Saturday , May 27 2017
Home / သတင်း / ကျန်းမာရေးသတင်း / တနင်္သာရီတိုင်းတွင် ငါးနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု တစ်ဝက်ကျော် လျော့ကျလာ

တနင်္သာရီတိုင်းတွင် ငါးနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု တစ်ဝက်ကျော် လျော့ကျလာ

 

သီဟ (မြစ်မခ)

ထားဝယ်၊ မတ်(၂၀)ရက်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ အရေအတွက်မှာ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကြောင့် (၅) နှစ်တာ ကာလအတွင်း တစ်ဝက်ကျော်လျော့ကျလာကြောင်း တိုင်းဒေသကြီး ငှက်ဖျား ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ သိရှိရသည်။

ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပွားသူအရေအတွက် နှစ်သောင်းခွဲခန့် ရှိခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားသူဦးရေ တစ်သောင်းကျော်သာရှိတော့ကြောင်းနှင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စာရင်းမှာ ကောက်ယူဆဲဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူ ဒေါက်တာ ဇေယျာကျော်ထံမှ သိရသည်။

“တိုင်းထဲမှာ အဓိကအဖြစ်များတာက ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်း၊ မြိတ်မြို့နယ်နဲ့ ထားဝယ်ဒေသမှာဆိုရင်
နယ်ဘက်တွေက ဖြစ်တာများကြတယ်။ အဓိကတော့ ခြင်ကြောင်ပေါ့။”ဟု တနင်္သာရီတိုင်းငှက်ဖျား ရောဂါ တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဇေယျာကျော်က ပြောသည်။

လက်ရှိတွင် ငှက်ဖျားရောဂါပပျောက်ရေးအတွက် ခြင်ဆေးဖြန်းခြင်း၊ ဆေးရည်စိမ် ခြင်ထောင်များဖြန့်ဝေခြင်းနှင့် ရောဂါဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီကုသရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကာကွယ်
ဆေးထိုခြင်း လုပ်ငန်းများကို အားစိုက်လုပ်ကိုင်မှုကြောင့် ရောဂါဖြစ်ပွားသူ ဦးရေကျဆင်းသွားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရင်နှစ်တွေကတော့ ဒီဘက်မှာလည်း ငှက်ဖျားဖြစ်တဲ့သူတွေရှိကြပါတယ်။ နောက်ပိုင်းတော့ သိပ်မတွေ့ရ တော့ဘူး။ အရင်ဖြစ်ဖူးတဲ့သူတွေလည်း ပြန်ဖြစ်တာမတွေ့ရတော့ဘူး။”ဟု လောင်းလုံမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွားမှုနှုန်း အဆင့်(၆)တွင်ရှိနေပြီး လက်ရှိတွင်
ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းရေးနှင့် ပပျောက်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။

 

Check Also

ဆီးခုံချင်းဆက်အမြွှာယောင်္ကျားလေး(၂)ဦးကို မတ် ၂၃ ရက်တွင် ခွဲစိတ်မည်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မတ် (၁၇)ရက်။ မန္တလေးမြို့၊ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီးတွင် တစ်နှစ်ကျော်ကြာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရ သည့် ဆီးခုံချင်းဆက်အမြွှာယောင်္ကျားလေး(၂)ဦးကို မတ် ၂၃ ရက်တွင် …