Thursday , October 18 2018
Home / သတင်း / မှုခင်းသတင်း / ပဲခူးတိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း သစ်ခိုးထုတ်သူများမှ သစ်တောဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်သည့် အကြိမ်အရေအတွက်နည်းလာ

ပဲခူးတိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း သစ်ခိုးထုတ်သူများမှ သစ်တောဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်သည့် အကြိမ်အရေအတွက်နည်းလာ

 

မျိုးမြတ်(မြစ်မခ)

ပဲခူး၊ ဇန်နဝါရီ ၁၀ ရက်။

ပဲခူးတိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်သူများ ဖမ်းဆီးရာတွင် သစ်ခိုးထုတ်သူများမှ သစ်တောဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်သည့် အကြိမ်အရေအတွက် နည်းလာကြောင်း ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးမှ သိရှိရသည်။

၂၀၁၆ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးရိုးမရှိ သစ်များအား တရားမဝင်ခိုးယူသယ်ဆောင်မှုများကို ဖမ်းဆီးရာတွင် သစ်တောဝန်ထမ်းများအား ရန်ပြုတိုက်ခိုက်သည့်အကြိမ်အရေအတွက် (၁၆) ကြိမ်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တရားမဝင်သစ်များဖမ်းဆီးနိုင်ရန် သစ်တောရဲအင်အား(၇၅)ဦး ထပ်မံဖြည့်ဆည်းနိုင်ခဲ့သဖြင့် သစ်ခိုးယူသူများမှ ရန်ပြုတိုက်ခိုက်သည့် အကြိမ်အရေအတွက် (၁၀)ကြိမ်သာရှိခဲ့ကြောင်း သိရသည်။

“အရင်နှစ်ထက်စာရင် သစ်ဖမ်းဆီးရမိမှုဟာ ဖိဖိစီးစီးဆောင်ရွက်နိုင်တဲ့အတွက် သစ်တန်ရေလျော့ကျခဲ့ပါတယ်။ သစ်ခိုးထုတ်နိုင်တဲ့ ထွက်ပေါက်တွေကိုလည်း စစ်ဆေးရေးဂိတ်တွေထားထားသလို စီမံချက်နဲ့လည်း တောထဲမှာ လုံခြုံရေးအင်အား ဖြည့်နိုင်လို့ ရန်ပြုမှုတွေနည်းလာပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောသည်။

ယခင်က သစ်ခိုးမှုသွားဖမ်းပါက သစ်တောဝန်ထမ်းအင်အားနည်းခဲ့ခြင်းကြောင့် သစ်ခိုးထုတ်သူများ၏ ရန်ပြု တိုက်ခိုက်သဖြင့် လက်ထောက်ညွှန်မှူးအဆင့်ပင် ဒဏ်ရာရဆေးရုံတင်ရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးမှ သိရသည်။

“အခုဥပဒေက သစ်ခိုးသူတွေကို ထိထိရောက်ရောက်အရေးယူနိုင်တဲ့ ဥပဒေမရှိပါဘူး။ တရားမဝင်သစ် ကားတွေမိတယ်။ အခုချိန်အထိ သိမ်းဆည်းခြင်းမရှိပါဘူး။ တရားမဝင်သစ်လုပ်တဲ့သူတွေကို ဒဏ်ငွေ ဆောင်ခိုင်းတဲ့ အဆင့်ပဲရှိနေတယ်။ ဒေသခံတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ပေးသင့်တယ်။ ဒါမှ သစ်ခိုးမှုတွေလျော့ကျသွားပါမယ်။ သစ်တောဥပဒေကို ပြန်လည်ရေးဆွဲဖို့ကြိုးစားနေပါတယ်။”ဟု ဦးဇော်ဝင်းမြင့်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်အတွင်း တရားမဝင်သစ်များဖြစ်သည့် ကျွန်း၊ သစ်မာနှင့် အခြားသော သစ်များ ဖမ်းဆီးရမိသည့် တန်(၅၇၄၇.၆၆)တန်၊ သစ်ခိုးထုတ်ရာတွင်အသုံးပြုခဲ့သော ကား(၂၈၆) စီး၊ ထော်လာဂျီ (၆)စီး၊ ဆိုင်ကယ်(၁၄၁)စီး၊ စက်လှေ(၂၀)စီး၊ သစ်ခိုးထုတ်သော တရားခံ(၇၉၃)ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

 

Check Also

ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အမျိုးသမီးအမှုတွင် သံသယတရားခံ (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အသက်(၂၀)ဝန်းကျင်အမျိုးသမီးအမှုမှ သံသယရှိသူ တရားခံ(၂)ဦးကို ဒီဇင်ဘာ ၂၆ …