Saturday , May 27 2017
Home / FNews / သထုံမြို့နယ် FDA မှ သိမ်းဆည်းရမိထားသော အစားအသောက်နှင့် ဆေးဝါး သိန်း(၁၀၀)ကျော်ဖိုးကို မီးရှို့ ဖျက်စီး

သထုံမြို့နယ် FDA မှ သိမ်းဆည်းရမိထားသော အစားအသောက်နှင့် ဆေးဝါး သိန်း(၁၀၀)ကျော်ဖိုးကို မီးရှို့ ဖျက်စီး

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ ဧပြီ (၂၈) ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိမ်းဆည်းရမိထားသော ကျပ်သိန်း(၁၁၀)ကျော် တန်ဖိုးရှိ အစားအသောက်နှင့် ဆေးဝါးများကို သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်း၌ ဧပြီ ၂၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအကြား အစားအသောက်၊ ဆေးဝါးများနှင့် ပတ်သက်၍ FDA မှ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးဆောင် ရွက်နေသည်ကို သိရှိစေရန်နှင့် ပြည်သူများအနေဖြင့် အန္တရာယ်ရှိသော အစားအသောက်နှင့် ဆေးဝါး၊ အလှ ကုန်ပစ္စည်းများအား ရွေးချယ်အသုံးပြုနိုင်စေရန် ဖမ်းဆီးသိမ်းဆည်းထားသော ပစ္စည်းများအား မီးရှို့ဖျက်ဆီးရ ခြင်းဖြစ်ကြောင်း သထုံခရိုင်ဆေးရုံအုပ် ဒေါက်တာ ဒေါ်သင်းသင်းအိကပြောသည်။

“သထုံမှာဆို ဒီလိုဖမ်းဆီးသိမ်းဆည်းရမိတဲ့ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ နှစ်ကြိမ်ရှိပါပြီ။ မြို့နယ် FDA နဲ့ မြို့နယ်အတွင်းမှာ စစ်ဆေးဖမ်းဆီးထားတဲ့ ပစ္စည်းတွေကိုစုစည်းထားပြီး တစ်ခါတည်းမီးရှို့ဖျက်ဆီးတာပါ။ စစ် ဆေးတဲ့နေရာမှာဆို အဓိကခက်ခဲတာက အစားအသောက်တွေပါ။ တချို့ဆို အမျိုးအမည်တံဆိပ်မတပ်ထားတဲ့ အစားအသောက်တွေ၊ ပစ္စည်းကို စစ်ဆေးဖို့ နမူနာယူစစ်ဆေးတယ်။ နောက်တစ်ခါကျတော့ ပုံစံတစ်မျိုးနဲ့ ပြန် ထုတ်ကြတယ်။ အခုဖျက်ဆီးတဲ့ပစ္စည်းတွေထဲမှာ အများစုက သက်တမ်းလွန်ဆေးဝါးနဲ့ အစားအသောက်တွေပါ။ ပိုင်ရှင်တွေက သူတို့အသိနဲ့ လာအပ်ထားတာတွေရှိသလို သိမ်းဆည်းထားတာတွေလည်းပါတယ်။”ဟု ဒေါက်တာ ဒေါ်သင်းသင်းအိကပြောသည်။

ပြည်သူများအကြား အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် အသိပညာပေးခြင်းကို (၃)လတစ်ကြိမ်ဆောင်ရွက်နေခြင်းကြောင့် လက်ရှိတွင် ပြည်သူအများစုမှာ အစားအ သောက်၊ ဆေးဝါးနှင့် အလှကုန်များကို ရွေးချယ်ဝယ်ယူတတ်လာပြီဖြစ်ကြောင်း ဒေါက်တာဒေါ်သင်းသင်းအိက ဆက်ပြောသည်။

FDA ညွှန်ကြားချက်နှင့် ကိုက်ညီမှုမရှိသောပစ္စည်းများအား ရောင်းဝယ်ဖောက်ကားသူများအား ဖမ်းဆီးအရေးယူ ထားခြင်းမရှိသော်လည်း စီမံခန့်ခွဲမှုနည်းလမ်းအရ ပစ္စည်းသိမ်းဆည်းခြင်း၊ ရောင်းချသူအား ခံဝန်လက်မှတ်ရေး ထိုးခြင်းများပြုလုပ်စေပြီး ခံဝန်လက်မှတ်ရေးထိုးသူများအနေဖြင့် ဆက်လက်လုပ်ဆောင်ပါက ဝန်ကြီးဌာနအနေ ဖြင့် ထိရောက်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဈေးကွက်ထဲမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေက အများကြီးပါ။ ဒါတွေကို ထိရောက်စွာအရေးယူသင့်သ လို့ မိမိပတ်ဝန်းကျင်မှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတယ်ဆိုတာကိုသိရင် သိတာနဲ့သက်ဆိုင်ရာကို အကြောင်း ကြားဖို့လိုတယ်။ သုံစွဲခြင်းမပြုဘဲနေဖို့လည်း လိုတယ်။ ဝယ်သုံးမယ့်သူမရှိတော့ရင် ထုတ်လုပ်ရောင်းသူလည်း မရှိလာနိုင်တော့ဘူး။ စားသောက်သုံးစွဲရန်မသင့်တဲ့ဟာတွေကိုလည်း အများပြည်သူတွေသိဖို့ ပညာပေးလုပ်ငန်း တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်စေချင်တယ်။”ဟု ဒေသခံ ဦးဇော်လင်းကပြောသည်။

မီးရှို့ဖျက်ဆီးရာတွင် ဆေးဝါး(၂၁၆)မျိုး၊ ကာလတန်ဖိုး ကျပ်(၁၁၁)သိန်းကျော်၊ အစားအသောက်(၆)မျိုး ကာလတန် ဖိုး (၂)သိန်းဝန်းကျင်၊ စုစုပေါင်ပစ္စည်း(၂၂၂)မျိုးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …