Saturday , September 23 2017
Home / FNews / တိုင်းဧရာအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များ ကျောင်းမအပ်ပါက ဆရာများက အိမ်တိုင်ရာရောက် လိုက်လံ စည်းရုံးမည်

တိုင်းဧရာအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များ ကျောင်းမအပ်ပါက ဆရာများက အိမ်တိုင်ရာရောက် လိုက်လံ စည်းရုံးမည်

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ မေ (၂၉) ရက်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များ ကျောင်းဖွင့်ချိန်အထိ ကျောင်းလာအပ်ခြင်းမရှိ ပါက ကျောင်းအပ်ရန် သက်ဆိုင်ရာ ရပ်ရွာရှိကျောင်းမှ ဆရာ၊ ဆရာမများကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံစည်းရုံးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများက စာရင်းကောက်ယူထားပြီး ကလေးကို ကျောင်းမအပ်ပါက ကျောင်းအပ်နိုင်ရန် လိုက်လံ စည်းရုံးရန် ညွှန်ကြားထားကြောင်း သိရသည်။

“ကျောင်းမအပ်ဘူးဆိုရင်တော့ အိမ်တိုင်ရာရောက်လိုက်လံစည်းရုံးရမှာပေါ့။ အခုက ကျောင်းတွေကလည်း ရပ် ထဲရွာထဲ မနီးမဝေးမှာပဲရှိနေတော့ ကလေးကို ကျောင်းပို့ဖို့ အခက်အခဲမရှိနိုင်တော့ပါဘူး။”ဟု  ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး (စီမံဌာန)မှ ညွန်ကြားရေးမှူး ဦးဝင်းမောင်က ပြောသည်။

KG တန်း စတင်တက်ရောက်မည့်ကလေးများကို မွေးသက္ကရာဇ်ထောက်ခံစာအရ အသက် (၅)နှစ်ပြည့်ပါက ကျောင်းအပ်လက်ခံရန်၊ အသက်(၅)နှစ်ပြည့်ရန် တစ်လအလိုကလေးများကို ကျောင်းအုပ်ကြီးများက လက်ခံနိုင် ကာ (၂)လအလိုကလေးများကို မြို့နယ်ပညာရေးမှူးက လက်ခံနိုင်ပြီး (၃)လအလိုကလေးများကိုလည်း တိုင်း ဒေသကြီးပညာရေးမှူးက လက်ခံနိုင်ရန် ကျောင်းများအားလုံးကို စီစဉ်ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်း ဒေသကြီးပညာရေးမှူး (ယာယီ) ဦးဝင်းမောင်က ပြောကြားထားသည်။

ကျောင်းနေအရွယ်ကလေးအားလုံး မဖြစ်မနေကျောင်းနေစေရန် အစည်းအဝေးများပြုလုပ်၍ ကျေးရွာအဆင့်ထိ အကြောင်းကြားပေးထားပြီး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

“ကျောင်းအပ်လက်ခံရတာတော့ အဆင်ပြေပါတယ်။ တချို့မိဘတွေကျတော့ မွေးသက္ကရာဇ်ထောက်ခံစာထဲမှာ ကို ပြင်ရာဖျက်ရာအမျိုးမျိုးနဲ့ မွေးနေ့၊ မွေးလတွေကို အသက်မပြည့်ပြည့်အောင်ပြင်ထားပြီး လာအပ်တာတွေရှိ နေတယ်။”ဟု ပုသိမ်မြို့ခံ မူလတန်းပြဆရာမ ဒေါ်ပန်းအိက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၁)သိန်းကျော် တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ပြီး ကျောင်းအပ်ကာလကို မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်ထားကာ ဇွန် ၁ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …