Saturday , May 27 2017
Home / FNews / (၁၄) နှစ်အရွယ်ကလေးအား ရေနွေးပူဖြင့် လောင်းသည့် အလုပ်ရှင်ကို အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်ချမှတ်

(၁၄) နှစ်အရွယ်ကလေးအား ရေနွေးပူဖြင့် လောင်းသည့် အလုပ်ရှင်ကို အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်ချမှတ်

ချိုမာအောင် (မြစ်မခ)

မော်လမြိုင်၊ မေ (၁၉)ရက်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၁၄)နှစ်အရွယ်ကလေးအား လိမ္မော်သီးခိုးစားသည်ဟုဆိုကာ ရေနွေးပူဖြင့် လောင်းသည့် အလုပ်ရှင်ကို မော်လမြိုင်မြို့နယ် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။

အရေပြားအထူးကုဆရာဝန်၏ မှတ်ချက်အရ ကလေးငယ်မှာ ရေနွေးပူဖြင့် လောင်းခံရခြင်းကြောင့် အမြဲတမ်း ရုပ်ပျက်ဆင်းပျက်ဖြစ်နိုင်သဖြင့် ပြစ်မှုကျူးလွန်သူအား မြို့နယ်တရားရုံး၏ စီရင်ပိုင်ခွင့် အာဏာအရ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်နှင့် ပုဒ်မ ၃၂၃ အရ အလုပ်နှင့် ထောင်ဒဏ်(၁)နှစ် တစ်ပေါင်းတည်း ကျခံစေရန် မေ ၁၈ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

“ထောင်ဒဏ် (၇)နှစ်ချတာက ကျွန်တော်တို့မြို့နယ်တရားသူကြီးရဲ့ အမြင့်ဆုံးပါဝါပဲဖြစ်တယ်။ ဒါကြောင့် ဒီအမှု ကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တာပဲဖြစ်တယ်။ ချုပ်ရက်တွေကိုတော့ ထုတ်နုတ်ခံစားစေဖို့လည်း အမိန့်ချမှတ်ခဲ့ တယ်။”ဟု မော်လမြိုင်မြို့နယ် တရားသူကြီး ဦးစိုးမင်းက ပြောသည်။

မြို့နယ်တရားသူကြီးမှ အမိန့်ချမှတ်လိုက်ခြင်းသည် စွဲချက်တင်သည့် ပုဒ်မအတိုင်း အမိန့်ချမှတ်ခြင်းဖြစ်ရာ အဆိုပါ အမိန့်ချမှတ်ခြင်းကို ကျေနပ်မှု မရှိပါက ပြစ်ဒဏ်တိုးပြင်ဆင်မှု တက်ရောက်နိုင်သော်လည်း ပြင်ဆင်မှု တက်မည်၊ မတက်မည်ကို တရားလိုနှင့် တရားလိုဖက်မှ ကူညီလိုက်ပါဆောင်ရွက်ပေးနေသူများနှင့် ဆွေးနွေး တိုင်ပင်သွားမည်ဖြစ်ကြောင်း မော်လမြိုင်တရားမျှတမှု စင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မင်းဆန်းက ပြောသည်။

မော်လမြိုင်မြို့၊ တက္ကသိုလ်ကျောင်းဝန်းရှိ အမျိုးသားဘော်ဒါဆောင်၌ ထမင်းချက်လုပ်ငန်းအား ကန်ထရိုက်ယူ လုပ်ကိုင်သူ မအေးအေးစိုး အသက်(၃၈)နှစ်က ၎င်းနှင့် အလုပ်ဝိုင်းကူလုပ်ပေးနေသည့် (၁၄)နှစ်အရွယ် မိန်း ကလေးတစ်ဦးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က လိမ္မော်သီး(၂)လုံးပျောက်သည်ကို အကြောင်းပြု၍ ဓာတ် ဘူး(၂)လုံး၌ထည့်ထားသည့် ရေနွေးပူဖြင့်လောင်းခြင်း၊ ထင်းစဖြင့် ဦးခေါင်းကိုရိုက်နှက်ခြင်းများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ပြုလုပ်ခြင်းကြောင့် (၁၄)နှစ်အရွယ်မိန်းကလေးမှာ ဝဲဘက်ပုခုံးမှ တင်ပါးအောက်အထိ ရေနွေးပူလောင် ဒဏ်ရာများ၊ ခန္ဓာကိုယ်အရှေ့ဘက်ခြမ်းဝဲယာပုခုံးမှ လက်မောင်းအထိ ရေနွေးပူလောင်ဒဏ်ရာများ၊ ဝဲယာပေါင် ခြံတွင် ရေနွေးပူလောင်ဒဏ်ရာများ၊ ဦးခေါင်းဝဲဘက်ချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ (၁၄)နှစ်အရွယ်မိန်းကလေး၏အဒေါ်ဖြစ်သူ ဒေါ်လှကြည်(ခ)ဒေါ်ပုမှ ၂၀၁၆ ဒီဇင် ဘာ ၂၇ ရက် တွင် မုပွန်နယ်မြေရဲစခန်း၌ တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ရဲစခန်းမှအပြင်းအထန်နာကျင်စေမှု ပုဒ်မ- ၃၂၆ အရ အမှုဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် မော်လမြိုင်မြို့နယ်တရားရုံးသို့ တရားစွဲ ဆိုတင်ပို့ခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း ကလေးသူငယ်ဖြစ်ရပ်အမှုပေါင်း(၇၀)ရှိခဲ့ရာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုနှင့် ရုပ်၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်များသည် အများဆုံးဖြစ်ခဲ့ကြောင်း မွန်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ သိရသည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …