Saturday , May 27 2017
Home / သတင်း / ပညာရေးသတင်း / စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဝင်ခွင့်ဖြေဆိုရမည့် အမည်စာရင်း မေ ၂၅ ရက် တွင် ထုတ်ပြန်မည်

စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဝင်ခွင့်ဖြေဆိုရမည့် အမည်စာရင်း မေ ၂၅ ရက် တွင် ထုတ်ပြန်မည်

ကျော်​မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ ဧပြီ (၂၅) ရက်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာအမှတ်စဉ်(၃)သင်တန်း ဝင်ခွင့် စာမေးပွဲဖြေဆိုရမည့် အမည်စာရင်းကို မေ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပေးမည်ဖြစ်ပြီး လူတွေ့နှုတ်ဖြေ စာမေးပွဲကို ၂၇ ရက်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်​။

ဝိဇ္ဇာဘွဲ့ရရှိပြီးသူများ ဘွဲ့လွန်သင်တန်းများအထိ ဆက်လက်လေ့လာဆည်းပူးနိုင်သည့် အခွင့်အလမ်းများ ရရှိစေ ရန်နှင့် စာကြည့်တိုက်များတွင် တာဝန်ထမ်းဆောင်နေကြသူများ စာကြည့်တိုက်နှင့် သုတပညာရပ်ကို လေ့လာ ဆည်းပူး၍ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်နိုင်ကြစေရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ဇွန်လတွင် ရတနာပုံတက္က သိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်သည်​။

“နိုင်ငံအတွက်လည်းလိုအပ်တဲ့ စာကြည့်တိုက်ကျွမ်းကျင်ပညာရှင်တွေ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ဖို့အတွက်​ စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ကို တက္ကသိုလ်တစ်ခုခုကဘွဲ့ရရှိပြီးသူတိုင်း ဘွဲ့လွန်သင်တန်းတွေအထိ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိပြီးသူများလည်း ဘွဲ့ လွန်သင်တန်းတွေ ဆက်လက်လေ့လာဆည်းပူးနိုင်တဲ့အခွင့်အလမ်းတွေ ရရှိစေမှာပါ။”ဟု  ရတနာပုံတက္ကသိုလ်  စာကြည့်တိုက်နှင့် သုတပညာဌာနမှ ပါ​မောက္ခဌာနမှူးက ​ပြောသည်​။

အဆိုပါ သင်တန်းကို ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအပြင် အခြားတက္ကသိုလ်အသီးသီးမှ တက္ကသိုလ်စာ ကြည့်တိုက်ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် စာကြည့်တိုက်ဝန်ထမ်းများလည်း တက်ရောက်နိုင်သည့် နေ့သင်တန်းဖြစ်ပြီး ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလကို အချိန်ပြည့်တက်ရောက်ရမည် ဖြစ်သည်။

ရေးဖြေစာမေးပွဲအောင်မြင်ပြီးပါက စာကြည့်တိုက်လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေရန် တက္ကသိုလ်စာ ကြည့်တိုက်များတွင် (၆)လ လုပ်ငန်းခွင်လက်တွေ့သင်တန်းဆင်းပြီး ယင်းကာလအတွင်း ဘွဲ့လွန်ဒီပလိုမာစာ တမ်းပြုစုကြရမည်ဖြစ်​ကြောင်း သိရသည်​။

စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် သင်တန်းအမှတ် စဉ်(၁) စတင်ဖွင့်လှစ်ပို့ချခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်တန်းအမှတ်စဉ်(၂)နှင့်​  ယခုအကြိမ်​သည်​ အမှတ်​စဉ်​(၃)ဖြစ်​ကြောင်း သိရသည်။

 

Check Also

ရန်ကုန်တိုင်းဒေသကြီး၌ စတုတ္ထတန်းနှင့် အဌမတန်း အောင်ချက်ရာခိုင်နှုန်း ၉၉ ရာခိုင်နှုန်းကျော်ရှိ

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ ဧပြီ ၂၃ ရက်။ ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဌမတန်းတို့၏ အောင်ချက်ရာခိုင်နှုန်းမှာ ၉၉ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း …