Thursday , November 30 2017
Home / FNews / ပြည်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

ပြည်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

သီဟလွင် (မြစ်မခ)

ပြည်၊ မေ(၈)ရက်။

မေလ(၈) ရက်တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ပြည်မြို့နယ်ရှိ ကြက်ခြေနီအသင်းမှ ဦးဆောင်၍  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူနန့်ကနေ စတင်ပေါက်ဖွားလာခဲ့တဲ့ လူမှုကရုဏာလုပ်ငန်းဖြစ်တဲ့ ရှေးဦးသူနာ ပြုစုခြင်း စိတ်ဓါတ်နှင့် အတတ်ပညာဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ပြီး သူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၈ ရက်နေ့ကို  ကမ္ဘာ့ကြက်ခြေနီနေ့လို့ သတ်မှတ်ပြီး တစ်မ္ဘာလုံးမှာ အထိမ်းအမှတ် အခမ်းနားတွေကို တစ်ပြိုင်နက်တည်း ကျင်းပကြခြင်းဖြစ်ပါတယ်။” ဟု အဆိုပါ အခမ်းနားတွင် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောသည်။

ကြက်ခြေနီ လူမှုကရုဏာ အသင်းများအနေဖြင့် အများအကျိုးကို ကိုယ်ကျိုးမဖက်ဘဲ ကျရာအခန်းကဏ္ဍမှ  စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာဆိုသည့် မြင့်မြတ်စိတ်ထားများဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

ကမ္ဘာတစ်ဝန်းတွင်ရှိသော စေတနာ့လုပ်အားရှင် ၁၇ သန်းနှင့် ၀န်ထမ်း ၅ သိန်းခန့်သည် ကြက်ခြေနီလှုပ်ရှားမှု ကွန်ရက်များမှတစ်ဆင့် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း စေတနာ့ လုပ်အားရှင်များမှ နိုင်ငံတစ်ဝန်းအကူအညီလိုအပ်သူ နှစ်စဉ် လူဦးရေ ၆ သိန်းကျော်အတွက် အကူအညီများပေးလျှက်ရှိကြောင်း ၂၀၁၇ ခုနှစ် ကမ္ဘာ့ကြက်ခြေနီအခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ ပေးပို့သည့် သ၀ဏ်လွှာတွင်ဖော်ပြပါရှိသည်။

ယခုနှစ် ကမ္ဘာ့ နိုင်ငံအသီးသီးက ရွေးချယ်ထားသော ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်မှာ “Everywhere for Everynoe” “လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ”ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း  အဆိုပါ အခမ်းအနားမှ သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်မြို့နယ်ရှိ ကြက်ခြေနီများ လူမှုအသင်းအဖွဲ့များ ဌာနဆိုင်ရာများ ကျောင်းသားများ တက်ရောက်ခဲ့ပြီး ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်းနှင့် အခြားပျော်ပွဲရွှင်ပွဲ အစီအစဉ်များ ပါဝင်ခဲ့သည်။

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …