Saturday , May 27 2017
Home / FNews / ပထမတန်းသင်ခန်းစာတွင် ဒေသဆိုင်ရာသင်ရိုးသစ်တစ်ခု ထည့်သွင်းသင်ကြားမည်

ပထမတန်းသင်ခန်းစာတွင် ဒေသဆိုင်ရာသင်ရိုးသစ်တစ်ခု ထည့်သွင်းသင်ကြားမည်

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ ဧပြီ (၂၆) ရက်။

လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ ပထမတန်းသင်ခန်းစာတွင် ဒေသဆိုင်ရာသင်ရိုးသစ်တစ်ခု ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့ရှိ အမှတ်(၄)အထက်တန်းကျောင်းတွင် ဧပြီ ၂၆ ရက်က ပြုလုပ်သော ပထမတန်းသင်ရိုးသစ်ဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲမှ သိရှိရသည်။

ဒေသဆိုင်ရာသင်ရိုးသစ် ထည့်သွင်းသင်ကြားပေးရခြင်းမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တိုင်းရင်းသား ဘာသာစကားများအား ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားနေရသဖြင့် ကျောင်းချိန်အတွင်းသင်ကြားမှုအား သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအစိုးရ၏ အစီအစဉ်ဖြင့် သင်ကြားနိုင်ရေးအပြင် အခြားပညာရပ်များအား သင် ကြားပေးနိုင်ရန်အတွက် ထည့်သွင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သထုံခရိုင်ပညာရေးမှူး ဒေါ်ကြည်ကြည်မာက ပြောသည်။

“ခုပထမတန်းအတွက်ပါတဲ့ ဒေသဆိုင်ရာသင်ရိုးသစ်က တစ်နိုင်ငံလုံးမှာစတင်မှာပါ။ ဒါ့အပြင် ပထမတန်းသင်ရိုး မှာ အချို့ဘာသာရပ်တွေကို ဖြုတ်ပြီး အချို့ဘာသာရပ်တွေကို အသစ်ထည့်သွင်းသင်ကြားမှာပါ။ ဒေသဆိုင်ရာ သင်ရိုးကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအစီအစဉ်နဲ့ တိုင်းရင်းသားဘာသာစကား၊ တိုင်းရင်းသားတွေရဲ့ သမိုင်းနဲ့ ရိုးရာအကြောင်းတွေ ဒေသဆိုင်ရာစီးပွားရေးအကြောင်း၊ ကွန်ပျူတာ၊ စိုက်ပျိုးရေးစတဲ့ အကြောင်းအ ရာတွေကို သင်ပေးလို့ရတယ်။ ဒေသဆိုင်ရာသင်ရိုးသင်ပေးလို့ ကလေးတွေမှာ ကျောင်းစာအပြင် ကျန်တဲ့ ဗဟုသုတတွေ အများကြီးရလာမှာပါ။”ဟု ဒေါ်ကြည်ကြည်မာကပြောသည်။

မွန်ပြည်နယ်အတွက် ဒေသဆိုင်ရာသင်ရိုးတွင် ဒေသတွင်း တိုင်းရင်းသားများ၏ စာပေဖြစ်သော မွန်စာပေ၊ ကရင်စာပေနှင့် ပအိုဝ်းစာပေများ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း ဒေါ်ကြည်ကြည်မာက ဆက်ပြောသည်။

ယခင်နှစ် ပထမတန်းသင်ရိုးဟောင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေ၊ အခြေခံသိပ္ပံ၊ လူမှုရေး၊ ကာယ၊ ရသ၊ စိုက်ပျိုးရေး၊ ကျောင်းလုပ်ငန်းများ သင်ကြားပေးပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ၊ လူမှုရေး၊ ကာယ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာ၊ စာရိတ္တနှင့် ပြည် သူ့နီတိ၊ ဒေသဆိုင်ရာသင်ရိုးများ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ဒေသဆိုင်ရာသင်ရိုးအား သီးခြားပြုစုထားခြင်းမရှိဘဲ ဒေသလိုအပ်ချက်နှင့်အညီ ပြုစုထားသောအကြောင်းအရာများဖြစ်သဖြင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အစိုးရ၏ အတည်ပြုချက်ဖြင့် သင်ကြားနိုင်မည်ဖြစ်ပြီး ဒေသဆိုင်ရာသင်ခန်းစာအတွက် တစ်ပါတ်လျှင် စာသင်ချိန် (၅)ကြိမ်၊ တစ်နှစ်လျှင် စာသင်ချိန် (၁၂၀)ထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ပထမတန်းသင်ရိုးသစ်သင်ကြားနိုင်ရန် သထုံခရိုင်ရှိ ဆရာ၊ ဆရာမ(၁၀၀)ဦးခန့်အား သင်တန်းပို့ချပေးနေပြီး ၎င်းတို့မှတဆင့် သက်ဆိုင်ရာမြို့နယ်အလိုက် သင်ကြားရေးဆရာ၊ ဆရာမများထံ လက်ဆင့်ကမ်းသင်ကြားမှု ပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …