Saturday , May 27 2017
Home / FNews / တိုင်းဧရာ ညောင်တုန်းမြို့ရှိ ရေကာတာမှာ တစ်နေ့လျှင် ၃ ပေခန့်ဖြင့် တအိအိပြိုကျလာမှုကြောင့် ဒေသခံများ စိုးရိမ်နေ

တိုင်းဧရာ ညောင်တုန်းမြို့ရှိ ရေကာတာမှာ တစ်နေ့လျှင် ၃ ပေခန့်ဖြင့် တအိအိပြိုကျလာမှုကြောင့် ဒေသခံများ စိုးရိမ်နေ

မျိုးမင်းထွန်း(မြစ်မခ)

ပုသိမ်၊မတ်လ ၂၁ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ရှိ ရေကာတာမှာ မတ်လ ၁၈ ရက်မှစတင်ပြီး  နေ့စဉ်ပြိုကျမှုဖြစ်ပေါ် နေသဖြင့် ညောင်တုန်းမြို့ခံများ စိုးရိမ်မှုဖြစ်ပေါ်နေကြကြောင်း သိရှိရသည်။

အဆိုပါ ရေကာတာကို မြန်မာနိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဇွန်လအတွင်းက လာရောက်စစ်ဆေး ခဲ့သေးသည်။

ညောင်တုန်းရေကာတာမှာ တစ်နေ့လျှင် ၃ ပေခန့် တအိအိပြိုကျနေပြီး ၂၀၁၆ ခုနှစ်က ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် အုတ်ဘောင်များ အက်လာသဖြင့် လတ်တလောတွင် ညောင်တုန်းမြို့ သဘာဝ ဘေး အန္တရာယ်ကာကွယ်ရေးရန်ပုံငွေဖြင့် ရေလွှဲတန်းပြုလုပ်ခြင်း၊ အောက်ခြေရှိရေနက်အိုးထဲသို့ သဲအိတ်ချခြင်းများ ပြုလုပ်နေကြကြောင်း ညောင်တုန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“တအိအိနဲ့မြေကြီးတွေဆင်းပြီး တော်တော်ကြီးကို ပြိုကျနေတာ၊ ရေကျလေပိုပြိုလေပဲ၊ နဂိုကတည်းက ကမ်းက ရေနက်အိုး ရှိနေတော့ တအိအိဆင်းလိုက်နေတာ၊ လတ်တလောလုပ်ထားတာတွေက ပြောရရင်ဗိုက်ခွဲရမယ့် လူနာကို မခွဲသေးခင် လေဆေးလေးစားပြီး ယာယီကယ်သလို လုပ်ထားရသလိုပေါ့။”ဟု ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ညောင်တုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။

လက်ရှိတွင် ဆည်မြောင်းဦးစီးဌာနမှ ကမ်းပြိုသည့် နေရာရှိ ရေနက်အိုးအနက်ကို တိုင်းထားပြီး မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်တုန်းရေကာတာအတွက် ၂၀၁၇-၁၈ ဘတ်ဂျတ်တွင် ကျပ်သန်း ၉၀၀.၃၅၂ လျာထားသည့် အထဲတွင် ပါဝင်သော်လည်း ထိုဘတ်ဂျတ်သည် ဧပြီလ ၁ ရက်နေ့မှ စတင်မည်ဖြစ်သဖြင့် ဧပြီလအတွင်း တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြိုကျမှုအတွက် ညောင်တုန်းမြို့ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကော်မတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်းပြီး အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

“မြစ်ကမ်းနားနေ ပြည်သူတွေအနေနဲ့လည်း အမှိုက်တွေကို စည်းကမ်းမဲ့စွာ မစွန့်ပစ်ကြဖို့နဲ့ စားကြွင်းစားကျန်၊ အမှိုက်တွေရှိနေခြင်း အားဖြင့် ဒီအောက်မှာကြွက်တွေဖောက်လို့ အောက်ကမြေသားတွေ ခံနိုင်ရည်အားနည်းတဲ့ မြေသားတွေ ဖြစ်ပေါ်လာပြီးတော့ ကမ်းပါးထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စည်းကမ်းမဲ့အမှိုက်တွေ မပစ်ကြဖို့မေတ္တာရပ်ခံ လိုပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးလှမိုးက ပြောသည်။

ညောင်တုန်းရေကာတာ ပြုပြင်ရေးလုပ်ငန်းများအတွက် ၂၀၁၆ ခုနှစ်အတွင်းက သမ္မတဟောင်းဦးသိန်းစိန်မှ ကျပ် ၃ ဘီလီယံခန့် ရန်ပုံငွေအဖြစ် ချထားပေးခဲ့ကြောင်း ညောင်တုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …