Wednesday , January 10 2018
Home / သတင်း / မှုခင်းသတင်း / မြောင်းမြမြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်ခဲ့သူအား တစ်လကြာသည်အထိ ဖမ်းမမိသေး

မြောင်းမြမြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်ခဲ့သူအား တစ်လကြာသည်အထိ ဖမ်းမမိသေး

 

မျိုးမင်းထွန်း (မြစ်မခ)

မြောင်းမြ၊ ဇန်နဝါရီ ၁၀ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာလ ၁၀ ရက်ကဖြစ်ပွားခဲ့သော  (၃) လောင်းပြိုင် လူသတ်မှု ကျူးလွန်ထွက်ပြေးလွှတ်မြောက်နေသူကို ဇန်နဝါရီ ၁ဝ ရက် တစ်လကြာသည်အထိ ဖမ်းဆီးမရမိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

တောင်ကလေးကျေးရွာတွင် နေထိုင်သည့် သန်းဇော်သည် ဇနီးဖြစ်သူ မတင်တင်ဆန်းနှင့် စကားများပြီး သတ်ဖြတ်ခဲ့ကာ ဝင်ရောက်ဖြန်ဖြေသည့် ခြံဝန်းတစ်ခုထဲတွင် အတူနေထိုင်သည့် ယောက္ခမဖြစ်သူ ဒေါ်ခင်ရီနှင့် တူဖြစ်သူ မောင်လင်းလင်းထိုက်တို့ကိုပါ ဓါးဖြင့်ထပ်မံခုတ်သတ်ခဲ့ပြီး ထွက်ပြေးလွှတ်မြောက်နေခြင်းဖြစ်ကြောင်း ဓါးဖြင့် ခုတ်ခံရသူတစ်ဦးဖြစ်သည့် ခယ်မဖြစ်သူ မစန္ဒာဦးမှာ ဓါးဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

“အခုက ဧရာဝတီတိုင်းဒေသကြီးနဲ့ နီးစပ်ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ပါ အကြောင်းကြား ချိတ်ဆက် ဆောင်ရွက်နေပါတယ် သူရဲ့ညီအစ်ကိုမောင်နှစ်မတွေလည်း ရှိတဲ့အတွက် တရားခံပြေးကိုလက်ခံထားရင် ပြစ်မှု မြောက်တယ်ဆိုတာနဲ့ တွေ့ရင် တွေ့သလို နီးစပ်ရာအုပ်ချုပ်ရေးမှူး ရဲတပ်ဖွဲ့မှူးတွေဆီ အကြောင်းကြားပေးဖို့ ဖုန်းနံပါတ်တွေပေးထားတယ်။” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

သန်းဇော်သည် ပြင်စလူမြို့တွင်နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတွင် ဇနီးနှင့်သားသမီးများ သေဆုံးပြီးနောက် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာမှ မတင်တင်ဆန်းနှင့် ထပ်မံအိမ်ထောင်ပြုခဲ့ပြီး လာရောက်နေထိုင်ရင်း ပြစ်မှုကျူလွန်ခဲ့သူဖြစ်ပြီး ၎င်း၏ ဓါတ်ပုံကိုလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ဖြန့်ဝေထားကာ တရားခံပြေးလက်ခံထားပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၆ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“သန်းဇော်က လပွတ္တာဘက်မှာနေရင်း အိမ်ထောင်ကျပြီး ဒီမှာလာနေတာ ရွာကလည်း မြောင်းမြမြို့နဲ့ ၁၀ မိုင်လောက်ဝေးတာရယ် သူတို့မိသားစုတွေက ရွာနဲ့ခပ်လှမ်းလှမ်းမှာ သီးသန့်စုနေသလိုမျိုးဆိုတော့ လူသတ်မှု ဖြစ်ပြီး နည်းနည်းကြာမှ ရဲတပ်ဖွဲ့ကို အကြောင်းကြားတော့ သန်းဇော်ကထွက်ပြေးချိန်ရသွားတာပါ။”ဟု  တောင်ကလေးကျေးရွာနေ ဦးသက်ပိုင်စိုးက ပြောသည်။

ဖြစ်စဉ်အရ လူ ၃ ဦးအားသတ်ဖြတ်ခဲ့သူ သန်းဇော်(၄၅)နှစ်အား မြောင်းမြမြို့မ ရဲစခန်းမှ (ပ)၆၂၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ၃၂၆ တို့ဖြင့် အမှုဖွင့်ကာ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

Check Also

ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အမျိုးသမီးအမှုတွင် သံသယတရားခံ (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အသက်(၂၀)ဝန်းကျင်အမျိုးသမီးအမှုမှ သံသယရှိသူ တရားခံ(၂)ဦးကို ဒီဇင်ဘာ ၂၆ …