Monday , May 29 2017
Home / FNews / အခက်အခဲတွေကြားက ပေးခဲ့ရတဲ့ မဲပြားတွေ 

အခက်အခဲတွေကြားက ပေးခဲ့ရတဲ့ မဲပြားတွေ 

မြစ်မခ

အလင်းရောင်ပင် မရသေး ကမာရွတ်မြို့နယ် အထက(၃)ကျောင်းဝင်းအတွင်းက မဲဆန္ဒရှင် ပြည်သူ တွေ လှုပ်လှုပ်ရှားရှားဖြစ်လို့နေကြပြီ၊ တစ်နာရီသာသာလောက်ကြာတော့ သူတို့တစ်တွေရဲ့ မျက်နှာ တွေပေါ်မှာ ဒီမိုကရေစီ အစိုးရသစ် ရွေးချယ်ဖို့ စိတ်အားထက်သန်နေတဲ့ အရိပ်အယောင်တွေက လည်း  မနက်ခင်း နေခြည်နုနုနှင့်အတူ လန်းဆန်းလာတော့သည်။

နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံအ၀ှမ်းမှ မဲဆန္ဒရှင်ပြည်သူ အားလုံးအနည်းနှင့်အများဆိုသလို စိတ်လှုပ်ရှားခဲ့ကြသည့် နံနက်ခင်းတစ်ခုပင် ဖြစ်၍ နေပါတော့သည်။

မဲပေးစဉ် စိတ်လှုပ်ရှားခဲ့ကြသလို မဲရလာဒ် ကြေညာချိန်၌လည်း သူတို့မဲပေးခဲ့တဲ့ ကိုယ်စားလှယ်တွေ အနိုင်ရပါ့မလား၊ အနိုင်ရခဲ့ရင်ရော လွှတ်တော်ထဲရောက်ရှိပါ့မလား၊ အစိုးရကရော ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို လွှတ်တော်မခေါ်ဘဲ နေမလား စတဲ့ အတွေးတွေနဲ့ ပူပင်မှုတွေ ရှိနေ ကြောင်း ကမာရွတ်မြို့နယ်၊ မဲရုံ(၁)အမှတ်၆ ရပ်ကွက်တွင် မဲထည့်ခဲ့သူ ဦးတင်လင်းဇော်က ပြောသည်။

`လူတွေကတော့ မဲပေးသွားပြီးကြပြီ၊ အဲဒီပေးခဲ့တဲ့ မဲတွေအတိုင်း ဖြစ်ဖို့လိုတယ်။ ၂၀၁၀ တုန်းကလို ပြည်သူတွေပေးတဲ့ မဲတွေက တစ်ယောက်၊ အနိုင်ရသွားတဲ့ ကိုယ်စားလှယ် တစ်ယောက်ဖြစ်မှာ ကိုလည်း စိတ်ပူတယ်။ ပြီးတော့ ၁၉၉၀ တုန်းကလို အာဏာလွဲမပေးတာမျိုးလွှတ်တော်ခေါ်မပေးဘဲ နေတာမျိုး ဖြစ်လာမှာလည်း  စိတ်ပူသေးတယ်`ဟု သူက ဆိုသည်။

ထို့ပြင် မဲရုံတွင်း စနစ်တကျမရှိသော စီမံခန့်ခွဲမှုများကြောင့် အခက်အခဲများ၊ ရှုပ်ထွေးသော မဲပေးပုံ စနစ်များကြောင့် အဆင်မပြေမှုများ ရှိနေသည်ဟု မဲပေးခဲ့ကြသည့်မဲဆန္ဒရှင်ပြည်သူများထံက သိရ သည်။

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင်လည်း မဲစာရင်းတွင် နာမည်မပါသည့်အခက်အခဲများရှိခဲ့ကြောင်း မြောင်းမြတွင်လည်း မဲရုံနေရာအခက်အခဲကြောင့် ကော်မရှင်နှင့် မဲဆန္ဒရှင်များအကြား မပြေလည်မှု အနည်းငယ်ရှိခဲ့သည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဆတ်သွားကျေးရွာအုပ်စု၊ ဆတ်သွား အ.လ.ကခွဲ စာသင် ကျောင်းတွင် ဖွင့်ထားသည့် မဲရုံ အမှတ်(၂)တွင် မဲရုံမှူး လက်မှတ်မပါသည့် မဲလက်မှတ်များ ပါဝင်နေ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ မဲလက်မှတ်စာရွက်မှာ မဲရုံမှူး လက်မှတ် မပါဘူး။ တစ်အုပ်လုံး မပါတာ။ အဲဒါကို မဲလက်မှတ် ထုတ်ပေးသူက စသိတယ်။ ကျွန်တော်တို့လည်း သိတယ်။ ဒါပေမယ့် မဲလက်မှတ်တွေက မဲပုံးထဲ ရောက်သွားပြီ။ ဒါက မရိုးသားမှုလို့ ထင်ပါတယ်။”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲရုံ ကိုယ်စား လှယ် ဦးကံသောင်းက ပြောသည်။

အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၇၂၄ ယောက်ရှိပြီး မဲရုံမှူး လက်မှတ်မပါသည့် မဲလက်မှတ်များ ပါဝင် သည်ဟု မနက် ၁၀ နာရီ၊ ၄၀ မိနစ်တွင် စတင် သိရှိခဲ့သော်လည်း မဲလက်မှတ်အများစုမှာ မဲပုံးထဲ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ ၁၀ နာရီ ၄၀ လောက်မှာ ကျွန်တော်က မဲထည့်ပြီးသွားပြီ။ မဲရုံမှူး လက်မှတ်မပါဘူးဆိုတာ နောက်မှ သိတာပါ။ ကျွန်တော့်ရဲ့ မဲက ပယ်မဲဖြစ်သွားရင်တော့ ကျွန်တော့်အခွင့်အရေး ဆုံးရှုံးတယ်လို့ မြင်ပါ တယ်။ ပြီးတော့ တမင် လုပ်ကြံတာလို့လည်း မြင်တယ်။” ဟု မဲရုံမှူး လက်မှတ်မပါဘဲ မဲလက်မှတ် ထည့်ခဲ့သူ ဦးတင်နိုင်ဝင်းက ပြောသည်။

လက်ရှိ နေ့လည် ၁၂ နာရီအထိ မဲပေးပြီးသူ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း မဲရုံ တာဝန်ရှိသူထံမှ သိရ သည်။

“ မဲလက်မှတ်တွေ မဲပုံးထဲ ရောက်သွားပြီဆိုရင်တော့ ဘာမှ မတတ်နိုင်ပါဘူး။ မဲလက်မှတ် စထုတ် ကတည်းက မဲရုံမှူး လက်မှတ် ပါမပါ ကြည့်ရမှာပါ။ ကျွန်တော် အခြေအနေကို စုံစမ်းကြည့်ပါဦး မယ်။”ဟု သာပေါင်းမြို့နယ် ကော်မရှင်အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

လက်ရှိတွင် မဲလက်မှတ်တွေမှာ မဲရုံမှူး လက်မှတ်မပါကြောင်းကို မဲရုံလေ့လာစောင့်ကြည့်သူများက မှတ်ချက်ပေးထားကြောင်း အဆိုပါမဲရုံတွင် လေ့လာစောင့်ကြည့်သူ ကိုရှိုင်းအောင်မြင့်ထံမှ သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ ရပ်ကွက် (၁၅)ခုအတွက် မဲရုံ(၁၈)ရုံကို အခြေခံပညာ အလယ်တန်း ကျောင်းခွဲ (၃)တွင် တစ်စုတစ်စည်းထဲထားရှိမှုကြောင့် နေရာ ကျဉ်းမြောင်းကျပ်တည်းသဖြင့် မဲရုံ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ အခက်အခဲဖြစ်ပေါ်နေ ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ မဲရုံ (၁၈)ခုတွင် မဲဆန္ဒရှင်အရေအတွက်(၁၉၆၇၇)ဦးရှိကာ ကြိုတင်မဲပေးသူ (၃၂၃) ဦးရှိသည့် အဆိုပါမဲရုံများတွင် မဲပေးသူများအနက် မဲဆန္ဒရှင် အသိပညာအားနည်းချက်များကြောင့် မဲလက်မှတ် (၃)ခုထည့်ရမည့်အစား မဲစာရွက်တစ်ခုတည်းတွင် (၃)ကွက်စာတွင် တံဆိပ်တုံးရိုက်ပြီး မဲပေးခဲ့သူ များလည်း ရှိ၍ ပယ်မဲများပြားနိုင်သည်ဟု (၁၅)ရပ်ကွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လှိုင်သာယာ မြို့နယ် ဥက္ကဌက ပြောသည်။

 

အလားတူ လှိုင်သာယာမြို့နယ် မဲရုံအမှတ်(၁၆)တွင် မဲပြားအချို့၌ မဲရုံမှူး လက်မှတ်မပါဝင်သော မဲလက်မှတ်များကို ပြည်သူများ အသုံးပြုခဲ့ပြီးမှ သိရှိရ၍ ပယ်မဲများ ပိုများလာမည်ကို စိတ်ပူမိကြောင်း ပြောဆိုကြသည်။

ထို့ပြင် မဲရုံဖွင့်ချိန်နောက်ကျသော မဲရုံများတွင်လည်း မဲပေးချိန်နောက်ကျသောကြောင့် မဲရုံတွင် လူများစုပြုံနေပြီး မဲပေးရန်စောင့်နေသူများကလည်း မဲရုံပိတ်ချိန်မတိုင်မီမဲပေးနိုင်ရေးအတွက် ပူပင်လျက်ရှိကြောင်း သိရသည်။

`မဲပေးတာက တစ်ယောက်ကို ၂ မိနစ်ကနေ ၃ မိနစ်လောက်ကြာတယ်။ တစ်နာရီကို ပြည်သူ ၄၀ နဲ့ ၅၀ လောက်ပဲ ပေးလို့ရတော့ ခုရှိနေတဲ့ လူဦးရေနဲ့ဆိုရင် ညနေ ၄နာရီ မထိုးခင်ပြီးဖို့ ဆိုတာ မလွယ်ဘူး၊ မြန်မြန်ဆန်ဆန်မဲပေးဖို့ ပြောဆိုနေတာတွေကလည်း ပြည်သူတွေကို အယောင်ယောင် အမှားမှားတွေ ဖြစ်စေတယ်` ဟု လှိုင်သာယာမြို့နယ် မဲဆန္ဒရှင်ပြည်သူတစ်ဦးက ဆိုသည်။

စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက် မဲရုံအမှတ် (၁) တွင် နံက် ငါးနာရီ ကတည်း က မဲပေးမည့်ပြည်သူများ ရောက်ရှိခဲ့သော်လည်း နံနက် ၆ နာရီ မထိုးမီ မဲပုံးများ စတင်ရောက်ရှိလာပြီး မဲပုံး စစ်ဆေးနေသည့်အတွက် ၆နာရီ ၁၀ မိနစ်မှ မဲရုံဖွင့်လှစ်နိုင်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မဲရုံတွင်း အခက်အခဲ အကြပ်အတည်းများရှိသလို မဲပေးခြင်းကို မဲဆန္ဒရှင်ကိုယ်တိုင် မဟုတ် သောကိုယ်စား မဲပေးမှုမျာ ရှိသည်ကိုလည်း တွေ့ရှိရကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မဲဆန္ဒရှင် အသိုင်း အ၀ိုင်းထံက  သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၈၇)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်ကိုယ်စား မဲလာပေးသူအား ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းသို့ အပ်လိုက်ကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ အဆိုပါမဲရုံတွင် မဲဆန္ဒရှင်ဒေါ်ခင်မို့မို့အေး၏ မဲလက်မှတ်အား အသက်(၅၀)ခန့် အရွယ် အမျိုးသမီးတစ်ဦးက ကိုယ်စားဝင်ရောက်မဲ ပေးခဲ့သောကြောင့် သိရှိသူက မေးမြန်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်စိုးက ပြောသည်။

“မဲဆန္ဒရှင်ကိုယ်စားမဲလာပေးတာကို စစ်ဆေးတွေ့ရှိတာကြောင့် အခုတော့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းကို အပ်လိုက်ပါတယ်။ မဲဆန္ဒရှင် ဒေါ်ခင်မို့မို့အေးက ရွာမှာမီးဖွားနေတဲ့အတွက် သူ့အဒေါ် ဖြစ်တဲ့ ဒေါ်ဇင်မာဝင်းက ဒေါ်အေးမြင့်ကို ကိုယ်စားမဲပေးခိုင်းလိုက်တာလို့ပြောတယ်။”ဟု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်စိုးက ပြောသည်။

ရန်ကုန်တိုင်းနည်းတူ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဆန္ဒမဲပေးရာ၌ အခက်အခဲ အမျိုးမျိုးကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

ပဲခူတိုင်းဖြူးမြို့နယ် ထန်းကုန်းရပ်ကွက်အတွင်း၌ မဲဆန္ဒရှင်ပညာပေးမှု အားနည်းချက်ကြောင့် မဲပေးပုံ စနစ်မကျသည့် ပြသာနာအများအပြားကြုံတွေ့ခဲ့ရကြောင်း ဖြူးဒေသခံ ကိုရန်နိုင်စိုးက ပြောသည်။

`မဲပညာပေးတာလည်း မရှိတော့ လူတွေက တံဆိပ်တုံးအဖုံးကို မဖွင့်ဘဲနဲ့ ဒီအတိုင်း နှိပ်သွားကြတာ တော်တော်များတယ်၊ ပြီးတော့ မဲပုံးတွေကိုလည်း သေချာ ခွဲမထားတဲ့နေရာတွေမှာတော့ တစ်ပုံးထဲ ကိုပဲ စုပြုံ ထည့်သွားကြတယ်၊ အဲဒါတွေကရော ပယ်မဲဖြစ်မလား မသိဘူး`ဟု သူက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် ရန်အောင်မြင်မဲရုံ၊ မန္တလေးနန်းတွင်း မဲရုံအမှတ် (၁)တွင် နိုဝင်ဘာလ ၈ ရက် နံနက် (၆း၀၀) နာရီတွင် မဲစတင်ပေးခဲ့ရာ မဲပေးခွင့်ရှိသူ (၁၁၆၂) ဦးရှိပြီး ကြိုတင်မဲပုံးမှာ နံက်(၆) နာရီတွင် ရောက်ရှိသော်လည်း ကြိုတင်မဲပေးထားသူစာရင်းကိုမူ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိရှိခွင့်မရခဲ့ကြောင်း၊ မဲပေးပုံမဲပေးနည်းစနစ် လိုအပ်ချက်အပါအ၀င် မဲပေးနည်း စနစ်အား ကောင်းမွန်စွာမသိသည့်အတွက် ပယ်မဲများဖြစ်လာနိုင်သည်ကို ပြည်သူများ ပူပင်လျက် ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ ဒေသခံများမှာ မဲတံဆိပ်တုံးနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့်အတွက် တံဆိပ်တုံးများကို မထင်သောကြောင့် ထပ်ထပ်ခါထုသော ပြည်သူများလည်း ရှိကြောင်း နှင့် ကိုယ်စားလှယ်တစ်ဦီးထက်ပိုပြီး ဆန္ဒပြုသောမဲဆန္ဒရှင်များလည်း ရှိနေသည်ဟု ဒေသခံပြည်သူ ကိုသန်းအောင်ထံက သိရသည်။

ထို့ပြင် ကရင် ပြည်နယ်အတွင်း၌ မိမိတို့ ကိုယ်စားပြုသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ မဲလက်မှတ်အတွင်း ပါမလာသည့်အခက်အခဲရှိသည်ဟု ကရင်ပြည်နယ်အခြေစိုက် ပီတီတီ သတင်းဋ္ဌာနမှ တဆင့် သိရှိရသည်။

`လူနည်းစုတွေရဲ့ ကိုယ်စားလှယ်တွေက မဲလက်မှတ်မှာ ပါမလာတာ တွေရှိနေတယ်၊ အဲဒါက လူနည်းစုတွေအတွက် နစ်နာပါတယ်`ဟု ဖားအံပြည်နယ်မှ ဒေသခံကိုရွှေဖြိုးက ပြောသည်။

အလားတူ နေပြည်တော်တိုင်းစစ်ဋ္ဌာနချုပ် မဲရုံတွင်လည်း မဲဆန္ဒရှင်ဦးရေ များပြားလွန်းသဖြင့် ဆန္ဒမဲ ပေးရာ၌ အခက်အခဲအချို့ရှိခဲ့သည်ဟု ဒေသခံအသိုင်းအ၀ိုင်းမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဖိုးဦးစိန်ရွာ၌လည်း  မဲပေးခွင့်မရသည့် ပြည်သူအများအပြား ရှိသည်ဟု ဝေါဒေသခံတစ်ဦးထံမှ သိရသည်။

ရန်ုကုန်မြို့ စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ငှက်ပျောတောလမ်းထိပ် မဲရုံ အမှတ် ၁၊ ၂ တည်ရှိရာ အမှတ် ၈ အခြေခံပညာ မူလတန်းကျောင်းရှေ့ အမှိုက်ပုံးထဲတွင် လက်ပစ်ဗုံးဟု ယူဆ ရသည့်အရာ တွေ့ရှိခဲ့ပြီး ပြည်သူများ အထိတ်တလန့် ဖြစ်ပွားခဲ့ပါသည်။

လက်ရှိ မိုင်းရှင်းလင်းရေး အဖွဲ့ ခေါ်ယူ၍ ရှင်းလင်းရသည်အထိ ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်နှင့် အဖွဲ့မှ နံနက် ၁၀ နာရီဝန်းကျင်တွင် ထိုအရာကို စစ်ဆေးခဲ့ပြီး  ကလေးကစားစရာဟု ဆိုသောကြောင့် စမ်းချောင်းနေ မဲဆန္ဒရှင်များ စိတ်အေး သွားခဲ့ရသော်လည်း ပူပင်မှုအချို့ကတော့ ရှိနေဆဲဖြစ်သည်ဟု စမ်းချောင်း၊ ကျွန်းတော်လမ်း တောင်ပိုင်းမှ နေထိုင်သူ မသန္တာက ပြောသည်။

`စိတ်ပူတာတွေ စိတ်မောတာတွေ ရှိနေတယ်။ မဲပေးရတာကလည်း လူတွေများပြီးတော့ အဆင်မပြေကြဘူး လေ၊ လူတွေက တံဆိပ်တုန်း ထုတာကစပြီး သိပ်နားမလည်တော့ ပယ်မဲဖြစ်မှာကိုလည်း ပူကြတယ်၊ ပြီးတော့ မဲပေးခွင့်မရတဲ့ သူတွေကလည်း အများကြီးကိုး`ဟု သူမက ဆိုသည်။

ထို့ပြင် မဲဆန္ဒရှင်အများစုကြုံတွေ့ရသည့် အခက်အခဲများအား ခြုံငုံကြည့်ပါက မဲဆန္ဒရှင် အသိ ပညာပေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုအားနည်းခြင်း၊ မဲပေးပုံမဲပေးနည်း စနစ်မကျဖြစ်ခြင်း၊ မဲရုံကျဉ်း မြောင်းခြင်း၊ မဲရုံတည်ဆောက်ပုံ စနစ်မကျခြင်း၊  သတ်မှတ်လူဦးရေထက်ပိုမိုမဲထည့်စေခြင်း၊ တံဆိပ်တုံးများနှင့် မဲဆန္ဒရှင်များ အကျွမ်းတ၀င် မရှိခြင်းစသည့်အားနည်းချက်များကြောင့် ဖြစ်သလို၊ ပြည်သူလူထုအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံများကြောင့် အစိုးရအပေါ်တွင် ယုံကြည်မှု အားနည်းနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေသော ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများက သုံးသပ်ပြောဆိုလျက်ရှိသည်။

Check Also

ကျောက်ဖြူမြို့တွင် မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

အာရကန်ကိုကို(မြစ်မခ) ကျောက်ဖြူ၊ မေ(၂၉)ရက်။ မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်ပြည့် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့ ဘုရားကြီးတောင်ကျောင်းတိုက်တွင် မေလ(၂၈)ရက် နံနက်(၈)နာရီမှ (၁၁) နာရီထိ …