Wednesday , May 31 2017
Home / FNews / ရခိုင့်နောက်ဆုံးဘုရင်ဖမ်းဆီးခံရသည့် နေရာတွင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ

ရခိုင့်နောက်ဆုံးဘုရင်ဖမ်းဆီးခံရသည့် နေရာတွင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ ဖေဖော်ဝါရီ(၉)ရက်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျွန်းသာယာအရပ်ရှိ ရခိုင့်နောက်ဆုံးဘုရင်နှင့် မိဘုရား၊ သားတော်၊သမီးတော်များ ဖမ်းဆီးခြင်းခံရသည့်နေရာတွင် ပြည်သူအများလာရောက် ဂါရ၀ပြုနိုင်ရန်နှင့် မျိုးဆက်များအား ဖမ်းဆီးခြင်းခံရ သည့်နေရာအား သိရှိနိုင်ရန် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကျောက်တိုင်မှာ အမြင့်(၁၂)ပေ၊ အောက်ခြေပတ်လည်(၆)ပေရှိရာ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး မြောက်ဦးမြို့ရှိ မြတ်ဗုဒ္ဓမဏ္ဍိုင်ကျောင်းတိုက် ဆရာတော် ဦးဆောင်ပြီး စိုက်ထူနေခြင်းဖြစ်ကြောင်းနှင့်  လက်ရှိတွင် တည်ဆောက်မှုလုပ်ငန်း(၅၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း ကျောက်တိုင်ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

“ရခိုင်တို့ရဲ့ အထွဋ်အထိပ်ဖြစ်တယ် ရခိုင့်နောက်ဆုံးဘုရင်ဟာ ဒီနေရာမှာကျူးကျော်စစ်ကို ခုံခံရင်းဖမ်းဆီးခံခဲ့ပြီး ဒီနေရာမှ အချုပ်အခြာအာဏာ စွန့်ခဲ့ရရတာပါ။ ဘုရင်နဲ့ အဲ့နေရာကို နောင်လာနောင်သားတွေ မမေ့ပျောက်ရ အောင်နဲ့ဇာတိသွေးဇာတိမာန်တွေ တက်ကြွလာအောင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ ရတာပါ။”ဟု ကျောက်တိုင်အား ဦးစီးဦးဆောင်ပြုလုပ်ပြီး စိုက်ထူနေသည့် မြောက်ဦးမြို့ မြတ်ဗုဒ္ဓမဏ္ဍိုင် ကျောင်းတိုက် ဆရာတော် ဦတေဇန္တက မိန့်သည်။

ရခိုင်တို့ဟာ ကိုယ့်မင်းကိုယ့်ချင်း ဘုရင့်စနစ်နှင့် နှစ်ပေါင်း(၅၀၀၀)ကျော် နေထိုင်လာခဲ့သည့် လူမျိုးတစ်မျိုးဖြစ်  ပြီး ရခိုင့်(မြန်မာ)သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဗမာပဒေသရာဇ် အမရပူရပြည်ရှင်ဘိုးတော်မောင်ဝိုင်း၏ကျုးကျော် စစ်ကြောင့် ရခိုင်ပြည်ကျရှုံးပြီးနောက် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတရာဇာမင်း၊ မိဘုရားမြသန္တာနှင့်သား တော်၊ သမီးတော်များအား မြေပုံမြို့နယ်ကျွန်းသာယာကျွန်းတွင် ပြာသိုလကွယ်နေ့၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ရခိုင့်သမိုင်းမှတ်တမ်းများ၏ ပြဆိုထားချက်များအရ သိရသည်။

“ရခိုင့်တို့ရဲ့အထွဋ်အမြတ် နောက်ဆုံးဘုရင်ဖမ်းဆီးခံခဲ့ရတဲ့ နေရာမှာ ကျောက်တိုင်စိုက်ထူလို့ အတိုင်းမသိဝမ်း သာသလို ၀မ်းနည်းနည်းမိပါတယ်။ ရခိုင့်တို့ဟာ ကျွန်သက်တမ်း(၂၃၂)ရှိနေပေမဲ့ နောက်ဆုံးဘုရင်အားဖမ်းဆီးမိ တဲ့နေရာကိုရေရေရာရာမသိရှိသေးကြဘူး။ ၀မ်းနည်းခြင်းအထိန်းအမှတ် ကျောက်တိုင်စိုက် ထူလိုက်တော့ ရခိုင် ပြည်သူတွေ လာရောက်ဂါရ၀ပြုနိုင်မှာ ဖြစ်ပါတယ်။”ဟု ရခိုင့်နောက်ဆုံးဘုရင့်မင်း၏ ဇာတိဖြစ်သော ရမ်းဗြဲကျွန်းမှ ရွာသားတစ်ဦးက ပြောသည်။

ရခိုင့်ဘုရင် ကျရှုံးသွားသည်မှာ ရခိုင်တို့၏ နောက်ဆုံးဘုရင် မဟာသမ္မတရာဇာမင်းအား ဖမ်းဆီးခံခဲ့ရသည့် သက္ကရာဇ် ၁၁၄၆-ခုနှစ်မှ ရေတွက်ပါက (၂၃၂)နှစ်ရှိသွားပြီဖြစ်ပြီး ဘုရင်မင်းဖမ်းဆီးခံခဲ့ရသည့် ပြာသို လကွယ်နေ့ကို အစွဲပြုကာ လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများအပြား၌ ၀မ်းနည်းခြင်း အထိမ်းအမှတ် ပွဲများအား၂၀၁၆-ခုနှစ်အတွင်းမှ စတင် ကျင်းပမှုများရှိလာကြောင်း သိရသည်။

Check Also

Master Plan တစ်ခုရေးဆွဲကာ ရေကြီးရေလျှံမှုပြဿနာများ ဖြေရှင်းရေး လုပ်ကိုင်ရန် လိုအပ်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ မေ ၂၉ ရက်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေကြီး ရေလျှံ ပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် Master …