Wednesday , March 7 2018
Home / FNews / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ(၄၀၀၀)ကျော် လိုအပ်ရှိနေ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ(၄၀၀၀)ကျော် လိုအပ်ရှိနေ

မျိုးမြတ် (မြစ်မခ)

ပဲခူး၊ ဇူလိုင် ၁၃ ရက်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမ ဦးရေမှာ (၄၀၀၀)ကျော် လိုအပ်လျက်ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ (၂၈၂၆)ဦးလိုအပ်နေပြီး ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ ကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ (၁၉၇၅)ဦး လိုအပ်နေကြောင်း သိရသည်။

“မနှစ်ကထက်တော့ ဆရာလိုအပ်ချက်က ဒီနှစ်မှာနည်းပါတယ်။ ယခုကျောင်းဖွင့်ချိန်မှာတော့ ကျောင်းတွေမှာရှိ တဲ့ ကျောင်းသားအင်အား၊ ဆရာအရေအတွက်နဲ့မျှပြီး သင်ကြားပေးနေပါတယ်။ လစ်လပ်နေသော ဆရာအရေ အတွက်ကို ခန့်အပ်ဖို့အတွက် ဇွန်လထဲမှာ တိုင်းဒေသကြီးအစိုးရကိုတင်ပြထားပါတယ်။ ရာထူးတိုးအမိန့်တွေ ထွက်ပြီးရင် မကြာခင်မှာပဲ လစ်လပ်နေရာတွေကို ခန့်အပ်သွားမှာပါ။”ဟု ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းကပြောသည်။

အခြေခံပညာကျောင်းများ၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က ကျောင်းအုပ်တစ်ဦး၊ ဆရာ၊ ဆရာမ(၄)ဦး သတ်မှတ် ထားသော်လည်း ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ ကျောင်းအုပ်တစ်ဦး၊ ဆရာ၊ ဆရာမ(၆)ဦးနှုန်း၊ ကျောင်းသား(၂၄)ဦးလျှင် ဆရာ(၁)ဦးနှုန်းဖြင့် ကျောင်းသားဦးရေအလိုက်ထားရှိကြောင်း သိရသည်။

နှစ်စဉ်ဆရာ၊ ဆရာမလိုအပ်နေသော အကြောင်းရင်းမှာ ရာထူးတိုးပြောင်းရွှေ့သွားသော ဆရာ၊ ဆရာမနှင့် အငြိမ်းစားပင်စင်ယူသွားသူများကြောင့် ကျောင်းပြန်လည်ဖွင့်ချိန်တွင် လစ်လပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ဆရာ၊ ဆရာမ လစ်လပ်နေပေမယ့်လည်း ဆိုးဆိုးဝါးဝါးမရှိပါဘူး။ နယ်မြေအတွင်း ကျောင်းတွေမှာပို နေတဲ့ ဆရာ၊ ဆရာမတွေကို ဖြည့်စွက်သင်ကြားထားပေးပါတယ်။ ကျောင်းသားနဲ့ ဆရာအချိုးနဲ့ဆိုရင် သိပ်မကွာပါဘူး။ စာသင်ခန်းအလိုက် ဆရာလိုအပ်ချက်မှာ များလာတာပါ။”ဟု ဝေါမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးရွှေဘက ပြောသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ယခုပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူဦးရေ (၆)သိန်းကျော်ကို ဆရာ၊ ဆရာမဦးရေ(၂၄၂၄၈)ဦးဖြင့် သင်ကြားပြသပေးနေပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် ကျောင်းသား၊ ကျောင်းသူဦးရေ(၃)သိန်းကျော်ကို ဆရာ၊ ဆရာမဦးရေ(၁၄၅၃၂)ဦးဖြင့် သင်ကြားပြသနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် မူလတန်းကျောင်း(၄၀၈၈)ကျောင်း၊ အလယ်တန်းကျောင်း(၄၂၃)ကျောင်း၊ အထက်တန်းကျောင်း (၂၉၈)ကျောင်းတို့ ရှိကြောင်း တိုင်းပညာရေးမှူးရုံးမှ ရရှိသည့် မှတ်တမ်းများအရ သိရသည်။

Check Also

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

  မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ …