Thursday , September 28 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) / အရင်ကထက် ရှေ့ရောက်လာတဲ့ ရခိုင်ပြည်နယ်မှ အမျိုးသမီးဘ၀တွေ

အရင်ကထက် ရှေ့ရောက်လာတဲ့ ရခိုင်ပြည်နယ်မှ အမျိုးသမီးဘ၀တွေ

ပန်လှအောင်(မြစ်မခ)

လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရခိုင်ပြည်နယ်ကို တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းက ဝေးလွန်းခေါင်ဖျားတဲ့ ကျေးရွာ တွေမှာ နေထိုင်နေကြတဲ့ ရခိုင်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနေပါပြီ။

“INGO တွေ ဝင်လာတဲ့နောက်ပိုင်း အမျိုးသမီးတွေအနေနဲ့ ရပ်ရွာကိစ္စတွေမှာ ဟိုအရင်ကထက် ရှေ့ကို ထွက် လာနေတယ်”လို့ မြေပုံမြို့နယ် ကျောက်ငနွားကျေးရွာမှ ကလေး ၃ ယောက်ရဲ့ မိခင်ဒေါ်သိန်းနုရင်က ပြောပါ တယ်။

“အမျိုးသမီးတွေရဲ့နေရာလို့ပဲ တစ်ချိန်လုံး သတ်မှတ်ထားတဲ့ မီးဖိုချောင်ထဲကနေ အချိန်အချို့ ဖဲ့ထုတ် လာနိုင် တယ်။ ကျေးရွာရဲ့အစည်းအဝေးခန်းမတွေထဲမှာ ပြောရဲဆိုရဲ သတ္တိတွေနဲ့အတူ မိမိကိုယ်ကို ယုံကြည်မှု ရှိလာ တယ်”လို့ဆက်ပြောပါတယ်။

ကျောက်ငနွားကျေးရွာကလေးဟာ မြေပုံမြို့ကနေ မော်တော်ဘုတ်ရေလမ်းခရီးဖြင့် အနည်းဆုံး ၆ နာရီခန့်အထိ စီးနင်းရပါတယ်။ အိမ်ထောင်စု ၁၂၄ စုရှိပြီး လူဦးရေ ၅၇၄ ဦးနေထိုင်ကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ကျေးရွာလေးတစ်ရွာရဲ့ ထုံးစံအတိုင်း ရွာလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ချင်းပြည်နယ်ပြီးနောက် ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအနိမ့်ကျဆုံး ပြည်နယ် အဖြစ်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းကြောင့် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်များဟာ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေဖြစ်ခဲ့သလို အစိုးရရဲ့ ထုတ်ပြန်ချက်သတင်းများအရ အိုးမဲ့အိမ်မဲ့ တစ်သိန်းကျော်အထိ ဖြစ်ပွားခဲ့ရပြီး အိမ်ခြေပေါင်း ၂၀၃၈၀ ခန့်နဲ့ အနည်းဆုံးစုစုပေါင်း လူဦးရေ ၂၆၀၀၀၀ ခန့်ဟာ မုန်တိုင်းဒဏ်ကြောင့် စီးပွားရေး၊လူမှုရေးဘဝတွေ ပျက်စီး သွားခဲ့ရပါတယ်။

“မုန်တိုင်းက ကျွန်တော်တို့ရွာကလေးကို အားလုံးနီးပါး ဖျက်စီးခဲ့တယ်။ ဂီရိပြီးနောက် INGO တွေ ဝင်ရောက် လာပြီးတဲ့နောက်ပိုင်း အတွေးအခေါ်အသိအမြင်တချို့ဟာ ပြောင်းလဲသွားခဲ့တယ်”လို့ ကျောက်ငနွားကျေးရွာမှ အသက် ၃၀ အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ကပြောပါတယ်။

“အားလုံးဟာ အစကနေပြန်စခဲ့ရတယ်။ အထူးသဖြင့် ရွာမှာနေထိုင်ကြတဲ့ အမျိုးသမီးတွေဟာ ပိုခံစားရတယ် လို့ထင်တယ်။ ဂီရိက ဖျက်စီးလိုက်တဲ့ အိမ်တွေဟာ အမျိုးသမီးတွေရဲ့ အသဲနှလုံးပါပဲ။ သူတို့ထိခိုက်မှုက ကျွန်တော်တို့ ယောင်္ကျားတွေ ခံစားရတာထက် အများကြီးပိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့နောက်ပိုင်း ပြောင်းလဲ တိုးတက်မှုတွေကို အားလုံးသတိပြုမိစေတယ်”လို့ ဆက်ပြောပါတယ်။

ကျောက်ငနွားကျေးရွာရဲ့ လမ်းဘေးနားတွေမှာ INGO အဖွဲ့တွေက ထောင်ထားတဲ့ တစ်ကိုယ်ရေကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကြော်ငြာဘုတ်တွေ၊ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ နည်းပညာပေး အသိပေး ကြော်ငြာတွေကို တွေ့ရပါတယ်။

ဂီရိမုန်တိုင်းရဲ့ ဒဏ်ကြောင့် ရွာထဲ သစ်ကြီး၊ ဝါးကြီးစတဲ့ အပင်ကြီးတွေ မရှိတော့သလို အနီးအနားတွေမှာ ဒေသခံတွေ အစဉ်အဆက် မှီခိုစားသောက်လာခဲ့တဲ့ ဒညင်းတော၊ သရက်တောနဲ့ အခြားစားပင်ကြီးတွေက တောင်ကတုံးပေါ်ကာ ပျောက်ကွယ် သွားပါတော့တယ်။

အဲ့ဒီတောတောင်တွေနဲ့အတူ ရွာအိမ်ခြံထဲမှာ ငှက်ပျောပင်တွေနဲ့ သင်္ဘောသီးပင်တွေကို အစားထိုး မြင်လာ ရပါတယ်။

“အပင်လေးတွေကို အတတ်နိုင်ဆုံး ပြန်စိုက်တယ်။ ရွာကလေးကို စိမ်းစိမ်းစိုစိုလေး ပြန်ဖြစ်အောင် ကျွန်မတို့ လုပ်မယ်”လို့ ရွံ့ပေလူးနေတဲ့ လက် ၂ ဘက်နဲ့ သနပ်ခါးပါးကွက်ကြားလေးဆင်ထားတဲ့ မဆန်းဆန်းနုက ဒညင်း ပင်ပေါက်လေးကို မြေကြီးမှာ ထိုးစိုက်နေရင်း အပြုံးလေးနဲ့ ပြောပါတယ်။

အထူးသဖြင့် အားနွဲ့တယ်လို့ မိမိကိုယ် မိမိအားငယ်နေကြတဲ့ အမျိုးသမီးထုဟာ ဖွံ့ဖြိုးမှုနိမ်တဲ့ ဒီရွာတွေကို ပြောင်းလဲအောင် ပြုလုပ်ကြရာမှာ ထိပ်ဆုံးတန်းကနေ ပါဝင်လာကြပါပြီ။

ကျေးရွာထဲက ငွေစု၊ ငွေချေးအသင်းလေးတွေ၊ အမျိုးသမီးအဖွဲ့လေးတွေဟာ ဂီရိပြီးနောက် ဝင်လာတဲ့ NGO,INGO တွေရဲ့ တိုက်ရိုက်မဟုတ်တဲ့ အကူအညီတွေနဲ့ ဖြစ်ပေါ်လာနေပါပြီ။

တိုက်ရိုက်မဟုတ်တဲ့ အကူအညီဆိုတာက NGO တွေအနေနဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ကျား၊ မ ကဏ္ဍတွေကို သီးသန့်ပညာပေးခြင်းမဟုတ်ဘဲ အိမ်ထောင်စုတစ်ခုရဲ့ လုပ်ငန်းတာဝန်ခွဲဝေမှုတွေမှာ အမျိုးသမီးတွေ လုပ်ဆောင်ရတဲ့အချိန်နဲ့ ယောက်ကျားတွေရဲ့ လုပ်ဆောင်ရတဲ့အချိန်ကို ချိန်ထိုးဖော်ပြပေးပြီး ၂ ဘက်ကြား နားလည်မှုတွေ တည်ဆောက်ပေးခြင်းဖြစ်တယ်။

ရခိုင်ပြည်နယ်မှာ အခြေစိုက်နေတဲ့ ဒေသခံ NGO တွေက အမျိုးသမီးတွေကို အဓိကထားပြီး စွမ်းဆောင်ရည် မြှင့်တင်တဲ့သင်တန်းတွေကို ပေးနေသလို နိုင်ငံတကာ INGO တွေကလည်း ဖွံ့ဖြိုးရေးဆောင်ရွက်နေပါတယ်။

“ကျေးရွာလူမှုဘဝဖွံ့ဖြိုးရေး ဆောင်ရွက်တဲ့အခါ ဒေသက သွားလာရခက်ခဲ့တဲ့အတွက် ဖွံ့ဖြိုးရေးလုပ်နေတာ တော်တော်ခက်ပါတယ်။ အရမ်းပဲ သိသိသာသာပြောင်းလဲလာနေတယ်လို့ ထင်တဲ့တစ်ချက်က အမျိုးသမီး တွေအနေနဲ့ သူတို့အရေးပါတာကို ပိုပိုသိလာနေတယ်”လို့ ကျောက်ငနွားကျေးရွာရဲ့ ဖွံ့ဖြိုးရေးအတွက် အကူ အညီပေးနေတဲ့ IRC အဖွဲ့ရဲ့ မြေပုံ၊ မင်းပြား Project စီမံခန့်ခွဲမှုတာဝန်ခံ မချယ်ရီက အားတက် နေတဲ့ လေသံနဲ့ ပြောပါတယ်။

အစိုးရကတော့ လက်ရှိအချိန်အထိ ဒီရွာတွေမှာ အမျိုးသမီးထုအတွက် ရည်ရွယ်ပြီးဖွဲ့စည်းပေးတဲ့ အမျိုးသမီး ရေးရာတို့လို အဖွဲ့မျိုးတွေဟာ လက်ရှိအချိန်အထိ ဒီရွာကလေးကို သက်ရောက်မှု မရှိသေးပါဘူး။

“အမျိုးသမီးတစ်ယောက်က နိုင်ငံတော်သမ္မတဖြစ်ချင်လည်းဖြစ်မယ်။ ဒါကိုမပြောလိုဘူး။ ဒါဟာ နိုင်ငံတော် ကိစ္စပဲ။ ဒီရွာတွေမှာတော့ အမျိုးသမီးတစ်ယောက်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်မှာကိုတော့ ကျွန်တော် လက်မခံဘူး”လို့ တောအရက်နံ့ တထောင်းထောင်းထွက်နေတဲ့ အသက် ၄၀ ကျော်အရွယ် ကျောက်ငနွား ကျေးရွာသား ဦးသန်းဖေကပြောပါတယ်။

“အမျိုးသမီးတစ်ယောက်က ဒီရွာမှာ ဥက္ကဌဖြစ်လာရင် အရက်မူးပြီး ရွာထဲရမ်းကားနေတဲ့ ယောင်္ကျားကြီးတွေကို သူဘယ်လိုဆုံးမမလဲ”လို့လည်း သူက ဆက်ပြောပါတယ်။

အဲ့ဒီလိုအမျိုးသမီးနဲ့ဆိုင်တဲ့နားလည်မှု လွဲနေတဲ့ကိစ္စရပ်တွေဟာ ကျေးရွာတွေမှာမှ မဟုတ်ပါဘူး။ ရခိုင်ပြည် နယ်ရဲ့ နိုင်ငံရေးနဲ့ အခြားကဏ္ဍတွေမှာပါ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာလည်း အားနည်းနေသေးတာကို တွေ့မြင်နေရပါတယ်။

 

ရခိုင်အမျိုးသမီးတွေဟာ ဒီ ၄ နှစ်အတွင်းမှာ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍရပ်တွေမှာ အများကြီးပြောင်းလဲတိုးတက်လာတာ မြင်တွေ့ရတယ်။ ဒါပေမယ့် ရခိုင်အမျိုးသမီးတွေ နိုင်ငံရေးကဏ္ဍမှာတော့ ပါဝင်လာတာ အားနည်းနေတာတွေ့နေရပါတယ်။ ဒါကလည်း အရည်အချင်းမရှိကြလို့ မဟုတ်ဘူး။ ရှေ့ရိုးစဉ် အစွဲတွေရှိနေသေးတဲ့ အမျိုးသားနိုင်ငံရေးသမားတွေက အမျိုးသမီးနိုင်ငံရေးသမားတွေကို ရခိုင်နိုင်ငံရေး လောကထဲ ဖယ်ထုတ်ထားကြတယ်လို့ ရက္ခသင်တန်းအဖွဲ့ရဲ့ ဥက္ကဌ မာမာကျော်စောကပြောပါတယ်။

 

“ဂီရိမုန်တိုင်းက ရခိုင်အမျိုးသမီးတွေရဲ့ စိတ်ဓာတ် ခံယူချက်တွေကို ပြောင်းလဲလိုက်စေတယ်။ မြန်မာ လူ့ အဖွဲ့အစည်းလိုပဲ ရခိုင်လူအဖွဲ့အစည်းက အမျိုးသမီးတွေကို မရည်ရွယ်ဘဲ ယေင်္ကျားသားတွေထက် တဆင့် နိမ့်တဲ့သဖွယ် အလိုအလျောက်ဖြစ်နေပါတယ်။ အမျိုးသမီးတွေက အိမ်ထောင်စုတစ်စုလည်း ငွေကြေး ရှာဖွေ ရရှိမှု အခြေအနေနဲ့ သက်ဆိုင်တယ်”လို့ သူမက ဆက်ပြောပါတယ်။

ဒေသခံNGOတစ်ခုဖြစ်တဲ့ရက္ခအလင်းတန်းအဖွဲ့ဟာ မြေပုံ၊မင်းပြား၊စတဲ့ မြိုနယ်တွေက အမျီုးအသမီးတွေကို စွမ်းဆောင်ရည်မြင့်တင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်ရှိကျေးရွာအများစုလိုပဲ အမျိုးသမီးတွေက လယ်ယာလုပ်ငန်း၊ တံငါလုပ်ငန်းတွေ အထိ ယောင်္ကျားတွေနဲ့ပဲ ဟိုတုန်းကလုပ်နိုင်မယ်ထင်တဲ့ ကာယအားပြု အလုပ်တွေထဲအထိ အမျီုးသမီးတွေဟာ အစားထိုး ၀င်ရောက်လာကြတာကို တွေမြင်နေရပါတယ်၊

ယောက်ျားသားအချိုကတော့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ရန်ကုန်၊မန္တလေး၊ဖားကန့်စတဲ့နေရာတွေကို ငွေရှာဖို့ ထွက်ခွာသွားကြပါပြီ၊

ဒါပေမယ့် သူတို့ရဲ့ နှစ်စဉ်ကျေးရွာကို ပြန်ပြီးငွေလွဲပို့မူကလည်း ဖွံ့ဖြိုးရေးကဏ္ဍတစ်ခုအနေနဲ့ အရေးပါတဲ့ အကြောင်း ကျောက်ငနွားကျေးရွာရဲ့ ဖွံ့ ဖြိုးတိုးတက်ရေး အထောက်အကူပြုဥက္ကဌ ကျော်မင်းက ပြောပါတယ်၊

“အမျိုးသမီးတွေရဲ့ ပြောင်းလဲတိုးတက်မူကို အမျီုးသမီးတွေကပဲ ပြုနိုင်ပါတယ်၊ ကျွန်မအနေနဲ့ နောက်ထပ် လိုအပ်မဲ့ ဗဟုသုတတွေကို ဖြည့်ဆည်းမယ်၊ အမျိုးသမီးလွတ်တော် အမတ်ဖြစ်လာစေဖို့အထိ ရည်ရွယ်ထား ပါတယ်  ”လို ကျောက်ငနွားကျေးရွာက ဒေါ်သိန်းနုရီက ဆိုပါတယ်။

Check Also

စုနိုင်မှ ချမ်းသာမယ် ထင်နေတဲ့ ရခိုင်လေးမြို့နယ်က ပြည်သူတွေ

  (၂)မိုင်ကျော် တက်ရတဲ့ တောင်ပေါ်က ၀ါးတွေကို ခုတ်ရောင်းပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က အသက်(၆၀)နှစ်အရွယ် ဒေါ်အောင်မစိန်တစ်ယောက် ငွေစုနေပါပြီ။ “၀ါးမခုတ်ရင် ငွေမစုနိုင်တော့ဘူးလေ”လို့ အသားမာတက်နေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ …