Saturday , May 27 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) / ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးစားနေတဲ့အတွက် ကျားကျားယားယားဖြစ်အောင် နေတတ်ပါတယ်ဆိုတဲ့ဂုဏ်ရည်အေးကျော်

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးစားနေတဲ့အတွက် ကျားကျားယားယားဖြစ်အောင် နေတတ်ပါတယ်ဆိုတဲ့ဂုဏ်ရည်အေးကျော်

မြစ်မခ

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးစားနေတဲ့အတွက် နွဲ့မနေပဲ ကျားကျားယားယားဖြစ်အောင် နေတတ်ပါတယ်ဆိုတဲ့ ၂၀၁၃ ခုနှစ် Miss Myanmar ဆုရှင် ဂုဏ်ရည်အေးကျော်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အနုပညာလုပ်ငန်းများနှင့် ပတ်သတ်၍ မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ မဂုဏ်ရည်အေးကျော်က ဘယ်နှခုနှစ်မှာမွေးခဲ့တာပါလဲ။ ဘယ်ကျောင်းကနေဘွဲ့ရခဲ့တာလည်း။

ဖြေ။ ။ အခုအသက် ၂၇ နှစ် ရှိပါပြီ ။ မန္တလေးသူပါ။ မိသားစုက မန္တလေးကပါ။အဖေက ဆရာဝန်၊ အမေက တရားလွှတ်တော်ရှေ့နေ ဖြစ်တယ်။ Miss Myanmar ကို ၂၀၁၃ မှာရပါတယ်။ UFL မှာ အင်္ဂလိပ်မေဂျာနဲ့ ကျောင်းပြီးပါတယ်။

 

မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေပြောပြပေးပါဦး။

ဖြေ။ ။ Presenter အလုပ်ကို လုပ်ဖြစ်ပါတယ်။ Company တွေ Hotel တွေ စားသောက်ဆိုင် အကြီးတွေရဲ့  ၀န်ထမ်းတွေကို ကိုယ်ရည်ကိုယ်သွေးတက်လာအောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုဝတ်ဆင်နေထိုင်ရမလဲ စတာတွေကို သင်ကြားပေးဖြစ်ပါတယ်။ Model လည်း လုပ်ဖြစ်ပါတယ်။ MTV တွေရိုက်ထားတာလည်းရှိတယ်။ Talk Show တွေလည်း တော်တော်များများ ပြောဖြစ်ပါတယ်။ MRTV မှာ Hello Lady ဆိုတဲ့ အစီအစဉ်မှာ ပါဝင်နေတယ်။ Mid Night story တွေ ဖြစ်တဲ့ သရဲ ၊ တစ္ဆေ စတာတွေကို ဆွေးနွေးကြတာတွေကိုလည်း လုပ်ပါတယ်။ မကြာခင်မှာ 5 plus ကနေ လွှင့်ပါလိမ့်မယ်။ နောက်တစ်ခုကလည်း Health Talk မှာ  ဆရာဝန်နဲ့ ကျန်းမာရေးအခြေအနေတွေ အကြောင်းပြောတာတွေပေါ့ ။ အခုလတ်တလောလုပ်ဖြစ်နေတာတွေကတော့ များသောအားဖြင့် စကားပြောပြီးလုပ်နေရတဲ့အလုပ်တွေကများပါတယ်။

 

မေး။ ။ လက်ရှိအနေအထားရောက်အောင် ဘယ်သူတွေက ဘယ်လိုမျိုး ကူညီထောက်ပံမှုတွေယူရပါလဲ။

ဖြေ။ ။ မိဘတွေရယ် ပတ်ဝန်းကျင်ကနေပြီးတော့ သင်ဆရာ မြင်ဆရာတွေအများကြီး ရှိပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင်ပါ ဂုဏ်ရည်က လွယ်လွယ်နဲ့ လက်မလျှော့တတ်ပါဘူး။ ရန်ကုန်မှာအောင်မြင်ဖို့ဆိုတာကရန်ကုန်မှာနေတဲ့ သူတွေအတွက်ခက်ခဲတယ်ဆိုရင်တော့ နယ်ကသူတွေအတွက်ဆိုရင် ပိုပြီးတောင်ခက်ခဲသေးတာပေါ့။ အစအဆုံးကို မိဘနဲ့ခွဲပြီးလာနေရတော့ပိုပြီးတော့မှ ခက်ခဲပါတယ်။ သင်ဆရာ၊ မြင်ဆရာတွေရဲ့ဆုံးမမှုတွေ၊ ကိုယ်တိုင်ရဲ့ လက်မလျှော့မှုတွေ၊ မိဘတွေရဲ့ အဝေးကနေလိုအပ်တာတွေ လှမ်းဖြည့်ဆည်းတာတွေ၊ စိတ်ဓာတ်ခွန်အားပေးတာတွေ စတာတွေကြောင့် ဒီအခြေအနေထိ ရောက်လာနိုင်  တယ်လို့ ထင်ပါတယ်။ အဓိကကတော့ ကိုယ်ကိုတိုင်ပါ။ ဘေးပတ်ဝန်းကျင်တွေ၊ မိဘတွေကဘယ်လောက်ပဲ ပံ့ပိုးပေးပါစေ ကိုယ်တိုင်မကြိုးစားရင် ဘာမှဖြစ်မလာနိုင်ပါဘူး။ ကိုယ်တိုင်လည်း ကြိုးစားခဲ့တော့ ဒီအခြေအနေထိရောက်လာတယ်လို့ထင်ပါတယ်။

 

မေး။ ။ အမျိုးသမီးတစ်ယောက်ဖြစ်ရတဲ့ ခံယူချက်မျိုးကိုပြောပြပေးပါလား

ဖြေ။ ။ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အပေါ်မှာပဲ ကျေနပ်မှုရှိပါတယ်။လူတိုင်းကလည်း ကိုယ်ရတဲ့ ဘ၀ ကိုယ်ဖြစ်နေတဲ့ ဘ၀ကိုပဲကျေနပ်ကြမှာပါပဲ။ အမျိုးသမီးတစ်ယောက်ဖြစ်ရတာကို ကျေနပ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀မှာလည်း အားသာချက်တွေကလည်းရှိပါတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အတွက် အကူအညီလို ရင်လည်းကိုယ်က နွဲ့လို့ရသလို အကူအညီမလိုဘူးဆိုရင်လည်း ခပ်တည်တည်နေလို့ရပါတယ်။ ယောင်္ကျားလေးတွေလို ထိန်းချူပ်ထားစရာမရှိဘူး။ ငိုလို့မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေလည်းမရှိဘူး။ ကိုယ်ရဲ့ စိတ်အနေအထားအတိုင်းလိုက်ပြီး နေနိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်  နိုင်အောင်ကြိုးစားနေတဲ့အတွက် နွဲ့မနေပဲ ကျားကျားယားယားဖြစ်အောင်နေတတ်လာတယ်။  အမျိုးသမီး ဖြစ်နေပြီး ဒီလိုမျိုးနေလို့ရတဲ့အပေါ်ကို တကယ်ပဲကျေနပ်ပါတယ်။

 

မေး။ ။ အမျိုးသမီးအခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့်သိလာတယ်။ လက်ခံလာကြတယ်လို့ မြင်ပါသလား။

ဖြေ။ ။ ရန်ကုန်တို့ မန္တလေးတို့လို Social Media ပေါက်ပေါက်ရောက်ရောက်ရှိတဲ့နေရာမျိုးမှာ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်သိလာကြတယ်။ အနောက်တိုင်းမှာဆိုရင်တော့ ကလေးထိန်း၊ ပန်းကန်ဆေး၊ မီးဖိုချောင် အလုပ်စတာတွေကို ယောင်္ကျားမိန်းမ မခွဲပဲလုပ်ကြတယ်။  စီးပွားလည်း ရှာကြတယ်စသဖြင့် အတူတူ လုပ်ကြပါတယ် ။ မြန်မာပြည်မှာကြတော့လည်း  မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့စကားက ရှိသာရှိတာပါ တစ်ကယ်တော့ အမျိုးသမီးတွေ အပေါ်မှာ အိမ်ထောင်စုတစ်ခုက အများကြီးမှီခိုနေပါတယ်။ ဥပမာ ဂုဏ်ရည်တို့ မိသားစုဆို အဖေက စီးပွားရှာပေးမယ်။ ဂုဏ်ရည်တို့ကတော့ အမေကပဲ ထိန်းကျောင်းလာရတာပေါ့။ အဖေဖက်က ကြည့်မယ်ဆိုရင်လည်း အဖေက စီးပွားရှာပေးထားတာပဲစသလို ပြန်ပြောလို့ရတာမျိုးလည်း ရှိပေမယ့် တကယ်တမ်းမှာ အိမ်မှုကိစ္စတွေ၊ ကလေးတွေ သွန်သင်ဆုံးမတာတွေ အများဆုံးကို အမေက လုပ်နေရတာပါ။ အခုနောက်ပိုင်းမှာတော့ Social Media တွေမှာ  ယောင်္ကျားလေးတွေလည်း အိမ်မှုကိစ္စတွေကို တာဝန်ယူသင့်တဲ့ အကြောင်းတွေ ၊ စတာတေကို ရေးလာတာတွေ တွေ့လာရပါတယ်။ Social Media တွေ ပေါက်ရောက်တဲ့ နေရာဒေသတွေမှာ ဒီ တန်းတူတာဝန်ခွဲဝေယူရမယ်ဆိုတာကို လက်ခံလာကြပြီသိလာကြပါပြီ။ ဒါပေမဲ့လည်း Social Media တွေ ပေါက်ရောက်မှုမရှိသေးတဲ့ နေရာတွေ၊ ပညာရေးအခြေအနေကိုလည်း လုံလုံလောက်လောက်မရရှိတဲ့ နေရာဒေသတွေမှာလည်း ခွဲခြားကန့်သတ်မှုတွေ ရှိသေးပါတယ်။ နောက်ပြီး အွန်လိုင်းမှာလည်း တက်တက်လာတယ် ။ ရိုက်နှက်တယ်စသဖြင့် အကြမ်းဖက်ခံရတယ်။ အခွင့်အရေးဆိုတာကိုလည်းနားမလည်ပဲ အပိတ်ပင်ခံရတယ်။ အခွင့်အရေးတွေ အပြည့်အ၀ မရတာတွေ၊ တစ်ချို့နေရာတွေမှာ ပညာတောင် ဆုံးအောင်မသင်ရတာတွေစသဖြင့် နေရာမျိုးတွေ မြန်မာပြည်မှာ အများကြီးရှိနေသေးတယ်ဆိုတော့ ပညာပေးဖို့ပိုလိုလာပါတယ်။ စာတွေ ဖတ်ဖို့လိုတယ်။ စာတွေ ဖတ်လာတယ်။ အသိပညာတွေရှိလာတယ်ဆိုရင် သူ့ရဲ့ အသိအမြင်တွေ၊ တွေးခေါ်နိုင်စွမ်းတွေ၊ လူကြားထဲမှာ ပိုမိုပေါက်ရောက်လာနိုင်စွမ်းတွေ မြင့်တက်လာပါတယ်။ လူကြားထဲမှာ ပိုမိုပေါက်ရောက်လာလေ၊ လူထဲမှာ ပိုမိုဝင်ရောက်လာနိုင်လာလေ သူ့အခွင့်အရေးတွေ ပိုမို ရရှိလာနိုင်လာလေပါပဲ။ စာများများဖတ်တဲ့ သူတွေ အတွေးအမြင်တွေ ကျယ်ပြန့်တဲ့ သူတွေကတော့ ဒီအခွင့်အရေးတွေကို သိမယ်။ အပိတ်ပင်ခံရရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိလာမယ်။ ဒါ့ကြောင့် အဓိကလိုအပ်နေတာကတော့ ပညာရေးရယ်၊ စာများများ ဖတ်ကြဖို့ရယ်လို့ပဲထင်ပါတယ်။

 

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အခွင့်အရေးတွေ အပိတ်ပင်ခံတဲ့ အခါ၊ အကြမ်းဖက်မှုတွေ ခံလာရတဲ့အခါ ဘယ်လိုမျိုးလုပ်သင့်တယ်လို့ထင်ပါလဲ။

ဖြေ။ ။ ယောင်္ကျားနဲ့ မိန်းမတွေမှာ ဆို ရမလားဆိုပြီး စမ်းသပ်မှုတွေ ရှိကြတယ်။ ငါဒါမျိုးစိတ်ကောက်လိုက်မယ်။ ငါဒီနေ့မသွားဘူး။ ဒီကိုမသွားဘူး။ ငါဒီနေ့တော့ နောက်ကျလိုက်မယ်။ ဟိုဘက်က လူက သည်းခံပါ့မလားဆိုတဲ့ စမ်းသပ်မှုတွေရှိနေတတ်ကြတယ်။ တစ်ခါသည်းခံရင်း နှစ်ခါသည်းခံရင်းနဲ့  ဒါမျိုးလုပ်လို့ရတာပဲဆိုပြီး အမူအကျင့်တွေ ဖြစ်လာတတ်တယ်။ ဒါ့ကြောင့် ဒီလိုစမ်းသပ်တာမျိုးကို သည်းမခံသင့်ဘူး။ ဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက်လူကို မှီခိုလွန်းရင်လည်း တစ်ဖက်က အတိုင်းထက် အလွန် ပြုမူလာကြတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတယ်ဆိုရင် ကိုယ့်ဟာကို ရပ်တည်နိုင်တယ်ဆိုရင် ဘယ်ယောင်္ကျားမှ အဲ့လိုလုပ်ရဲလိမ့်မယ်လို့တော့ မထင်ပါဘူး။ အဓိကကတော့ ကိုယ့်ဟာကို ရပ်တည်နိုင်အောင်ကြိုးစားနေ၊ အောင်မြင်လာအောင်ကြိုးစားနေတဲ့ အမျိုးသမီးတွေအတွက်တော့ ဒီလိုမျိုးကြုံလာရင် ဘယ်လိုတုံ့ပြန်ရမလဲ။ ဘယ်လိုမျိုးရှေ့ဆက်သွားရမလဲဆိုတာကို ကောင်းကောင်းကြီးသိလိမ့်မယ်လို့ ထင်ပါတယ်။

 

မေး။ ။ ၂၀၀၀ ခုနှစ်ကလို ဖြတ်သန်းခဲ့ရတဲ့ ခံစားချက်နဲ့ လက်ရှိအချိန် ခံစားချက်ကို နှိုင်းယှဉ်ပြပါလား။

ဖြေ။ ။ အဲ့တုန်းက ဆယ်တန်းအောင်ပြီးကာစပဲရှိဦးမယ်။ ဆယ်တန်းအောင်ပြီးပြီးချင်မှာတော့ ဖြစ်ချင်တဲ့ စိတ်ကူးတွေအများကြီးရှိတယ်။ လုပ်ချင်တာတွေလည်း အများကြီးရှိတယ်။ ကိုယ့်ဟာကို ယုံကြည်မှုမရှိခဲ့တာတွေအများကြီးရှိတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကိုယ်က ကိုယ့်ရဲ့ ၀င်ငွေနဲ့ကိုယ်ရပ်တည်နိုင်ပြီ။လူကြားသူကြားတွေထဲမှာလည်း ပြောရဲဆိုရဲရှိနေပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကလည်း အများကြီးရှိနေပြီ။ စာဖတ်ရင်းနဲ့ လူတွေနဲ့ ထိတွေ့ရင်းနဲ့လည်း ပိုပြီးသိလာပြီ။ အခုချိန်မှာတော့ ငါလုပ်ရင်ဖြစ်မှာပဲဆိုတဲ့ ခံစားချက်မျိုးကရှိပါတယ်။ ငယ်ငယ်တုန်းကတော့ကိုယ့်ဟာကို အဲ့လောက်ယုံကြည်မှုမရှိဘူး။ ဖြစ်မှဖြစ်ပါ့မလား ဆိုတဲ့ ကြောက်စိတ်တွေတော့ ရှိခဲ့တယ်။ အခုတော့ တော်တော်ကွာခြားသွားပါပြီ။ အခုလိုမျိုးရန်ကုန်မှာ တစ်ယောက်တည်းနေပြီးလုပ်ရကိုင်ရတာတွေ၊ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်ပြီး ကိုယ့်ဟာကိုယ် ယုံကြည်ချက်ရှိတဲ့ အမျိုးသမီးအနေနဲ့ တော်ရုံတန်ရုံကိစ္စတွေကို မမှုပဲနှင့် ရင်ဆိုင်ရဲလာတယ်။ ငယ်ငယ်တုန်းကတော့ အဲ့လိုမျိုးဆိုရင်ဆိုင်နိုင်စွမ်းမရှိပါဘူး။

 

မေး။ ။ ကိုယ့်ကိုယ်တိုင်ခံယူထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးကဘယ်လိမျိုးဖြစ်မလဲဗျ

ဖြေ။ ။ ဂုဏ်ရည်စိတ်ထဲမှာခွဲခြားထားတာတွေတော့ သိပ်မရှိပါဘူး။ လုပ်စရာရှိတာ၊ လုပ်ချင်တာဆို လုပ်လိုက်တာပါပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ မြန်မာပြည်မှာဆို ဘုရားပေါ်ဆို ဟိုကိုမတက်ရဘူး ၊ ယောင်္ကျားလေးတွေရဲ့အမြင့်မှာ မနေရဘူး ဘာဘာညာညာပေါ့။ လင်မယားတွေဆိုလည်း မိန်းကလေးက ဘယ်ဘက်မှာအိပ်ရမယ် အဲ့ဒါမျိုးတွေရှိတယ်။ ဘုရားပေါ်ကို အမြင့်ကို တက်တာကို ခွင့်မပေးတာကို စည်းမျဉ်းစည်းကမ်းအနေနဲ့ တစ်သက်လုံးလိုက်နာတာကို လက်ခံပေမယ့် အိမ်ထောင့်ပြုပြီး ဘယ်ဘက်မှာ အိပ်အိပ်၊ ညာဘက်မှာအိပ်အိပ် စတာတွေမှာ အစွဲအလမ်းတွေမရှိတဲ့အတွက် အိပ်ချင်တဲ့ ဘက်မှာ အိပ်မှာပဲ။ လူ့အခွင့်အရေးနဲ့ ပတ်သတ်တာပဲဖြစ်ဖြစ် ၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သတ်တာပဲဖြစ်ဖြစ် ဂုဏ်ရည် ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်က ကိုယ့်ဟာကို ရွေးခြယ်ခွင့်တွေ ပေးခဲ့တယ် ။ ၁၀တန်းပြီးတော့လည်း ဆေးမှတ်မှီတဲ့အခါ မှာလည်း ငါတို့က ဆရာဝန်မို့ ဆရာဝန်ဖြစ်ရမယ်ဆိုပြီး ပြောခဲ့တာလည်းမရှိဘူး  တက်ချင်တာကို တက်ဆိုပြီး ခွင့်ပြုပေးခဲ့တယ်။ မိဘတွေ ကအတင်းကြီးအုပ်ချူပ်ခဲ့တာမရှိဘူး။ ငယ်စဉ်ကတည်းရွေးခြယ်စရာတွေအများကြီးပေးခဲ့တယ်။ ကိုယ့်ဆုံးဖြတ်နဲ့ ကိုယ်ကြီးပြင်းစေခဲ့တယ် မိဘအသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာတာဖြစ်တဲ့အတွက် ကိုယ့်ဟာကိုယ် သိပ်ကိုကံကောင်းတယ်လို့ပဲ ယူဆရပါတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးနဲ့ပတ်သတ်တာတွေကို ဖတ်ရတဲ့ အခါမှာ အံ့သြစွာနဲ့ပဲ ဖတ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်က မခံစားဖူးလို့ပါ။

 

မေး။ ။ မလုပ်ရဲ မကိုင်ရဲနဲ့ နဲနဲကြောက်တတ်တဲ့ မိန်းကလေးတွေ ဘယ်လိနေထိုင်သင့်သလဲဆိုတောလေး ပြောပေးပါ။

ဖြေ။ ။ အဲ့လိုမိန်းကလေးတွေကို စာများများ ဖတ်စေချင်ပါတယ်။ မြန်မာပြည်မှာကျရင်လည်း မိန်းကလေးတွေကို နေရာပေးလာကြတဲ့ နေရာတွေအများကြီးရှိတယ်။ အဓိကကတော့ ကိုယ့်ဟာကိုယ် ယုံကြည်မှုရှိစေချင်ပါတယ်။ ငါလုပ်လို့ဖြစ်ပါ့မလားဆိုတဲ့စိတ်ဓာတ်မျိုးတွေနဲ့ အကြောက်တရားနဲ့ ကိုယ့်ဟာကိုယ် ပိတ်လှောင်နေမယ့် အစား လုပ်ကြည့်စေချင်ပါတယ်။ ကိုယ့်မှာလုံလောက်တဲ့ ယုံကြည်မှုမျိုး၊ ပညာရေးမျိုး ရလာပြီဆိုရင် ကိုယ်ဖြစ်ချင်တာတွေကို မိသားစုနဲ့ ပဲဖြစ်ဖြစ်၊ ကိုယ့်ထက်ကျွမ်းကျင်တဲ့ သူတွေနဲ့ တိုင်ပင်ရင်းနဲ့ပဲဖြစ်ဖြစ် ဖြစ်ချင်တာတွေကို ရအောင်လုပ်စေချင်တယ်။ ဘာလို့များကြောက်နေကြမှာလဲပေါ့။ ဒါပေမဲ့ တစ်ချို့နေရာတွေမှာတော့ သတ်မှတ်ချက် အတိုင်းအတာတွေတော့ရှိပါတယ်။ ကိုယ်ဖြစ်ချင်နေပြီ  ဆိုရင်ဖြစ်ချင်တာကို ရအောင်လုပ်စေချင်တယ်။ တစ်ခြားသူတွေပိတ်ပင်လို့မဖြစ်ဘူးဆိုတာထက် ကိုယ်ဖြစ်တာကိုဖြစ်ရဖို့ကိုယ်ကိုတိုင်ကြိုးစားဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်ကြိုးစားမယ်ဆိုရင်လည်း သူတို့ရဲ့ အထူးသဖြင့် မိဘတွေရဲ့ ယုံကြည်မှုရရှိဖို့ လုပ်ရပါမယ်။ ဖြစ်ချင်တာတွေကို ရအောင်လုပ်ပါ။ အတွေ့အကြုံတွေကို များများယူကြပါ။ ကိုယ်သိချင်တာတွေကို မေးရမှာကို မရှက်ပါနဲ့။ ကိုယ့်ထက်ကျွမ်းကျင်တဲ့သူတွေဆီကနေသိအောင် မေးမြန်းကြပါလို့ပဲပြောချင်ပါတယ်။

 

အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Check Also

စုနိုင်မှ ချမ်းသာမယ် ထင်နေတဲ့ ရခိုင်လေးမြို့နယ်က ပြည်သူတွေ

  (၂)မိုင်ကျော် တက်ရတဲ့ တောင်ပေါ်က ၀ါးတွေကို ခုတ်ရောင်းပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က အသက်(၆၀)နှစ်အရွယ် ဒေါ်အောင်မစိန်တစ်ယောက် ငွေစုနေပါပြီ။ “၀ါးမခုတ်ရင် ငွေမစုနိုင်တော့ဘူးလေ”လို့ အသားမာတက်နေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ …