Friday , September 22 2017
Home / FNews / သထုံမြို့တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဓားထိုးခံရပြီး သေဆုံး

သထုံမြို့တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဓားထိုးခံရပြီး သေဆုံး

 

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ သြဂုတ် ၄ ရက်။

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်ရှေ့တွင် သြဂုတ် ၃ ရက်၊ ည(၁၁း၀၀)နာရီချိန်ခန့်က ရဲတပ်သားတစ်ဦး ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရှိရသည်။

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်က သထုံမြို့၊ အောက်ကျင်းရပ်ကွက်သား သူ့တာဝန်ချိန်ပြီးတော့ သူအိမ်ကိုပြန်တယ်။ သူ့ညီအစ်ကိုတွေနဲ့ လက်ဖက်ရည်သောက်ပြီးတော့ စခန်းပြန်လာတဲ့အချိန်မှာ ရွှေစာရံဘုရားရှေ့လောက်ရောက် တော့ သူတို့ဆိုင်ကယ်နဲ့အတူ လူငယ်(၃)ဦးစီးလာတဲ့ဆိုင်ကယ်က ယှဉ်မောင်းလာတာ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဂျိုကြည့် ကြည့်ကြတယ်ပေါ့။ ဖြစ်တဲ့နေရာရောက်တော့ လူငယ်အဖွဲ့ကတစ်ယောက်က ဓားနဲ့ထိုးသွားတာ ရန်ငြိုးရန်စ လည်းမရှိဘဲ ဖြစ်သွားတာ။ ဓားနဲ့ထိုးသွားတဲ့အဖွဲ့ကိုတော့ လောလောဆယ် မမိသေးပါဘူး။ ဖမ်းဆီးနိုင်ဖို့ စုံစမ်း နေဆဲပါ။”ဟု သထုံမြို့မ ရဲစခန်းမှူး ဒုတိယ ရဲမှူး မောင်မောင်က ပြောသည်။

သထုံမြို့နေသူများဖြစ်သည့် ရဲတပ်သား ချစ်မိုးဦး(၁၉)နှစ်မှာ ညီအစ်ကိုဝမ်းကွဲများဖြစ်သော နေမင်းထွန်း(၂၅) နှစ်၊ ထွန်းမင်းနိုင်(၁၉)နှစ်တို့နှင့်အတူ မော်လမြိုင်-ရန်ကုန်ကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် စတိုးဆိုင်ရှေ့အရောက် နောက်မှလူငယ်(၃)ဦးလိုက်ပါလာကာဆိုင်ကယ်ကို အရှေ့မှပိတ်ရပ်၍ လူငယ်တစ်ဦးက ဓားဦးချွန်ဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ရဲတပ်သား ချစ်မိုးဦးတွင် ဝဲနံကြားထိုးသွင်းဒဏ်ရာတစ်ချက်ရရှိသွားသဖြင့် သထုံခရိုင်ဆေး ရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့်ထိုးခဲ့သူများကို သထုံမြို့မ ရဲစခန်းက (ပ)၇၇၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …