Thursday , November 30 2017
Home / FNews / မိုးမိတ်မြို့တွင် ဖွင့်လှစ်ထားသော မက်သဒုံး စင်တာတွင် မက်သဒုံးဆေးရည် မရရှိသေး

မိုးမိတ်မြို့တွင် ဖွင့်လှစ်ထားသော မက်သဒုံး စင်တာတွင် မက်သဒုံးဆေးရည် မရရှိသေး

နောင် (မြစ်မခ)

မိုးမိတ်၊ မေ (၉) ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့တွင် ဖွင့်လှစ်ထားသော မက်သဒုံးဆေးရည်ဖြင့် အစားထိုး ဆေးကုသ စင်တာတွင် မက်သဒုံးဆေးရည် မရရှိသေးခြင်းကြောင့် ဇွန်လမှသာ မက်သဒုံးဆေးရည်ဖြင့် ဆေးကုသမှု စတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးရောဂါကုသရေး နှင့် သုတေသနဌာနတို့ခွင့်ပြုချက်ဖြင့် ၂၀၁၇ ခုနှစ် မေလ ပထမပါတ်က စတင်ဖွင့်လှစ်ပေးထားသော မက်သဒုံးစင်တာမှာ ဆေးရည်ရရှိမည့် ဇွန်လအတွင်းမှသာ ကုသမှုပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“မက်သဒုံးစင်တာက ဖွင့်ပဲဖွင့်ရသေးတာပါ။ မက်သဒုံးက ဆေးကုတဲ့အပိုင်းမရောက်သေးပါဘူး။ ဆေးခွဲတမ်းကျ ပြီးမှ ဆေးသွားထုတ်ရမယ်။ ဒီလကုန်လောက်မှ မက်သဒုံးအနေနဲ့လုပ်ဖြစ်မယ်လို့ မှန်းထားပါတယ်။ အခုက တော့ ဆေးဖြတ်တဲ့ဟာကိုပဲ အရင်လုပ်ပေးနေပါတယ်။ မက်သဒုံးက ဆေးမရသေးလို့။ အခြားဆေးဖြတ်တာ တော့ လောလောဆယ်(၅)ယောက်ကိုတော့ အောင်အောင်မြင်မြင်နဲ့ဖြတ်ပေးနိုင်ခဲ့ပါတယ်။”ဟု မိုးမိတ်မြို့နယ် မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးစိုးညီညီကပြောသည်။

မိုးမိတ်မြို့တွင် မူးယစ်ဆေးဝါးများစွာ ပြန့်နှံ့နေခြင်းကြောင့် ဖမ်းဆီးဆောင်ရွက်မှုများရှိနေသော်လည်း ဆေးဖြတ် လိုသူများအတွက် ဆေးဖြတ်ပေးမည့်ဌာနမရှိခြင်းများကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူမှာ တစ်နေ့တစ်ခြား များပြားလာကြောင်း သိရသည်။

“မိုးမိတ်မြို့က မူးယစ်ဆေးဝါးတွေ ဒီလောက်ပေါများနေတဲ့မြို့ လူငယ်လူရွယ်တွေကြားမှာ မူးယစ်ဆေးဝါး ကြောင့် ပျက်ဆီးနေတဲ့မြို့မှာ မက်သဒုံးစင်တာဖွင့်လိုက်ဟာ မိဘပြည်သူလူထုတွေရော ဆေးစွဲလူငယ်တွေရဲ့ အသိုင်းအဝိုင်းတွေရော ဝမ်းသာနေကြတာပေါ့။ ဆေးဖြတ်ချင်နေတဲ့လူငယ်တွေက ပိုက်ဆံမရှိလို့ ဆေး မဖြတ်နိုင်ခဲ့ကြဘူး။ ဒီလိုမက်သဒုံးစင်တာကိုအားကိုးပြီးမှ သူတို့တွေအနေနဲ့ အခမဲ့ဆေးကုပြီးပြတ်သွားမယ်ဆို ရင် သူတို့ဘဝတွေဟာ ကောင်းသွားနိုင်မယ်လို့မြင်မိပါတယ်။’’ဟု မိုးမိတ်မြို့ဒေသခံ ကိုထွန်းထွန်းဦးက ပြောသည်။

အဆိုပါမက်သဒုံးစင်တာသို့ ဆေးစွဲနေသူဝေဒနာရှင်မည်သူမဆို အခမဲ့လာရောက်ကုသနိုင်ကြောင်း၊ မိမိသဘော အတိုင်းဆေးဖြတ်လိုက ဆေးရုံသို့ လာရောက်ကုသနိုင်ကြောင်း၊ မက်သဒုံးစင်တာဖွင့်လှစ်ကာ ဆေးရည်တိုက် ကုသပေးခြင်းဖြင့် လူသားအရင်းအမြစ်များ ရှင်သန်ကောင်းမွန်လာရန် အလေးထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မိုးမိတ်ဆေးရုံအုပ်ကြီးက ပြောသည်။

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …