျိုးမြတ်(မြစ်မခ) ပဲခူး၊ သြဂုတ် ၇ ရက်။ ပဲခူးတိုင်းဒေသကြီးရှိမြို့နယ်များအနက် သြဂုတ်လ ပထမပါတ်အထိ H1N1  ရောဂါသံသယရှိသူ(၄၄)ဦးအနက် H1N1 ရောဂါပိုးတွေ့ရှိရသူ(၁၇)ဦးရှိနေပြီး (၃)ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ …