Friday , September 22 2017
Home / FNews / ရေပူစစ်ဆေးရေးစခန်းကိုမဖြတ်တော့ဘဲ အနီးရှိရွာတွင် ရပ်ထားသည့် သစ်ကားများ ဖမ်းဆီးရမိ

ရေပူစစ်ဆေးရေးစခန်းကိုမဖြတ်တော့ဘဲ အနီးရှိရွာတွင် ရပ်ထားသည့် သစ်ကားများ ဖမ်းဆီးရမိ

နောင် (မြစ်မခ)

လားရှိုး၊ ဇူလိုင် ၁၂ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းအနီးရှိ ရွာတစ်ရွာတွင်ရပ်ထားသော ကုန်တင် ခြောက်ဘီးယာဉ် နှစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ရှိသူများသည် တရားမဝင်သစ်များတင်ဆောင်လာသော ယာဉ်များ ဖြတ်သန်းသွားကြောင်းသတင်းအရ စောင့်ဆိုင်းနေသော်လည်း ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာမှ ဇူလိုင် ၁၁ ရက်၊ ညပိုင်းတွင်တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သစ်ကားနှစ်စီး လားရှိုးဘက်ကနေထွက်လာတယ်လို့ သတင်းရတယ်။ စခန်းမှာ စောင့်နေကြတယ်။ သတင်း ပေးချက်အရ မိုင်းလီရွာကိုကျော်လာပြီလို့ သိရတယ်။ တစ်ဖွဲ့က မိုင်းလီရွာအထိသွားရှာတယ်။ ကျန်တာက ဒီစ ခန်းမှာစောင့်နေတယ်။ သူတို့တွေကလည်း ရှေ့ပြေးတွေနဲ့လာတာဆိုတော့ ဒီမှာစောင့်နေတာကိုသိသွားပြီး ဆက်မလာတော့ဘဲနဲ့ မိုင်းလီရွာအကျော်က ရွာတစ်ရွာထဲမှာ ကားရပ်ထားခဲ့တာ၊ ကားတွေကိုတွေ့ပြီး ဖမ်းခဲ့တာ ပါ။’’ဟု ရေပူစစ်ဆေးရေးစခန်းတာဝန်ခံ ဦးတက်ထွန်းအောင်ကပြောသည်။

အဆိုပါယာဉ်နှစ်စီးပေါ်တွင် သစ်ခေါက်အတိုအစများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ပိတောက်သစ်များကို တွေ့ရှိခဲ့ရပြီး ယာဉ်နှစ်စီးအား လားရှိုးသစ်တောရုံးသို့ ပို့ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်တွင် လိုင်စင်ရှိ၊ မရှိလည်း က.ည.နရုံးဌာနနှင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

အလားတူ ဇူလိုင် ၉ ရက်တွင်လည်း တရားမဝင်ပိတောက်သစ်များကို ဘီယာဖာများဖြင့် ဖုံးအုပ်သယ်ဆောင်လာ သော တွဲကား(၁)စီး၊ (၁၂)ဘီးကား(၃)စီး၊ ဘောက်ကား(၁)စီး ဖမ်းဆီးရမိခဲ့ကြောင်း ရေပူစစ်ဆေးရေးစခန်းမှ သိရသည်။

 

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …