Monday , November 27 2017
Home / FNews / အဆိုတော် ပိုပို စီစဉ်သည့် ကိုယ်တိုင်လုပ်နိုင်ငံတော်ကဗျာစာအုပ် ထုတ်ဝေတော့မည်မဟုတ်

အဆိုတော် ပိုပို စီစဉ်သည့် ကိုယ်တိုင်လုပ်နိုင်ငံတော်ကဗျာစာအုပ် ထုတ်ဝေတော့မည်မဟုတ်

မဟာ (မြစ်မခ)

ရန်ကုန်၊ ဇွန် ၂၁ ရက်။

တေးသံရှင်ပိုပိုစီစဉ်သည့် ကိုယ်တိုင်လုပ်နိုင်ငံတော် ဟူသည့် ကဗျာစာအုပ်မှာ ကန့်ကွက်ချက်များကြောင့် ထုတ် ဝေဖြန့်ချိရန် ရပ်ဆိုင်းလိုက်ကြောင်း ပိုပိုထံမှ သိရှိရသည်။

တေးသံရှင် ပိုပိုစီစဉ်​သော ကိုယ်တိုင်လုပ်နိုင်ငံတော် ကဗျာစာအုပ်နှင့် ကဗျာစာအုပ်တွင် ပါဝင်သော ဟာသ သရုပ်ဆောင် ဗေလုဝ၏ အမှာစာ ရေးသားချက်များနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂက ဇွန် ၁၉ ရက်တွင် ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ပိုပိုက ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

“လောလောဆယ်ရပ်နားထားပါတယ်။ ထုတ်ဝေခွင့်မရှိဘူးပြောရလောက်အောင် ဒီကဗျာစာအုပ်ဟာ အနုပညာ ကြေးစာမူခကန်တော့ပြီးမှ သုံးတာပါ။ ဒီစာအုပ်ကိုလုပ်တာ စေတနာနဲ့လုပ်တာပါ။ ကိုယ့်အတွက် အကျိုးအမြတ် တစ်ခုမှလည်း ရယူဖို့မဟုတ်ပါဘူး။ ဒီကဗျာတွေကို အတင်းအဓမ္မ အလကားယူတာမဟုတ်ပါဘူး။ စီစဉ်သူ လင်း အိမ်ထင်ကိုယ်တိုင် စီစဉ်ထားတဲ့ ကဗျာတွေပါ။ စေတနာသန့်သန့်နဲ့ ကဗျာစာအုပ်တွေရောင်းလို့ရတဲ့ အကျိုးအ မြတ်ကို ပြန်လှူမယ်ဆိုပြီး လုပ်ထားတာပါ။ ဒီအမှာစာကလည်း ဘယ်သူ့ကိုမှ ထိခိုက်ပြီးပြောထားတာမဟုတ်တဲ့ အတွက်ကြောင့် အဲ့ကိစ္စကို ခဏရပ်ထားပါတယ်။ ဆက်ပြီးထွက်ဖို့ လုံးဝမရှိတော့ပါဘူး။ သူတို့ထုတ်ပြန်သည်ဖြစ် စေ၊ မထုတ်ပြန်သည်ဖြစ်စေ လုံးဝမထုတ်တော့ပါဘူး။”ဟု တေးသံရှင်ပိုပိုကပြောသည်။

ပိုပို၏ Facebook Pageမှ ဇွန် ၁၇ ရက်တွင်ထုတ်လွှင့်ခဲ့သော ပိုပို၏ ပြောကြားချက်များအရ ထွက်ရှိလာသောစာ အုပ်မှာ မူလစီစဉ်သည့် ကိုလင်းအိမ်ထင်၏ စာအုပ်မဟုတ်ဘဲ ကိုယ့်သဘောနှင့်ကိုယ် အသစ်ပြန်လုပ်ထားသော စာအုပ်ဖြစ်သည်ကိုသိရှိရပြီး ဟာသသရုပ်ဆောင် ဗေလုဝ၏အမှာစာမှ ရေးသားထားချက်များသည် ကဗျာဆရာ များနှင့် ကဗျာလောကအပေါ်တွင် တာဝန်မဲ့စွာပြောဆိုသုံးနှုန်းထားသော အသုံးအနှုန်းများစွာ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ပြင်းထန်စွာရှုတ်ချလိုက်ကြောင်း ဇွန် ၁၉ ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂက ထုတ်ပြန်ထားသည်။

“စာအုပ်နဲ့ပတ်သက်ပြီး သဘောမတူကြောင်းထုတ်ပြန်ချက်ကို ထုတ်ခဲ့တယ်။ ပြီးတော့ ကဗျာတွေပြန်ဖြုတ်ပေးဖို့ တောင်းဆိုထားတယ်။ သူ့ဖက်ကလည်း တချို့ကဗျာတွေကန့်ကွက်နေတာကို ပြန်ဖြုတ်ပေးတယ်လို့ မူလစီစဉ် သူဆီကသိရပါတယ်။ စီစဉ်သူပြောတုန်းက ပုံစံလည်းမဟုတ်ပါဘူး။ ဒီစာအုပ်မှာပြောင်းလဲတာက အရင်ကစီစဉ် သူပြောတာက ဗေလုဝရဲ့အမှာစာမပါဘူး။ အခုက ပါနေတယ်လို့သိရပါတယ်။ ကျွန်တော်တို့တွေ ဗေလုဝကို မုန်းတီးလို့မဟုတ်ပါဘူး။ အမှာစာကိုကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ကဗျာလောကထဲက ကဗျာဆရာ၊ ဆ ရာမတွေအပေါ် ချိုးချိုးဖဲ့ဖဲ့၊ နှိမ်နှိမ်ချချရေးသားထားတဲ့အရေးအသားတွေ တွေ့ရပါတယ်။ ပိုပိုအနေနဲ့ ကဗျာစာ အုပ်မထုတ်တော့ဘူးဆိုရင် ကောင်းပါတယ်၊ သဘောတူပါတယ်။”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာ များ သမဂ္ဂမှ ဗဟိုလုပ်ငန်းကော်မတီဝင် ကဗျာ ဆရာ ရွှေကြယ်မိုးက ပြောသည်။

ကိုယ်တိုင်လုပ်နိုင်ငံတော် ကဗျာစာအုပ်တွင် အနုပညာရှင်အယောက်(၃၀)ကျော် ရေးသားထားသည့် ကဗျာများ အပါအဝင် ကဗျာဆရာအယောက်(၁၀၀)ကျော်၏ ကဗျာများလည်းပါဝင်ကာ ပိုပို၏ မှော်စာပေမှ အုပ်ရေတစ် ထောင်ထွက်ရှိဖြန့်ချိရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …