Saturday , May 27 2017
Home / FNews / ဆီးခုံချင်းဆက်အမြွှာယောင်္ကျားလေး(၂)ဦးကို မတ် ၂၃ ရက်တွင် ခွဲစိတ်မည်

ဆီးခုံချင်းဆက်အမြွှာယောင်္ကျားလေး(၂)ဦးကို မတ် ၂၃ ရက်တွင် ခွဲစိတ်မည်

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ မတ် (၁၇)ရက်။

မန္တလေးမြို့၊ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီးတွင် တစ်နှစ်ကျော်ကြာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရ သည့် ဆီးခုံချင်းဆက်အမြွှာယောင်္ကျားလေး(၂)ဦးကို မတ် ၂၃ ရက်တွင် တစ်ဦးစီဖြစ်စေရန်ခွဲစိတ်မှု(Major Separation) ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆီးခုံချင်းဆက်ယောင်္ကျားလေးအမွှာကို မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်အနီး ညောင်ပင်သာရွာမှ တောင်ယာ လုပ်ကိုင်သည့် အသက်(၃၀)ဝန်းကျင် ကိုအောင်ငြိမ်းနှင့် မမာလာစန်းတို့က ၂၀၁၆ ခုနှစ်ဇန်နဝါရီ ၁၃ ရက်၊ နံနက်(၁၀)နာရီတွင် မုံရွာဆေးရုံ၌ မွေးဖွားခဲ့ပြီး ယင်းနေ့ညနေပိုင်းမှ စတင်၍ မန္တလေး၊ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ကလေးတွေအသက်က တစ်နှစ်ကျော်ပြီ။ ကျန်းမာရေးလည်းကောင်းလို့ တစ်ဦးချင်းစီဖြစ်သွားအောင် ခွဲစိတ် သွားမယ်။ ဒီအရင် ၂၀၁၂ ကမွေးခဲ့တဲ့ကလေး(၂)ယောက်ကို မိဘတွေဆီပို့ထားပြီ။ အခုအမွှာကလေး(၂)ဦးကို ဆေးရုံမှာပဲ မိဘရော၊ ဆရာဝန်၊ ဆရာမတွေနဲ့ စောင့်ရှောက်ထားတယ်။”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသက် ဆွေက ပြောသည်။

ဆီးခုံချင်းဆက်ကလေးများမှာ မွေးရာပါ စအိုပေါက်မပါရှိသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှု(Colostomy) ပြုလုပ် ပေးထားရပြီး ၎င်းတို့အား ဆေးရုံရှိအထူးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ပေးထားကြောင်း သိရသည်။

၎င်းတို့ကို မြန်မာဆရာဝန်များအဖွဲ့က ခွဲစိတ်ကုသကြမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း လိုအပ်သည့် ခွဲစိတ်ကိရိယာ နှင့် အခြားပစ္စည်းများ ထောက်ပံ့ပေးထားပြီးဖြစ်သည့်အပြင် အလှူရှင်များ၏ လှူဒါန်းငွေများကိုလည်း conjoint twin အမည်ဖြင့် (၆၆)လမ်း၊ ကမ္ဘောဇဘဏ်တွင် ငွေစာရင်းဖွင့်လှစ်အပ်နှံထားကြောင်း သိရသည်။

မန္တလေးခုတင်(၅၅၀)ဆံ့ကလေးဆေးရုံသည် ၂၀၀၂ ခုနှစ် သြဂုတ်လတွင် တင်ချင်းဆက်အမွှာများဖြစ်သည့် မမိုး မမအောင်နှင့် မမိုးပပအောင်တို့ကိုခွဲစိတ်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မောင်အောင်ခန့်ကျော်နှင့် မောင်အောင်မြတ် ကျော်တို့ကို တစ်ဦးစီဖြစ်အောင် မြန်မာဆရာဝန်များအဖွဲ့က အောင်မြင်စွာခွဲစိတ်ကုသမှုပေးခဲ့ကာ လက်ရှိခွဲစိတ် မှုသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

 

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …