Thursday , October 18 2018
Home / သတင်း / မှုခင်းသတင်း / ဖြူးမြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ သစ်(၁၁၃) တန်ကျော် ဖမ်းဆီးရမိ

ဖြူးမြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ သစ်(၁၁၃) တန်ကျော် ဖမ်းဆီးရမိ

 

ကျော်မျိုးထွဋ် (မြစ်မခ)

ကညွတ်ကွင်း၊ ဇန်နဝါရီ ၁၀ ရက်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ သစ်(၁၁၃) တန်ကျော် ဖမ်းဆီး ရမိခဲ့ရာ သစ်မာအမျိုးအစားမှာ အများဆုံးဖြစ်ကြောင်း ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

“တောထဲမှာ ဖမ်းဆီးရတာများတဲ့အတွက် တောထဲဆိုတော့ ကိုယ်ပိုင်အဆောက်အအုံ မဟုတ်ဘူး အများသူငါ ဝင်ထွက်သွားလာလို့ရတဲ့နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးရတဲ့အတွက် ပိုင်ရှင်နဲ့အတူတကွ ဖမ်းဆီးဖို့ရာ အင်မ တန် ခဲယဉ်းပါတယ်။ ဝင်လာပြီဆိုတာ အသံကြားလိုက်တာနဲ့ အလွယ်တကူရှောင်တိမ်းလို့ရတာဖြစ်တဲ့အတွက် ပိုင်ရှင်မဲ့တွေပဲ ဖမ်းမိတာဖြစ်တယ်။ မြို့ပေါ်မှာဝင်ရောက် ဖမ်းဆီးတာနည်းပြီး တောထဲမှာဝင်ရောက် ဖမ်းဆီးတာ များတာကြောင့် ပိုင်ရှင့်မဲ့များတာဖြစ်တယ်။”ဟု ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။    

ဖြူးမြို့နယ်အတွင်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် သစ်ဖမ်းဆီးရမိမှု (၈၉)မှုမှ သစ်(၁၄၆) တန်ကျော်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း သစ်ဖမ်းဆီးရမိမှု (၁၂၂)မှုမှသစ်(၂၀၈)တန်ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဖမ်းဆီရမိတဲ့ သစ်တွေကို မြန်မာ့သစ်လုပ်ငန်းကို လွှဲပြောင်းဖို့စီမံတယ်။ မြန်မာ့သစ်လုပ်ငန်းက ယူ၊ မယူ ၂၀ ရက်စောင့်တယ် မယူရင်တိုင်းဒေသကြီးအစိုးရနဲ့ ချိတ်ဆက်ပြီး ကျွန်း၊ ပိတောက်၊ တမလန်း ကလွဲလို့ အခြား သစ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိုနှိုင်းပြီးတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ဖို့ သစ်ထုတ်လုပ် ရေးဆောင်ရွက်သူများအသင်းနဲ့ ချိတ်ဆက်ပြီးတော့ လုပ်တာရှိသလို ဌာနအသုံးကတော့နည်းပါတယ်။” ဟု ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံး သစ်ထုတ်လုပ်မှုကို ၂၀၁၇ ခုနှစ် (၁)နှစ်ရပ်နားထားပြီး ပဲခူးရိုးမမှ သစ်ထုတ်လုပ်မှုကို ၂၀၁၇ ခုနှစ်မှ စတင်ကာ (၁၀)နှစ် ရပ်နားထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ သိရသည်။

 

Check Also

ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အမျိုးသမီးအမှုတွင် သံသယတရားခံ (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အသက်(၂၀)ဝန်းကျင်အမျိုးသမီးအမှုမှ သံသယရှိသူ တရားခံ(၂)ဦးကို ဒီဇင်ဘာ ၂၆ …