Friday , September 29 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) / စုနိုင်မှ ချမ်းသာမယ် ထင်နေတဲ့ ရခိုင်လေးမြို့နယ်က ပြည်သူတွေ

စုနိုင်မှ ချမ်းသာမယ် ထင်နေတဲ့ ရခိုင်လေးမြို့နယ်က ပြည်သူတွေ

 

(၂)မိုင်ကျော် တက်ရတဲ့ တောင်ပေါ်က ၀ါးတွေကို ခုတ်ရောင်းပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က အသက်(၆၀)နှစ်အရွယ် ဒေါ်အောင်မစိန်တစ်ယောက် ငွေစုနေပါပြီ။

ဝါးမခုတ်ရင် ငွေမစုနိုင်တော့ဘူးလေလို့ အသားမာတက်နေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ နေလောင် ထားတဲ့ သူ့ မျက်နာပြင်ကချွေးစက်တွေကိုသုပ်ရင်း ပြောပါတယ်။

ငွေစုတာက အရီးရဲ့ မျော်လင့်ချက်တစ်ခုပါလို့ဆိုပြီး ငွေစု၊ငွေချေးအသင်းမှာ ငွေစုနိုင်ဖို့ အိမ်မိုးဝါး (မီးချိတ်အသုံးပြုတဲ့ဝါး)အလုံးပေါင်း (၂၀) ၀န်းကျင်ခုတ်ရောင်းချမှ တစ်နေ့ငွေကျပ်(၁၅၀၀)သာရရှိပေမယ့် တစ်နှစ်တစ်ကြိမ်ထုတ်မယ့် စုငွေကို စပါးဝယ်လှောင်ဖို့နဲ့ ၀က်မတစ်ကောင်ဝယ်ဖို့ သူမ က ကြံရွယ်ထားတယ် လို့လည်းဆိုပါတယ်။အဲ့ဒီဝက်မကနေ ပေါက်ဖွားလာမယ့် ၀က်လေးတွေကို မွေးမြူပြီးမိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းက ရရှိဖို့ သူကြိုးစားမယ်လို့လည်း သိရပါတယ်။ဝါးခုတ်ရောင်းတာဟာ ငွေစုနိုင်ဖို့အတွက်ပါပဲလို့ သူမကကွမ်းတံတွေးကို တဖက်လှည့် ထွေးရင်း ပြောပါတယ်။

ဂီရိမုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်အချို့ကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ငွေစု၊ ငွေချေးအစီအစဉ်ကို တက်လမ်းဖွံ့ဖြိုးရေးအစီအစဉ်က ဒေသခံတွေရဲ့ဘ၀ ပြန်လည်မြှင့်တင်ဖို့နဲ့ ငွေစုဆောင်းတက်စေဖို့အတွက် ရည်ရွယ်ပြီး စနစ်တကျစီစဉ်ရေးဆွဲပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တက်လမ်းဖွံ့ဖြိုးရေးအဖွဲ့ကရခိုင်ပြည်နယ်မြောက်ပိုင်းဂီရိမုန်တိုင်းသင့်ဒေသတွေကို ၂၀၁၀ခုနှစ်က စတင်ကာကျေးရွှာသန့်ရှင်းရေး၊ပြန်လည်ထူထောင်ရေးတို့အတွက် နိုင်ငံပေါင်း(၁၂)နိုင်ငံကအလှူငွေ တွေနဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။အခြားဒီလိုကိစ္စတွေဆောင်ရွက်နေတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ ငွေစု၊ ငွေချေးအသင်းဖြစ်တည်လာဖို့အတွက် ၂၀၀၉ခုနှစ်မှ ၂၀၁၄ခုနှစ်ဒီဇင်ဘာလကုန်အထိ တက်လမ်း ဖွံ့ဖြိုးရေးအစီအစဉ်က မြို့နယ်ပေါင်း (၄)မြို့နယ်ဖြစ်တဲ့ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော မြို့နယ်တွေက ကျေးရွာပေါင်း (၂၁၄)ရွာမှာငွေစု၊ ငွေချေးနည်းစနစ်ကို ပညာပေးနေတာဖြစ်ပါတယ်။

ဒီနည်းစနစ်ကိုစည်းကမ်းရှိရှိထိန်းထားနိုင်ရင် ကောင်းမယ်လို့ တက်လမ်းဖွံဖြိုးရေး အစီအစဉ်ကညှိနှိုင်းရေးမှူး ဒေါ်ချယ်ရီစိုးက ဆိုပါတယ်။

ဒါ့အပြင် ဂီရိမုန်တိုင်းဒဏ်သင့်ဒေသတွေကိုဖွံ့ဖြိုးရေးစီမံကိန်းတွေ၊အသက်မွေးဝမ်းကြောင်းနဲ့သက်ဆိုင်တဲ့ စီမံကိန်းတွေ၊နည်းပညာအကူအညီပေးမယ့်အဖွဲ့တွေများများဝင်ရောက်ဖို့ လိုနေပါတယ်လို့လည်းသူမက ပြောပါတယ်။

ငွေစု၊ ငွေချေးအသင်းတစ်သင်းမှာ အဖွဲ့ဝင် (၂၅)ဦးမှ(၁၇)ဦးအထိ ပါဝင်နိုင်ပြီး၊ တစ်လကို နှစ်ကြိမ် စုဆောင်းရပေမယ့် တစ်ကြိမ်ကို(၁၀၀၀)စုတစ်စုကနေ (၅)စုအထိ စုနိုင်ပါတယ်။ ငွေစု၊ ငွေချေး အသင်းတစ်သင်းမှာကိုယ်ပိုင် စည်းကမ်းချက်တွေရှိပြီး၊ ဥက္ကဌ၊ ငွေကိုင်၊ စာရင်းကိုင်၊သော့ကိုင်စတဲ့ ကော်မတီကိုလည်းဖွဲ့စည်းထားသလိုသတ်မှတ်ထားတဲ့ စည်းကမ်းကိုမလိုက်နာရင် ဒဏ်ကြေးအဖြစ် ကောက်ခံပြီး သာရေး၊နာရေးစုငွေအဖြစ် အသုံးပြုတယ်လို့လည်း သိရပါတယ်။

သော့ကိုင်ကိုသုံးဦးအထိထားရှိပြီး၊ တစ်ဦးကိုသော့ (၁)ချောင်းနဲ့ ရွှာရဲ့တောင်၊ မြောက် တစ်နေရာ ဆီခွဲထားပြီးငွေစုမယ့်နေ့တွေမှာကော်မတီရဲ့ဆန္ဒနဲ့ ငွေသေတ္တာကိုဖွင့်ကြပါတယ်။

ဒါပေမယ့် သေတ္တာထဲမှာ စာရွက်စာတမ်းတွေပဲရှိပြီး၊ ငွေတွေကိုတော့ အသင်းထဲကငွေလိုအပ်နေတဲ့ အသင်းသားတွေကို ချေးပေးထားတယ်လို့ အသက်(၄၂)နှစ်အရွယ်မြေပုံမြို့နယ် မောင်ရှင်ကျေးရွာက ပန်းမြတ် တော်ဝင်ငွေစု၊ ငွေချေးအသင်းဥက္ကဌဒေါ်သင်းသင်းနွဲ့က ၀က်မစင်အနံ့တွေ ပြည့်နက်နေတဲ့ သူမ အိမ်ပေါ်မှာ ရီရင်းမောရင်း ပြောပါတယ်။

ငွေစုအသင်းတွေရဲ့ စုငွေထည့်ဝင်ပုံခြင်းမတူတဲ့အပြင် အတိုးနှုန်းသတ်မှတ်မှုကလည်း မတူညီကြပါဘူး။ တစ်နှစ်ပြည့်လို့ငွေခွဲဝေယူကြတဲ့အခါ အချို့အသင်းတွေက ၅ဆတိုးရရှိကြပြီး၊အချို့အသင်းတွေကတော့ ၃ဆတိုးနဲ့ ရရှိကြပါတယ်။

ဂီရိမုန်တိုင်းဒဏ်သင့်ဒေသတွေမှာတော့ ငွေစုငွေချေးအစီအစဉ်ကိုတက်လမ်းအပြင် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတွေကိုလုပ်ဆောင်ပေးနေတဲ့အခြားအဖွဲ့အစည်းတွေကလည်း လုပ်ဆောင်ပေးနေတာ ရှိနေပါသေးတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကိုဂီရိမုန်တိုင်းတိုက်ခက်ခဲ့တဲ့နေရာအချို့မှာတော့ရေကြီးရေလျှံမှုတွေနဲ့ ရာသီဥတုပြောင်းလဲလာမှုတွေကြောင့်ဒီနှစ်မိုးစပါးအထွက်နှုန်းကျဆင်းသွားပေမယ့် တက်လမ်းအဖွဲ့ ကတော့ စပါးအထွက်နှုန်းကောင်းမွန်လာဖို့ နည်းပညာတွေ အကူအညီပေးနေတာ တွေ့ရပါတယ်။

 “စပါးမရှိလဲဒီလိုပဲရှာစားရမှာပေါ့အငတ်မှမခံနိုင်တာကိုလို့ မြေမှုန့်တွေကပ်နေတဲ့ ပျဉ်ခင်းပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ရင်း ဒေါ်သင်းသင်းနွဲ့က ပြောပါတယ်။

လယ်ယာမြေတွေကိုပင်လယ်ကတက်လာတဲ့ ဆားငန်ရည်တွေက၀င်ရောက်လာတာကြောင့်စပါးခင်းတွေ ပျက်စီးဆုံးရှုံးမှုတွေကိုကာကွယ်ဖို့ တက်လမ်းအဖွဲ့ကမိရိုးဖလာလုပ်ငန်းစဉ်ဖြစ်တဲ့ ကာလီ(ကန်သင်း)ကိုရှိရင်းစွဲ အမြင့်ပေထက်မြင့်လာအောင် ဒေသခံရွာသားတွေကိုတစ်နေ့လုပ်ခ (၂၅၀၀)ကျပ် ဒါမှမဟုတ် (၃၀၀၀)ကျပ် ပေးပြီး ဆယ်ပေးတာတွေ ရှိနေပါတယ်။

တက်လမ်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ဂီရိဒဏ်ခံခဲ့ရတဲ့ ဒေသတွေအတွက်အမေရိကန်ဒေါ်လာ (၂၂)သန်း အသုံးပြုပြီး ပြီဖြစ်ပေမယ့်၂၀၁၅ခုနှစ်မှစတင်ကာ၂၀၁၈ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၂၀၅)သန်းအထိ အသုံးပြုဖို့ ဆက်လက်လျာထားတယ်လို့ တက်လမ်းအဖွဲ့မှာ ပထမအကြိမ်ကတည်းက ပါဝင်လာတဲ့ LIFT အဖွဲ့ကဆက်ဆံရေးမှုး Ms. Jaxဆီက သိရပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဒေသခံအချို့ဟာ လယ်ယာမြေလုပ်ငန်းကိုစွန့်လွတ်ပြီးငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ဒါပေမယ့် တက်လမ်းအဖွဲ့ကတော့ ဒေသခံတွေဖွံ့ဖြိုးတိုးတက်လာဖို့လိုအပ်တဲ့ငါးဖမ်းစက် ကရိယာတွေ၊ ဧရာဝတီတိုင်းကရေငံခံ မျိုးစပါးတွေကို စိုက်ပျိုးနိုင်ဖို့ကူညီပေးနေတဲ့အပြင်၊ စက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက် တာတွေကိုလည်း ပညာ ပေးနေပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးဆိုတာအချိန်ယူရပါတယ်လို့တက်လမ်းအဖွဲ့ရဲ့ ပရော့ဂျက်ဒါရိုက်တာ Marcel de Brume က ပြောပါတယ်။

ဂီရိမုန်တိုင်းသင့် ဒေသတွေမှာဖွံ့ဖြိုးမှုနှေးကွေးနေတဲ့အတွက် အလုပ်အကိုင်ရှားပါးမှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။အသက်(၁၈)နှစ်ကျော် လူငယ် အမျိုးသမီးနဲ့အမျိုးသားတွေဟာ ရန်ကုန်၊ ကချင်၊မလေးရှား၊ ထိုင်းစတဲ့ နေရာဒေသတွေမှာသွားရောက်အလုပ်လုပ်ကိုင်နေကြပေမဲ့ ငွေပြန် မပို့နိုင်သူတွေကများနေပါတယ်လို့ ကြာအင်းတောင်ကျေးရွာမှာ နေတဲ့ အသက်(၄၇)နှစ်အရွယ် ခိုင်သဇင်ငွေစု၊ ငွေချေးလုပ်ငန်းရဲ့ စာရင်းကိုင် ဒေါ်ထွေးသာချေက ပြောပါတယ်။

သူတို့သား၊သမီးတွေကငွေပြန်မပို့နိုင်ပေမဲ့ဒီနှစ်ဖေဖ၀ါရီလ(၂၁)ရက်မှာတော့တစ်နှစ်တာစုငွေဖြစ်တဲ့ ငွေကျပ် (၁၃)သိန်းကျော်ကို ခွဲဝေယူကြရတော့မှာဖြစ်ပါတယ်။

ကျွန်မ စပါးတောင် ၀ယ်လှောင်တော့မှာပါ လို့ ဒေါ်ထွေးသာချေကသင်ဖြူးဖျာပေါ်လက်တင်လို့ ပြုံးပြီး ပြောပါတယ်။

ကျေးရွှာအချို့က ဒေသခံတွေမှာအချင်းချင်း ကတိက၀တ်ပြုပြီးငွေချေးကာပြန်မဆပ်တဲ့ အလေ့ အထတွေ ပပျောက်ပြီးကိုယ်တိုင်ငွေစုနိုင်တဲ့ အလေ့အထတွေရှိလာဖို့ ကူညီပေးနေတာပါလို့ တက်လမ်းအဖွဲ့ရဲ့  Township မန်နေဂျာ မခင်ချောစုလှိုင်က ပြောပါတယ်။

စတင်ဆောင်ရွက်ခဲ့စဉ်ကလည်းရွှာဆော်သြသူမရှိတာတွေအပြင်စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ ကျဆင်းနေတဲ့ ဒေသခံတွေကို ပြန်လည်မြင့်တင်ဖို့ခက်ခဲခဲ့ပါတယ်လို့ သူမကပြောပါတယ်။

ကိုယ့်သေတ္တာကိုယ် ထမ်းပြီးပြန်လာရတဲ့ ရက်တွေရှိပါတယ်လို့မခင်ချောစုလှိုင်က ပြောပါတယ်။

ဂီရိမုန်တိုင်းဒဏ်သင့် ဒေသတွေကဒေသခံအချို့ကတော့နောက်တစ်ကြိမ်မုန်တိုင်းဝင်ရောက် လာမှာကို စိုးရိမ်နေကြပါတယ်။ဒါပေမယ့်ဒေသခံရွှာသားတွေကို တက်လမ်းကမုန်တိုင်းနဲ့ ပတ်သက်တဲ့ ပညာပေးရေးသင်တန်းတွေသင်ကြားပေးနေတာရှိပါတယ်။

ဂီရိမုန်တိုင်းတိုက်ခိုက်စဉ် ရေထဲနစ်မြုပ်ပြီးသေဆုံးသွားတဲ့အဖေနဲ့အအေးမိပြီးတစ်လအကြာမှ သေဆုံးသွားတဲ့အမေတို့အတွက်ကြာအင်းတောင်ကျေးရွာမှာနေတဲ့ အသက်(၄၃)နှစ်အရွှယ် ဒေါ်အေးမြသိန်းတစ်ယောက်ကတော့ မုန်တိုင်းတွေကို နာကျဉ်းနေပြီလို့ ဆိုပါတယ်။

ကြောက်ပါတယ်။ အမိနဲ့ အဖဆုံးသွားတော့လို့ ပြောဆိုလိုက်ပြီးသူ့မျက်လုံးမှာမျက်ရည်တွေ ၀ဲလာပါတယ်။

သူမကတော့ လက်ရှိမှာငွေစု၊ ငွေချေးအသင်းရဲ့အသင်းဝင် တစ်ဦးမဟုတ်ပေမယ့် မိဘတွေထားခဲ့တဲ့ လယ်အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်နေပါတယ်။ တက်လမ်းအစီအစဉ်နဲ့ ဖြစ်ပေါ်လာတဲ့ ငွေစု၊ ငွေချေးအသင်းတွေကအသင်းသားအချို့ဟာတစ်နေ့ တာဝင်ငွေ ပျက်လပ်တဲ့နေ့တွေ ရှိပေမယ့် ငွေစုရမယ့်ရက်တွေမှာသတ်မှတ်စည်းကမ်းအတိုင်းငွေစု ကြပါတယ်။ ကြာအင်း တောင်ကျေးရွာမှာနေတဲ့ အသက်(၄၇)နှစ်အရွယ် ခိုင်သဇင်ငွေစု၊ငွေချေးလုပ်ငန်းရဲ့စာရင်းကိုင် ဒေါ်ထွေးသာ ချေကတော့ အခုလိုဆိုပါတယ်။

ငါး တစ်ဆယ်သားဝယ်စားမယ့်နေရာမှာ ငါး(၅)ကျပ်သားလောက်ပဲ ၀ယ်စားပြီးစုခဲ့ရတာပါလို့ ပြောခဲ့တာပါ။

မုန်တိုင်းဆို မုန်းတီးနေကြပြီဖြစ်တဲ့ ရခိုင်ပြည်နယ် လေးမြို့နယ်က မုန်တိုင်းဒဏ်သင့်ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ ငွေစုငွေချေးကတဆင့် ရရှိလာမယ့် ရလာဒ်ကို မှန်းမျော်ပြီး သူတို့တစ်တွေရဲ့စိတ်ကူး တွေထဲမှာတော့သူတို့တွေ တင့်တောင့်တင့်တယ် အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်နေကြလို့သူတို့တစ်တွေ မျှော်လင့်ရင်း  စုနိုင်မှ ချမ်းသာမယ့်အဖြစ်ကို ရည်မှန်းချက်လို့ သူတို့တစ်တွေရဲ့စိတ်ထဲမှာ ငွေစုဖို့သာ အားသန်နေကြပါတော့တယ်။

Check Also

အရင်ကထက် ရှေ့ရောက်လာတဲ့ ရခိုင်ပြည်နယ်မှ အမျိုးသမီးဘ၀တွေ

ပန်လှအောင်(မြစ်မခ) လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရခိုင်ပြည်နယ်ကို တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းက ဝေးလွန်းခေါင်ဖျားတဲ့ ကျေးရွာ တွေမှာ နေထိုင်နေကြတဲ့ ရခိုင်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနေပါပြီ။ …