Saturday , May 27 2017
Home / FNews / တိုင်းအစိုးရပြုလုပ်မည့် School Bus နှင့် ပတ်သက်၍ မီဒီယာများတွင် ရေးသားဖော်ပြချက်သာ သိရှိနေရဟု တိုင်းလွှတ်တော်အမတ် ဒေါ်ကြည်ပြာပြောဆို

တိုင်းအစိုးရပြုလုပ်မည့် School Bus နှင့် ပတ်သက်၍ မီဒီယာများတွင် ရေးသားဖော်ပြချက်သာ သိရှိနေရဟု တိုင်းလွှတ်တော်အမတ် ဒေါ်ကြည်ပြာပြောဆို

ဇော်မင်း (မြစ်မခ)

ရန်ကုန်၊ မေ (၁၀) ရက်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇွန်လအတွင်းစတင်အကောင်အထည်ဖော်မည့် School Bus ကိစ္စနှင့် ပတ် သက်၍ မီဒီယာများတွင် ရေးသားဖော်ပြချက်သာ သိရှိနေရပြီး အသေးစိတ်အချက်အလက်များကို မသိရှိသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

လက်ရှိတွင် မီဒီယာများ၏ ရေးသားဖော်ပြချက်လောက်သာ သိရှိသေးကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒ နယ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။

“ကျွန်မတို့အနေနဲ့ ဟိုတစ်စ၊ ဒီတစ်စတင်တာပဲ သိပါတယ်ရှင့်။ School Bus နဲ့ပတ်သက်ပြီး ဘာမှ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ လွှတ်တော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိလိုတဲ့အတွက် တိုင်းဒေသကြီးအစိုးရကို လာရှင်းပြပေးဖို့ ကော်မတီတစ်ခုခုကပြောမယ်လို့ သိရပါတယ်။”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မသိရှိရသည်က များနေပြီး သိရှိထားပါက ပြည်သူများအား အကောင်း၊ အဆိုး အသေးစိတ်အချက်များကို ရှင်းပြနိုင်ကြောင်း ဒေါ်ကြည်ပြာက ဆက်ပြောသည်။

“တစ်တိုင်းလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေ ဆိုရင်တော့ လွှတ်တော်အမတ်တွေအနေနဲ့ သိသင့်တယ်လို့ထင်တယ်။ အခု မီဒီယာတွေက မေးရင်တောင် မသိဘူး။ ပြည်သူကမေးရင် ကျွန်မတို့က ဝေးပဲ။ ဘာမှကို မသိဘူးဆိုတာ ဖြစ်နေတယ်။ ပြည်ထောင်စုလွှတ်တော်မှာတောင် ရှင်းပြထားကြတယ်။ ကိုယ်စားလှယ်တွေက အောက်ခြေမှာ ပြည်သူတွေနဲ့ တွေ့ရင် ဖြေနိုင်တယ်လေ။ ကျွန်မတို့ရန်ကုန်တိုင်းက မသိရတာကများတယ်။ သိထားရင်တော့ ဝိုင်းစဉ်စားပေး လို့ရသလို ပြည်သူကိုလည်း ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ပြောပြလို့ရတာပေါ့။”ဟု ဒေါ်ကြည်ပြာက ဆက်ပြောသည်။

ကမာရွတ်မြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကလည်း ၎င်းအနေဖြင့် School Bus များပြေးဆွဲမည့်အစီအစဉ်ကို လက်ခံသော်လည်း အသေးစိတ်အချက်အလက်များကို မသိရှိရသေး ကြောင်း ၎င်းကဆိုသည်။

“အသေးစိတ်ကို အစိုးရအဖွဲ့က ထုတ်ပြန်ပေးရမယ်။ ကျောင်းကားတွေသုံးမယ်ဆိုတာကို ကျွန်တော်တို့က လက်ခံပါတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အကြမ်းဖျင်းပဲသိရသေးတယ်။ လွှတ်တော်က ၁၅ ရက်နေ့ ပြန်ဆုံရမယ်။ ပြောမလားပေါ့။ သူတို့ပြောမှ ပြည်သူကို ရှင်းလင်းပြောပြလို့ရမယ်။ သူတို့လုပ်ထားတဲ့ စီမံချက်ကိုး။ အစိုးရအဖွဲ့ကပဲ ဦးဆောင်လုပ်ဆောင်သွားမလားပေါ့။ Water Taxi လည်း အဲလိုပါပဲ။ စမ်းသပ်မယ် လုပ်မယ်လို့သာ ပြောတယ်။ အသေးစိတ်မသိရဘူး။ ကိုယ်ပိုင်ကားတွေမသုံးရဘဲ ကျောင်းကားအစီအစဉ်တော့ လက်ခံပါတယ်။” ဟု ကမာရွတ်မြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်း(၂၆)ခုတွင် ဇွန်လမှ စတင်ကာ နိုင်ငံတကာအဆင့်မီ School Bus များဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး လက်ရှိတွင် ကျောင်းသားမိဘများ၊ ကျောင်းကားပိုင်ရှင်များ နှင့် တွေ့ဆုံဆွေးနွေးကာ ပြန်လည်တင်ပြပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွန်ကြားထားကြောင်း သိရသည်။

“အခုလို School Bus လုပ်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေရဲ့လုံခြုံရေးကို အလေးထား စေချင်တယ်။ ကျောင်းကြိုပို့ကားကတော့ အိမ်ရှေ့အထိရောက်တယ်။ School Bus ဆိုရင်စီးရမယ့်နေရာ လိုက်ပို့ဖို့၊ ပြန်လာဖို့ အခက်အခဲတော့ရှိတာပေါ့။”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မြမြဝင်းကပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီးအစိုးရမှ School Bus နှင့်ပတ်သက်သည့်အချက်အလက်များကို အတိအကျမထုတ် ပြန်ပေးသေးသော်လည်း နိုင်ငံတကာအဆင့်မီ CCTV များ၊ GPS စနစ်များတပ်ဆင်ထားသည့် လူဦးရေ(၃၀)ခန့် ဆံ့သော ကိုရီးယားနိုင်ငံထုတ်ကား အရောင်တစ်ရောင်တည်းကိုသာအသုံးပြုမည်ဟု ပညာရေးတက္ကသိုလ် လေ့ ကျင့်ရေးသင်တန်းကျောင်း၌ မေ ၉ ရက်တွင်ပြုလုပ်ခဲ့သည့် ယာဉ်ပိုင်ရှင်များနှင့် ကျောင်းတာဝန်ရှိသူများတွေ့ဆုံ ပွဲမှ သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …