Wednesday , September 27 2017
Home / FNews / မူဆယ်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုနှင့် နေအိမ်တွဲလျက်အဆောက်အဦးတစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

မူဆယ်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုနှင့် နေအိမ်တွဲလျက်အဆောက်အဦးတစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

နောင် (မြစ်မခ)

မူဆယ်၊ မေ (၁၇) ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုနှင့် နေအိမ်တွဲလျက် အဆောက်အဦး တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်သား(၂)ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဟိုမွန်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိအဆောက်အဦးသည် မေ ၁၇ ရက်၊ နံနက်(၂)နာရီ(၄၅)မိနစ်ခန့် တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ပုဂ္ဂလိက ဘဏ်အပါအဝင် နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“မီးကတော့ ပေါ့ဆမီးပါ။ မီးခိုးမွှန်ပြီးတော့ (၂)ဦးသေဆုံးသွားပါတယ်။ ဘေးအိမ်ကို မကူးသွားပါဘူး။ (၃)နာရီ ကျော်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ (၂)နာရီ(၅၅)မိနစ်လောက်မှာ မီးညွန့်ကျိုးသွားပါတယ်။’’ဟု မူဆယ် ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းစိုးက ပြောသည်။

မီးလောင်ရာသို့ မီးသတ်ကားများ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ဘေးရှိနေအိမ်များကို မီးကူးစက်ခြင်း မရှိဘဲ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဦးထွန်းထွန်းစိုးက ပြောသည်။

“သူတို့ရဲ့အိမ်သားတွေ ပြောပြချက်အရနဲ့ မီးသတ်ဦးစီးတို့ စစ်ဆေးတွေ့ရှိချက်အရ ရေခဲသေတ္တာက ရှော့ဖြစ်ပြီး လောင်တာလို့ စစ်ဆေးပါတယ်။ မီးဖိုချောင်က အနောက်မှာရှိတာပါ။’’ဟု မူဆယ်မြို့မရဲစခန်းမှူးမှ ဒုတိယရဲမှူး ဦးအေးမြင့်ကပြောသည်။

မီးပေါ့ဆစွာအသုံးပြုခြင်းကြောင့် မီးလောင်သွားခဲ့သဖြင့် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ဟ-၃/၈၉ နေ အိမ်ရှင် ဒေါ်နန်းခေါန်အား မူဆယ်မြို့မရဲစခန်းမှ (ပ)၁၇၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …